top of page

ဝိနည်းဓမ္မကံအဓိကရုဏ်းမှုခင်းများဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာဥပဒေ

[ ၀၃.၀၇.၁၉၈၀ ] [ ၀၃.၀၇.၁၉၈၀ ] [ [၁၉၈၀ပြည့်နှစ်၊ ပြည်သူ့လွှတ်တော်ဥပဒေအမှတ် ၃] ]

ဝိနည်းဓမ္မကံအဓိကရုဏ်းမှုခင်းများဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာဥပဒေ

[၁၉၈၀ပြည့်နှစ်၊ ပြည်သူ့လွှတ်တော်ဥပဒေအမှတ် ၃]

နိဒါန်းရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ၊ မဟာပါသာဏလိုဏ်ဂူတော်ကြီး၌ ကျင်းပခဲ့သော သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေးပထမအကြိမ် ဂိုဏ်းပေါင်းစုံသံဃာ့ အစည်းအဝေးပွဲကြီးက ပြည်ထောင်စုဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော် သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းနှင့် ဝိနည်း ဓမ္မကံ အဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ရေး ဆိုင်ရာလုပ်ထုံးလုပ်နည်း တို့ကို အတည်ပြုပြဋ္ဌာန်း ခဲ့ပါသည်။ ယင်းအတည်ပြုပြဋ္ဌာန်းချက်များအနက်မှ ဝိနည်းဓမ္မကံ အဓိကရုဏ်း မှုခင်းများ ဖြေရှင်းဆုံး ဖြတ်ရေးနှင့် ပတ်သက်၍ပြည်သူ့လွှတ်တော် သည်အောက်ပါ ဥပဒေကိုပြဋ္ဌာန်း လိုက်ပါသည်။

အခန်း(၁)

အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤဥပဒေကို ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာဥပဒေ ဟုခေါ်တွင်စေ ရမည်။

၂။ ဤဥပဒေတွင် ပါရှိသော အောက်ပါစကားရပ်များသည်ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေ ရမည်။

(က) ဝိနည်းဓမ္မကံအဓိကရုဏ်းမှုခင်းဆိုသည်မှာ ဝိနည်းတရားတော်အားလျော်စွာ တရားသဖြင့်ဆောင် ရွက်အပ်သော မှုခင်းကိစ္စ များကို ဆိုသည်၊

(ခ) အဓိကရုဏ်း ဆိုသည်မှာ သမထ ၇ ပါးတို့ဖြင့် ငြိမ်းစေအပ်သော ဝိဝါဒါဓိကရုဏ်း၊ အနုဝါဒါဓိက ရုဏ်း၊ အာပတ္တာဓိကရုဏ်း၊ ကိစ္စာဓိကရုဏ်း ၄ မျိုးကို ဆိုသည်၊

(၁) သမထ ဆိုသည်မှာ နောက်ဆက်တွဲ(က)၌ ဖော်ပြထားသော အဓိကရုဏ်း အေးငြိမ်းစေကြောင်း တရား ၇ ပါးကို ဆိုသည်၊

(၂) ဝိဝါဒါဓိကရုဏ်း ဆိုသည်မှာ နောက်ဆက်တွဲ(ခ)၌ ဖော်ပြထားသော အငြင်းပွားမှု တစ်ဆယ့်ရှစ်မျိုး ကို ဆိုသည်၊

(၃) အနုဝါဒါဓိကရုဏ်း ဆိုသည်မှာ နောက်ဆက်တွဲ(ဂ)၌ ဖော်ပြထားသော စွပ်စွဲမှု ၄ မျိုးကိုဆိုသည်၊

(၄) အာပတ္တာဓိကရုဏ်းဆိုသည်မှာ နောက်ဆက်တွဲ(ဃ)၌ ဖော်ပြထားသော အာပတ်၇မျိုးတို့တွင် တစ် မျိုးမျိုးသော အာပတ်သင့်ခြင်းကို ဆိုသည်၊

(၅) ကိစ္စာဓိကရုဏ်း ဆိုသည်မှာ နောက်ဆက်တွဲ(င)၌ ဖော်ပြထားသော သံဃာ့အမှုကိစ္စ ၄ မျိုး ဆောင် ရွက်ခြင်းကို ဆိုသည်၊

(ဂ) သံဃဝိနိစ္ဆယအဖွဲ့ ဆိုသည်မှာ ဝိနည်းဓမ္မကံအဓိကရုဏ်း မူလမှုခင်းကိုဖြစ်စေ၊ အယူခံစောဒနာမှုခင်း ကိုဖြစ်စေ ကြားနာစစ်ဆေးဆုံးဖြတ်ရန် ဖွဲ့စည်းထားသော ဝိနည်းဓိုရ်ဆရာတော်များ ပါဝင်သည့်အဖွဲ့ကို ဆိုသည်၊

(ဃ) ဝိနည်းဓိုရ် ဆိုသည်မှာ ဝိနည်းတရားတော်နှင့်အညီ စစ်ဆေးဆုံးဖြတ်ရန် သံဃာတော်များက သမ္မုတိပေးသော ရဟန်းတော် ကိုဆိုသည်၊

(င) စောဒက ဆိုသည်မှာ ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းနှင့် စပ်လျဉ်းသော တစ်ဘက်စုဒိတက၏ အပြစ်ကို ထင်စွာဖော်ပြ၍ အဆုံးအဖြတ်ရယူလိုသော တရားလိုပုဂ္ဂိုလ်ကို ဆိုသည်၊

(စ) စုဒိတက ဆိုသည်မှာ ဝိနည်းဓမ္မကံ အဓိကရုဏ်း မှုခင်းနှင့်စပ်လျဉ်း၍ အပြစ်ရှိသည်ဟု အစွပ်စွဲ ခံရသော တရားပြိုင် ပုဂ္ဂိုလ် ကိုဆိုသည်၊

(ဆ) သာသနာရေးဆိုင်ရာပစ္စည်း ဆိုသည်မှာ အောက်ဖော်ပြပါ ပစ္စည်းများကို ဆိုသည်-

(၁) သက်ဆိုင်ရာဥပဒေနှင့်အညီ အာဏာပိုင်တစ်ရပ်ရပ်က သတ်မှတ်ထားသည့်သာသနာ့မြေ၊

(၂) အစဉ်အလာအရ ရှေးနှစ်ပေါင်းများစွာက သိသာထင်ရှားစွာ အများကလက်ခံထားသည့် သာသနာ့ မြေ၊

(၃) သာသနာ့မြေပေါ်တွင် ဆောက်လုပ်လှူဒါန်းထားသော သိမ်၊ ကျောင်း၊ ရေတွင်း၊ ရေကန်၊ ဇရပ် စသော အဆောက်အအုံများ၊

(၄) ရဟန်းသံဃာအား လှူဒါန်းထားသော ရဟန်းသံဃာနှင့်အပ်စပ်သည့် အသုံးအဆောင်ပစ္စည်းများ၊

(၅) စေတီတော်အားလည်းကောင်း၊ ကျောင်းအားလည်းကောင်း၊ ကျောင်းတိုက်အားလည်းကောင်း၊ နဝကမ္မအားလည်းကောင်း လှူဒါန်းထားသော ရတနာ၊ ရွှေ၊ ငွေ၊ ကြေးနှင့် ဂရုဘဏ် လဟုဘဏ် ပစ္စည်းများ။

(ဇ) ကျောင်း ဆိုသည်မှာ ရဟန်းသံဃာပိုင်ဆိုင်၍ သီတင်းသုံးနေထိုင်သော အဆောက်အအုံကို ဆိုသည်၊

(ဈ) ကျောင်းတိုက် ဆိုသည်မှာ အာရာမ် အပိုင်းအခြားတစ်ခုအတွင်းရှိ ကျောင်းအစုအဝေးကို ဆိုသည်၊

(ည) လုပ်ထုံးလုပ်နည်းများ ဆိုသည်မှာ ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးက အတည်ပြုပြဋ္ဌာန်း သော ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ဆိုသည်။

အခန်း(၂)

ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်း စစ်ဆေးခြင်း

၃။ ဝိနည်းဓမ္မကံအဓိကရုဏ်း မူလမှုခင်းကို ဖြစ်စေ၊ အယူခံစောဒနာမှုခင်းကို ဖြစ်စေ လုပ်ထုံးလုပ်နည်း များနှင့်အညီ ဖွဲ့စည်းထားသည့် သံဃဝိနိစ္ဆယအဖွဲ့များနှင့်သီးခြားဝိနည်းဓိုရ်အဖွဲ့များကသာ ဝိနည်း တရားတော်နှင့်အညီ စစ်ဆေးဆုံးဖြတ် ရမည်။

၄။ ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းကို စစ်ဆေးဆုံးဖြတ်နိုင်ရေးအတွက် လာရောက်အမှုရင်ဆိုင်ရန် ပျက်ကွက်သော စောဒကကိုသော်လည်းကောင်း၊ စုဒိတကကိုသော်လည်းကောင်း ခေါ်ယူပေးရန် သံဃဝိနိစ္ဆယအဖွဲ့က အကြောင်းကြားလာပါက သက်ဆိုင်ရာ ပြည်နယ် သို့မဟုတ် တိုင်း သို့မဟုတ် မြို့နယ်ပြည်သူ့ကောင်စီ အလုပ်အမှုဆောင်အဖွဲ့သည် ထိုသို့ ပျက်ကွက်သော စောဒက သို့မဟုတ် စုဒိတက လာရောက်အမှုဆိုင်ရန် အကြောင်းကြားစာ ထုတ်ဆင့်ပေးရမည်။

အခန်း(၃)

ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်း စစ်ဆေးနေစဉ်ကာလအတွင်း

မှုခင်းဆိုင်ရာပစ္စည်းအရပ်ရပ်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်း

၅။ ဝိနည်းဓမ္မကံအဓိကရုဏ်းမှုခင်းသည် သိမ်၊ ကျောင်း၊ ဇရပ် စသော အဆောက်အအုံတစ်ခုခုကို ပိုင်ဆိုင်လက်ဝယ်ရလိုမှုနှင့် ပတ်သက်နေလျှင်ဖြစ်စေ၊ ထိုအဆောက်အအုံများ တည်ရှိရာ ကျောင်းတိုက် တစ်ခုလုံးကို ပိုင်ဆိုင်လက်ဝယ်ရလိုမှုနှင့် ပတ်သက်နေလျှင်ဖြစ်စေ ယင်းအဆောက်အအုံနှင့်ကျောင်း တိုက်ရှိ ပုဂ္ဂိုလ်အားလုံးကိုသော်လည်းကောင်း၊ ပုဂ္ဂိုလ်တစ်ဦးဦးကိုသော်လည်းကောင်း ဖယ်ရှားရန် လိုအပ်လျှင် သက်ဆိုင်ရာ မြို့နယ်ပြည်သူ့ကောင်စီအလုပ်အမှုဆောင်အဖွဲ့က ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ပေးရမည်။

၆။ ပုဒ်မ ၅ အရ လိုအပ်၍ ပုဂ္ဂိုလ်အားလုံးကို ဖယ်ရှားရလျှင် သက်ဆိုင်ရာမြို့နယ်ပြည်သူ့ကောင်စီ အလုပ်အမှုဆောင်အဖွဲ့သည် သင့်လျော်သည့် အဖွဲ့အစည်းကိုဖြစ်စေ၊ ပုဂ္ဂိုလ်တစ်ဦးဦးကိုဖြစ်စေ ယင်း အဆောက်အအုံ သို့မဟုတ် ကျောင်းတိုက်ကို အမှုမပြီးမီ ထိန်းသိမ်းစောင့်ရှောက်ထားရန် တာဝန်ပေးအပ်နိုင် သည်။

၇။ ဝိနည်းဓမ္မကံအဓိကရုဏ်းမှုခင်းသည် ရွှေ့ပြောင်းနိုင်သောပစ္စည်းများကို ပိုင်ဆိုင်လက်ဝယ်ရလိုမှုနှင့် ပတ်သက်နေလျှင် သက်ဆိုင်ရာမြို့နယ်ပြည်သူ့ကောင်စီ အလုပ်အမှုဆောင်အဖွဲ့သည် နှစ်ဘက်အမှုသည် များ ရှေ့မှောက်တွင် စာရင်းပြုစု၍ ယင်းပစ္စည်း များကိုလိုအပ်သလို ထိန်းသိမ်းစောင့်ရှောက်ထားရမည်။

အခန်း(၄)

သံဃဝိနိစ္ဆယအဖွဲ့၏ ဆုံးဖြတ်ချက်ကို လိုက်နာစေခြင်း

၈။ စောဒက သို့မဟုတ် စုဒိတက တစ်ဦးဦးက အယူခံစောဒနာဝင်လွှာ တင်သွင်းခြင်းမရှိလျှင် လုပ်ထုံး လုပ်နည်းများတွင် သတ်မှတ်ထားသော အယူခံစောဒနာဝင်ရက် ကုန်းဆုံးပြီးနောက်သော်လည်းကောင်း၊ အယူခံစောဒနာဝင်ခဲ့လျှင် အယူခံမှုပြတ်စဲပြီးနောက်သော်လည်းကောင်း သံဃဝိနိစ္ဆယအဖွဲ့၏ ဆုံးဖြတ် ချက်ကို လိုက်နာအောင် သက်ဆိုင်ရာ မြို့နယ်ပြည်သူ့ကောင်စီ အလုပ်အမှုဆောင်အဖွဲ့က ဆောင်ရွက် ပေးရမည်။

အခန်း(၅)

အထွေထွေ

၉။ သက်ဆိုင်ရာ ပြည်နယ် သို့မဟုတ် တိုင်း သို့မဟုတ် မြို့နယ် ပြည်သူ့ကောင်စီ အလုပ်အမှုဆောင် အဖွဲ့သည် လုပ်ထုံးလုပ်နည်း များတွင်သတ်မှတ်ထားသည့် စီမံခန့်ခွဲရေးဆိုင်ရာကိစ္စများကို ဆောင်ရွက် ပေးရမည်။

၁၀။ ဤဥပဒေ အာဏာမတည်မီက ငြိမ်းပြီးဖြစ်သော အဓိကရုဏ်းမှုခင်းများကို မည်သည့် သံဃဝိနိစ္ဆယ အဖွဲ့ကမျှ လက်ခံစစ်ဆေး ဆုံးဖြတ်ခြင်း မပြုရ။

၁၁။ ဤဥပဒေ အာဏာတည်သည့်နေ့တွင် မပြီးမပြတ်ရှိနေသော ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများ ကိုလုပ်ထုံးလုပ်နည်းများဖြင့် လုပ်ပိုင်ခွင့် အပ်နှင်းထားသော သက်ဆိုင်ရာ အဖွဲ့အစည်းများက ဆက်လက် ဆောင်ရွက်ရမည်။

၁၂။ ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများကို မည်သည့် တရားရုံးတွင်မျှ တရားမကြောင်း စွဲဆိုခွင့် မရှိစေရ။

၁၃။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များ အထမြောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည် တို့ကို ဆောင်ရွက်နိုင်ရန် ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာန ဝန်ကြီးအားတာဝန်နှင့် လုပ်ပိုင်ခွင့် များ အပ်နှင်းလိုက်သည်။

(ပုံ) နေဝင်း
ဥက္ကဋ္ဌ၊
နိုင်ငံတော်ကောင်စီ၊
ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်။

ရန်ကုန်မြို့၊ ၁၃၄၂ ခုနှစ်၊ ပထမဝါဆိုလပြည့်ကျော် ၆ ရက်။
(၁၉၈၀ ပြည့်နှစ်၊ ဇူလိုင်လ ၃ ရက်။)

အမိန့်အရ၊
(ပုံ) မြကျော်၊
ညွှန်ကြားရေးမှူးချုပ်၊
နိုင်ငံတော်ကောင်စီရုံး၊
ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်။

ဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်

ဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော် ဂုဏ်အင်္ဂါအရည်အချင်း

               (၁)     အနည်းဆုံး သိက္ခာဝါ(၁၀)ဝါရှိခြင်း။

               (၂)     သီလဝန္တဖြစ်ခြင်း။

               (၃)     ပထမကြီးတန်း အောင်မြင်ပြီးဖြစ်ခြင်း။

               (၄)     စာချသက်တမ်း အနည်းဆုံး(၅)နှစ်ရှိခြင်း။

               (၅)     ပထမလတ်တန်းနှင့် ပထမငယ်တန်းဆိုင်ရာ ကျမ်းစာများကို ကျွမ်းကျင်စွာ ပို့ချဆဲဖြစ်ခြင်း။

               (၆)     မြို့ကြီးများတွင် တစ်နေ့တာပို့ချသော စာဝါများ၌ စုစုပေါင်း စာလိုက်သံဃာ အပါး ၂၀ ရှိ၍ မြို့ငယ်များနှင့် ကျေးရွာကြီးများတွင် အနည်းဆုံး ၁၅ ပါး ရှိခြင်း၊ ကျေးရွာများတွင် အနည်းဆုံး ၁၀ ပါးရှိခြင်း။

               (၇)     သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်အား ဆန့်ကျင်ဘက် မပြုသူဖြစ်ခြင်း။

               (၈)     ဝိဝါဒါဓိကရုဏ်းမှု၊ အနုဝါဒါဓိကရုဏ်းမှု ကင်းရှင်းခြင်း။

bottom of page