ပရိနိဗ္ဗာန်ပြုသော မြတ်စွာဘုရားအား ပူဇော်မှု အကျိုးရှိ မရှိ ပြဿနာ
မိလိန္ဒမင်း နှင့် အရှင် နာဂသေနတို့ အမေးအဖြေ
မေး။
''အသျှင်ဘုရား ဤတိတ္ထိတို့သည် ဤသို့ ပြောဆိုပါကုန်၏-
''မြတ်စွာဘုရားသည် ပူဇော်သက္ကာရကို အကယ်၍ သာယာသည် ဖြစ်အံ့၊ မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ပြုပြီးသူ မဟုတ်နိုင်၊ လောကသုံးပါးနှင့် စပ်ယှဉ်တွဲနေ၏၊ လောကသုံးပါး၌ အတွင်းဝင် ဖြစ်နေသေး၏၊ လောကနှင့် ဆက်ဆံနေသေး၏၊ ထို့ကြောင့် ထိုမြတ်စွာဘုရားအား ပြုအပ်သော ကျေးဇူးသည် မမြုံ၊ အကျိုးရှိ၏။
မြတ်စွာဘုရားသည် အကယ်၍ ပရိနိဗ္ဗာန်ပြုအံ့၊ လောကသုံးပါးနှင့် မယှဉ်စပ်တော့ဘဲ အလုံးစုံသော ဘုံဘဝတို့မှ လွတ်လပ်လေရကား ထိုမြတ်စွာဘုရားအား ပူဇော်ခြင်းသည် မဖြစ်နိုင်၊ ပရိနိဗ္ဗာန် စံဝင်ဇာတ်သိမ်း ခန္ဓာငြိမ်းပြီးဖြစ်၍ တစ်စုံတစ်ခုသော ပူဇော်ဖွယ်ကို မသာယာနိုင် တော့ပေ၊ မသာယာသော မြတ်စွာဘုရားအား ပြုအပ်သော ကျေးဇူးသည် မြုံ၏၊ အကျိုးမရှိ''။
ဤသို့လျှင် တိတ္ထိတို့သည် ပြောဆိုကြကုန်၏။
ဤအမေးပုစ္ဆာပြဿနာသည် အစွန်းနှစ်ဖက်ထွက်၏၊ ဤအမေးပုစ္ဆာပြဿနာသည် ရဟန္တာအဖြစ်သို့ မရောက်ကုန်သေးသောသူတို့ ဖြေဆိုရန် အရာမဟုတ်ပါ၊ ဤအမေးပုစ္ဆာပြဿနာကား ပဋိသမ္ဘိဒါပတ္တ မြတ်လှသော ပုဂ္ဂိုလ်တို့၏ အရာသာ ဖြစ်ပါ၏၊ ဤမှားယွင်းသော အယူ ကွန်ရက်ကို ဖြတ်ခွဲပယ်ဖျက်တော်မူ၍ တစ်ခုတည်းသော မှန်ကန်သော အဖို့၌ တည်ထားတော်မူပါလော့။ ဤအမေးပုစ္ဆာပြဿနာသည် အသျှင်ဘုရားသို့ ရှေးရှုရောက်လတ်ပြီ၊ နောင်လာလတ္တံ့သော ဘုရား သားတော်တို့အား သာသနာတော်မှ တစ်ပါးသော အယူရှိကုန်သော ပုဂ္ဂိုလ်တို့ကို နှိပ်ခြင်းငှါ ပညာမျက်စိကို ပေးတော်မူပါလော့''ဟု (လျှောက်၏)။
ဖြေ။
မင်းမြတ် ''မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ပြုတော်မူပြီ၊ မြတ်စွာဘုရားသည် ပူဇော်သက္ကာရကို သာလည်း သာယာတော်မမူ။ မြတ်စွာဘုရားသည် ဗောဓိပင်ရင်း၌ပင်လျှင် သာယာ တပ်မက်မှုကို ပယ်စွန့်အပ်ပြီ။ (ထိုသို့ဖြစ်သောကြောင့်) ရုပ်နာမ်အကြွင်းမရှိသော နိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန်ပြုတော်မူသော မြတ်စွာဘုရားအား အဘယ်မှာလျှင် ပူဇော်သက္ကာရကို သာယာပါတော့မည့်နည်း။ မင်းမြတ် တရားစစ်သူကြီးဖြစ်တော်မူသော အသျှင်သာရိပုတြာမထေရ်သည်- 'နတ်နှင့်တကွသော လူအပေါင်းတို့သည် ပူဇော်အပ်ကုန်သော၊ အတုမရှိသော ရှေးဘုရားတို့နှင့်သာ တူတော်မူကုန်သော ထိုမြတ်စွာဘုရားတို့သည် ပူဇော် သက္ကာရကို မသာယာကုန်၊ ဤသို့ မသာယာခြင်းကား မြတ်စွာဘုရားတို့၏ သဘောတံထွာ ဓမ္မတာပင်တည်း'ဟု ဟောအပ်ပြီ''ဟု မိန့်ဆို၏။
မေး။
''အသျှင်ဘုရား သားသည်မူလည်း အဖ၏ ဂုဏ်ကို ပြောဆိုတတ်ပါ၏။ အဖသည်မူလည်း သား၏ ဂုဏ်ကို ပြောဆိုတတ်ပါ၏။ ဤယခု အသျှင်ဘုရား တင်ပြသော စကားသည် တပါးသော အယူရှိသော ပုဂ္ဂိုလ်တို့ကို နှိပ်ခြင်းငှါ အကြောင်းမဟုတ်သေးပါ။ ဤယခု အသျှင်ဘုရား တင်ပြသော စကားသည် ကြည်ညိုဖွယ်ကို ဖော်ပြခြင်းမျှသာ ဖြစ်ပါ၏။ တိုက်တွန်းပါ၏၊ အသျှင်ဘုရားသည် ထိုနှစ်ဖက် အစွန်းထွက်သော ပြဿနာ၌ မိမိအယူ၏ တည်တံ့ခိုင်မြဲစေခြင်းငှါလည်းကောင်း၊ မိစ္ဆာကွန်ရက်ကို ဖြေရှင်းခြင်းငှါလည်းကောင်း အကျွန်ုပ်အား အကြောင်းကို ကောင်းစွာ ဟောတော်မူပါလော့''ဟု လျှောက်၏။
ဖြေ။
''မင်းမြတ် မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ပြုတော်မူလေပြီ၊ မြတ်စွာဘုရားသည် ပူဇော်သက္ကာရကို သာယာတော်မမူ။ မသာယာသည်သာဖြစ်သော မြတ်စွာဘုရား၏ ဓာတ်တော် ရတနာကို နတ်လူတို့သည် တည်ရာမှီရာပြုလျက် မြတ်စွာဘုရား၏ ဉာဏ်တော်ရတနာကို အာရုံပြုသဖြင့် ကောင်းသော အကျင့်ကို မှီဝဲကုန်သည်ဖြစ်၍ လူ, နတ်, နိဗ္ဗာန် သုံးတန်သော ချမ်းသာစည်းစိမ်တို့ကို ရရှိကုန်၏''ဟု မိန့်တော်မူ၏။
မေး။
မင်းမြတ် ဥပမာအားဖြင့် မီးပုံကြီးသည် ရဲရဲပြောင်ပြောင်တောက်လောင်၍ ငြိမ်းလေရာ၏။ မင်းမြတ် ထိုမီးပုံကြီးသည် မြက်ထင်းဟူသော လောင်စာကို သာယာသလောဟု (မေးတော်မူ၏)။
ဖြေ။
အသျှင်ဘုရား ထိုမီးပုံကြီးသည် ရဲရဲပြောင်ပြောင်တောက်လောင်နေစဉ်သော်မှလည်း မြက်,ထင်းဟူသော လောင်စာကို မသာယာပေ။ ထိုသို့ ဖြစ်ပါလျက် ငြိမ်းလေပြီးသော၊ အေးမြပြီးသော၊ စိတ်စေတနာမရှိသော မီးပုံကြီးသည် အဘယ်မှာ သာယာပါလိမ့်မည်နည်းဟု (လျှောက်၏)။
မေး။
မင်းမြတ် ထိုမီးပုံကြီးသည် ပြတ်စဲငြိမ်းအေးခဲ့သော် လောက၌ မီးသည် ဆိတ်သုဉ်းသွားသလောဟု (မေးတော်မူ၏)။
ဖြေ။
အသျှင်ဘုရား မီးသည် မဆိတ်သုဉ်းပါ၊ ထင်းသည် မီး၏တည်ရာ မီးစာဖြစ်ပါ၏။ မီးကို အလိုရှိကုန်သောသူ အားလုံးတို့သည် အသီးအခြား ယောက်ျားတို့ပြုအပ်သော မိမိ၏ အားစွမ်းလုံ့လဖြင့် ထင်းကို ဖိနှိပ်ပွတ်တိုက်ပြီးလျှင် မီးကို ဖြစ်စေ၍ ထိုမီးဖြင့် မီးနှင့်ဆိုင်ရာပြုလုပ်ဖွယ်ဖြစ်ကုန်သော အမှုကိစ္စတို့ကို ပြုလုပ်ကြပါကုန်၏ဟု (လျှောက်၏)။
မေး။
မင်းမြတ် သို့ဖြစ်လျှင် ''မသာယာသောသူအား ပြုအပ်သော ကျေးဇူးသည် မြုံ၏၊ အကျိုးမရှိ''ဟူသော တိတ္ထိတို့၏ စကားသည် အမှား စင်စစ်သာ ဖြစ်၏။
မင်းမြတ် မီးပုံကြီးသည် ရဲရဲပြောင်ပြောင်တောက်လောင်သကဲ့သို့၊ ထို့အတူ မြတ်စွာဘုရားသည် တစ်သောင်းသော လောကဓာတ်၌ ဘုရား၏ အသရေတော်ဖြင့် ထိန်လင်းတောက်ပတော်မူပြီ။ မင်းမြတ် မီးပုံကြီးသည် ရဲရဲပြောင်ပြောင်တောက်လောင်၍ ငြိမ်းလေသကဲ့သို့၊ ထို့အတူ မြတ်စွာဘုရားသည် တစ်သောင်းသော လောကဓာတ်၌ ဘုရား၏ အသရေတော်ဖြင့် ထိန်လင်းတောက်ပတော်မူပြီး၍၊ ခန္ဓာ အကြွင်းမရှိသော နိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန်ပြုတော်မူ၏။ မင်းမြတ် ငြိမ်းလေပြီးသော မီးပုံသည် မြက်, ထင်းဟူသော လောင်စာကို မသာယာသကဲ့သို့၊ ထို့အတူ (မြတ်စွာဘုရားသည်) လောကအစီးအပွါးကို သာယာခြင်းကို ပယ်တော်မူလျက် ငြိမ်းအေးလေပြီ။ မင်းမြတ် မီးပုံငြိမ်းအေးပြီးသော် လောင်စာမရှိခဲ့သော် လူတို့သည် အသီးအခြား ယောက်ျားတို့ ပြုအပ်သော မိမိ၏ အားစွမ်းလုံ့လဖြင့် ထင်းကို ပွတ်တိုက်ပြီးလျှင် မီးကို ဖြစ်စေ၍ ထိုမီးဖြင့် မီးနှင့်ဆိုင်ရာ ပြုလုပ်ဖွယ်ဖြစ်ကုန်သော အမှုကိစ္စတို့ကို ပြုလုပ်ကြကုန်သကဲ့သို့၊ ထို့အတူသာလျှင် နတ်လူတို့သည် ပရိနိဗ္ဗာန်ပြုတော်မူပြီးသော၊ သာယာခြင်း ကင်းတော်မူသော မြတ်စွာဘုရား၏ ဓာတ်တော်ရတနာကိုသာလျှင် တည်ရာပြု၍ မြတ်စွာဘုရား၏ ဉာဏ်တော်ရတနာကို အာရုံပြုသဖြင့် ကောင်းသော အကျင့်ကို မှီဝဲကုန်သည်ဖြစ်၍ လူနတ်နိဗ္ဗာန် သုံးတန်သော ချမ်းသာတို့ကို ရကုန်၏။ မင်းမြတ် ဤအကြောင်းဖြင့်လည်း ပရိနိဗ္ဗာန်ပြုတော်မူပြီးသော၊ မသာယာသည်သာလျှင်ဖြစ်သော မြတ်စွာဘုရားအား ပြုအပ်သော ကျေးဇူးသည် မမြုံ အကျိုးရှိ၏။
မင်းမြတ် ပရိနိဗ္ဗာန်ပြုတော်မူပြီးသော၊ မသာယာသည်သာလျှင်ဖြစ်သော မြတ်စွာဘုရားအား ပြုအပ်သော ကျေးဇူးသည် မမြုံ အကျိုးရှိ၏ဟူသော ဤအကြောင်းမှ ထို့ထက်အလွန် အခြားအကြောင်း တစ်မျိုးကိုလည်း နာဦးလော့။
မေး။
မင်းမြတ် ဥပမာအားဖြင့် လေပြင်းမုန်တိုင်းသည် တိုက်ခတ်၍ ကင်းပြတ် ငြိမ်းစဲရာ၏၊ မင်းမြတ် ကင်းပြတ်ငြိမ်းစဲပြီးသော လေသည် နောင်တစ်ဖန် ဖြစ်စေခြင်းကို သာယာပါသလောဟု (မေးတော်မူ၏)။
ဖြေ။
အသျှင်ဘုရား ကင်းပြတ်ငြိမ်းစဲပြီးသော လေ၏ တစ်ဖန် ဖြစ်စေခြင်းငှါ နှလုံး သွင်းခြင်းသည်လည်းကောင်း၊ စိတ်ထားပြုခြင်းသည်လည်းကောင်း မရှိပါ။ အဘယ်အကြောင်းကြောင့် နည်းဟူမူ ထိုဝါယောဓာတ်သည် စေ့ဆော်မှု လုံ့လဗျာပါရမရှိသောကြောင့်ပါတည်း။
မေး။
မင်းမြတ် ထိုသို့ပင် နှလုံးသွင်းမှု မရှိသော်လည်း ကင်းပြတ်ငြိမ်းစဲပြီးသော ထိုလေ၏ လေဟူသော အမည်သည် ကင်းပျောက်ရာသလောဟု (မေးတော်မူ၏)။
ဖြေ။
အသျှင်ဘုရား လေဟူသော အမည်သည် မကင်းမပျောက်ပါ၊ ယပ်ဝန်း ယပ်တောင်တို့သည် လေဖြစ်ခြင်း၏ အကြောင်းတို့ပါတည်း၊ အလွန်ပူကုန်သော၊ ပူအိုက်ခြင်း နှိပ်စက်ခံရကုန်သော လူအားလုံးတို့သည် ယပ်ဝန်းဖြင့်လည်းကောင်း၊ ယပ်တောင်ဖြင့်လည်းကောင်း အသီးအခြား ယောက်ျားတို့ ပြုအပ်သော မိမိ၏ အားစွမ်းလုံ့လဖြင့် ထိုလေကို ဖြစ်စေလျက် ထိုလေဖြင့် အပူကို ငြိမ်းအေးစေပါကုန်၏။ အအိုက်ကို ပြေပျောက်စေပါကုန်၏ဟု (လျှောက်၏)။
မင်းမြတ် သို့ဖြစ်လျှင် ''သာယာခြင်း ကင်းတော်မူသော မြတ်စွာဘုရားအား ပြုအပ်သော ကျေးဇူးသည် မြုံ၏ အကျိုးမရှိ''ဟူသော တိတ္ထိတို့၏ စကားသည် မှား၏။
မင်းမြတ် လေပြင်းမုန်တိုင်းတိုက်ခတ်သကဲ့သို့၊ ထို့အတူသာလျှင် မြတ်စွာဘုရားသည် တစ်သောင်းသော လောကဓာတ်၌ အေးမြသာယာသိမ်မွေ့နူးညံ့သော မေတ္တာတော်လေဖြင့် တိုက်ခတ်တော်မူ၏။
မင်းမြတ် လေမုန်တိုင်းသည် တိုက်ခတ်၍ ကင်းပြတ်ငြိမ်းစဲသကဲ့သို့၊ ထို့အတူသာလျှင် မြတ်စွာဘုရားသည် အေးမြသာယာ သိမ်မွေ့ နူးညံ့သော မေတ္တာတော်လေဖြင့် တိုက်ခတ်တော်မူ၍၊ ခန္ဓာအကြွင်းမရှိသော နိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန်ပြုတော်မူလေပြီ။ မင်းမြတ် ကင်းပြတ်ငြိမ်းစဲပြီးသော လေသည် နောင်တစ်ဖန် ဖြစ်စေခြင်းကို မသာယာသကဲ့သို့၊ ထို့အတူသာလျှင် လောက၏ အစီးအပွါးဖြစ်တော်မူသော မြတ်စွာဘုရားသည် သာယာခြင်းကို ပယ်တော်မူအပ်ပြီ၊ ကင်းပြတ်ငြိမ်းစဲပြီ။ မင်းမြတ် ထိုလူတို့သည် အပူဖြင့် ပူလောင်ကုန်သည်၊ အအိုက်ဖြင့် နှိပ်စက်ခံရကုန်သည် ဖြစ်ကုန်သကဲ့သို့၊ ထို့အတူသာလျှင် နတ်လူတို့သည် လောဘ၊ ဒေါသ၊ မောဟတည်းဟူသော မီးသုံးမျိုးတို့၏ ပူလောင်အိုက်စပ်ခြင်းဖြင့် နှိပ်စက်ခံရကုန်၏။ ယပ်ဝန်း, ယပ်တောင်တို့သည် လေဖြစ်ခြင်း၏ အကြောင်းဖြစ်ကုန်သကဲ့သို့၊ ထို့အတူသာလျှင် မြတ်စွာဘုရား၏ ဓာတ်တော်သည်လည်းကောင်း၊ ဉာဏ်တော်ရတနာသည်လည်းကောင်း လူနတ်နိဗ္ဗာန်သုံးတန်သော ပြည့်စုံခြင်းတို့ကို ရခြင်းငှါ အကြောင်းအထောက်အပံ့သည် ဖြစ်၏။ လူတို့သည် အပူဖြင့် ပူလောင်ကုန်သည်၊ အအိုက်ဖြင့် နှိပ်စက်ခံရကုန်သည်ဖြစ်၍ ယပ်ဝန်းဖြင့်လည်းကောင်း၊ ယပ်တောင်ဖြင့်လည်းကောင်း လေကို ဖြစ်စေ၍ အပူကို ငြိမ်းအေးစေကုန်သကဲ့သို့၊ အအိုက်ကို ပြေပျောက်စေကုန်သကဲ့သို့၊ ထို့အတူသာလျှင် နတ်လူတို့သည် ပရိနိဗ္ဗာန်ပြုတော်မူသော၊ မသာယာသည်သာ ဖြစ်တော်မူသော မြတ်စွာဘုရား၏ ဓာတ်တော်ကိုလည်းကောင်း၊ ဉာဏ်တော်ရတနာကိုလည်းကောင်း ပူဇော်၍ ကုသိုလ်ကို ဖြစ်စေလျက် ထိုကုသိုလ်ဖြင့် လောဘ၊ ဒေါသ၊ မောဟတည်းဟူသော မီးသုံးမျိုးတို့၏ ပူလောင်အိုက်စပ်ခြင်းကို ငြိမ်းစေကုန်၏၊ အေးစေကုန်၏။ မင်းမြတ် ဤသို့သော အကြောင်းဖြင့်လည်း ပရိနိဗ္ဗာန်ပြုတော်မူသော၊ မသာယာသည်သာ ဖြစ်တော်မူသော မြတ်စွာဘုရားအား ပြုအပ်သော ကျေးဇူးသည် မမြုံ အကျိုးရှိ၏။
မင်းမြတ် သူတစ်ပါးအယူတို့ကို နှိပ်ခြင်းငှါ ထို့ထက်အလွန် အခြားအကြောင်းတစ်မျိုးကိုလည်း နာဦးလော့။
မေး။
မင်းမြတ် ဥပမာအားဖြင့် ယောက်ျားသည် စည်ကို တီးခတ်၍ အသံကို ဖြစ်စေရာ၏၊ အကြင် စည်သံကို ယောက်ျားသည် ဖြစ်စေအပ်၏၊ ထိုအသံသည် ကွယ်ပျောက်ရာ၏၊ မင်းမြတ် ထိုစည်သံသည် နောင်တစ်ဖန် ဖြစ်စေခြင်းကို သာယာသေးသလောဟု မေးတော်မူ၏။
ဖြေ။
အသျှင်ဘုရား မသာယာပါ၊ ထို စည်သံသည် ကွယ်ပျောက်ပါပြီ၊ ထိုအသံအား နောင်တစ်ဖန် ဖြစ်စေခြင်းငှါ နှလုံးသွင်းခြင်းသည်လည်းကောင်း၊ စိတ်ထားခြင်းသည်လည်းကောင်း မရှိတော့ပါ၊ တစ်ကြိမ်ဖြစ်ပြီးသော စည်သံသည် ကွယ်ပျောက်သည်ရှိသော် ထိုစည်သံသည် ပြတ်စဲသွားပါ၏၊ အသျှင်ဘုရား ယင်းသို့ ပြတ်စဲပါသော်လည်း စည်သည် စည်သံဖြစ်ခြင်းအကြောင်းအထောက်အပံ့ဖြစ်ပါ၏။ ထိုသို့ဖြစ်သောကြောင့် ယောက်ျားသည် တီးခတ်ရန် အကြောင်းဖြစ်ပေါ်လတ်သော် မိမိသည် ဖြစ်စေအပ်သော လုံ့လဖြင့် စည်ကို တီးခတ်၍ အသံကို ဖြစ်စေရာ ပါ၏ဟု (လျှောက်၏)။
မင်းမြတ် ဤအတူသာလျှင် မြတ်စွာဘုရားသည် သီလ၊ သမာဓိ၊ ပညာ၊ အရဟတ္တဖိုလ်၊ ပစ္စဝေက္ခဏာဉာဏ်တော်တို့ဖြင့် ထုံအပ်သော ဓာတ်တော်(ပထိုးတော်) ရတနာကိုလည်းကောင်း၊ သုတ်၊ အဘိဓမ္မာကိုလည်းကောင်း၊ ဝိနည်းကိုလည်းကောင်း၊ အဆုံးအမတော်ကိုလည်းကောင်း ကိုယ်တော်စား ဘုရားအရာ၌ ထားခဲ့၍၊ ကိုယ်တော်သည်ကား ခန္ဓာအကြွင်းမရှိသော နိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန် ပြုတော်မူ၏။ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီးသော်လည်း လူ, နတ်, နိဗ္ဗာန်သုံးတန်သော ပြည့်စုံမှုကို ရခြင်းသည် မကင်းပြတ်၊ ဘုံသုံးပါးအတွင်း ဆင်းရဲအမျိုးမျိုးဖြင့် နှိပ်စက်ခံရကုန်သည်ဖြစ်၍ စည်းစိမ် ချမ်းသာကို အလိုရှိကုန်သော သတ္တဝါတို့သည် ဓာတ်တော်ရတနာကိုလည်းကောင်း၊ သုတ်, အဘိဓမ္မာကိုလည်းကောင်း၊ ဝိနည်းကိုလည်းကောင်း၊ အဆုံးအမတော်ကိုလည်းကောင်း အကြောင်းအထောက်အပံ့ပြု လျက် လူ, နတ်, နိဗ္ဗာန်သုံးတန်သော စည်းစိမ်ချမ်းသာတို့ကို ရကြကုန်၏။ မင်းမြတ် ဤအကြောင်းဖြင့်လည်း ပရိနိဗ္ဗာန် ပြုတော်မူသော၊ မသာယာသည်သာဖြစ်တော်မူသော မြတ်စွာဘုရားအား ပြုအပ်သော ကျေးဇူးသည် မမြုံ အကျိုး ရှိ၏။
မင်းမြတ် အနာဂတ်ကာလ၌ ဖြစ်ပေါ်လတ္တံ့သော ဤသင်မင်းမြတ် ပြဆိုသော အကြောင်းအရာကို မြင်လည်း မြင်တော်မူခဲ့ပါ၏၊ ဟောလည်း ဟောတော်မူခဲ့ပါ၏၊ မှာဆိုလည်း မှာဆိုခဲ့ပါ၏၊ ပြောကြားလည်း ပြောကြားတော်မူခဲ့ပါ၏ ''အာနန္ဒာ တရားစကားတော်သည် ဟောကြားသော ဆရာ (ဘုရား)မှ ကင်းကွာခဲ့လေပြီ၊ ငါတို့ ဆရာ (ဘုရား) သည် မရှိတော့ပြီဟု သင်တို့အား ဤသို့သော ထင်မှတ်ခြင်းဖြစ်သော်လည်း ဖြစ်ရာ၏၊ အာနန္ဒာ ဤအရာကို ဤသို့ မထင်မှတ်သင့်၊ အာနန္ဒာ ငါဟောကြားပညတ်ထားသော တရား တော်နှင့် ဝိနည်းတော်သည် ငါကွယ်လွန်သော အခါ၌ သင်တို့၏ ဆရာ(ဘုရား)ပင် ဖြစ်ပေ၏''ဟု ဟော တော်မူ၏။ ပရိနိဗ္ဗာန်ပြုတော်မူပြီးသော၊ သာယာတော်မမူသော မြတ်စွာဘုရားအား ပြုအပ်သော ကျေးဇူးသည် မြုံ၏ အကျိုးမရှိဟူသော ထိုတိတ္ထိတို့၏ စကားသည် မှားယွင်း၏၊ မမှန်ကန် ချွတ်ယွင်း၏၊ ချော်ချွတ်၏၊ ဆန့်ကျင်၏၊ ဖောက်ပြန်၏၊ ဆင်းရဲတို့ကို ပေးတတ်၏၊ ဆင်းရဲသော အကျိုးရှိ၏၊ အပါယ်သို့ လားကြောင်းဖြစ်၏။
မင်းမြတ် အကြင်ပရိနိဗ္ဗာန်ပြုတော်မူသော၊ သာယာတော်မမူသော မြတ်စွာဘုရားအား ပြုအပ်သော ကျေးဇူူးသည် မမြုံ အကျိုးရှိ၏ဟူသော ဤအကြောင်းမှ ထို့ထက်အလွန် အခြားအကြောင်းတစ်မျိုးကိုလည်း နာဦးလော့။
မေး။
မင်းမြတ် ဤမြေကြီးသည် ''ငါ၌ မျိုးစေ့အားလုံးတို့ ပေါက်ရောက်စေကုန်''ဟု သာယာသလော။
ဖြေ။
အသျှင်ဘုရား မသာယာပါ။
မေး။
မင်းမြတ် သာယာခြင်းမရှိသော်လည်း ထိုမျိုးစေ့တို့သည် မြေကြီး၌ ကောင်းစွာ ပေါက်ပွါးကုန်လျက် သန်စွမ်းသော အမြစ်တို့ဖြင့် ထွေးယှက်ကုန်လျက် တည်ခိုင်သော ပင်စည်အနှစ်ရှိကုန်၍ အခက်ကြီးငယ် ကျယ်ပြန့်ပွါးစီးကုန်လျက် အပွင့်အသီးတို့ကို အဘယ့်ကြောင့်ဆောင်ကုန်သနည်း။
ဖြေ။
အသျှင်ဘုရား မြေကြီးသည် သာယာခြင်းမရှိပါသော်လည်း ထိုမျိုးစေ့တို့၏ တည်ရာ ဖြစ်ပါ၏၊ ပေါက်ရောက်စည်ပင်ပြန့်ပွါးခြင်းငှါ အကြောင်းအထောက်အပံ့ကို ပေးပါ၏။ ထိုမျိုးစေ့တို့သည် ထိုမြေကြီးတည်းဟူသော တည်ရာကို မှီ၍ ထိုအကြောင်း အထောက်အပံ့ဖြင့် ကောင်းစွာ ပေါက်ရောက် စည်ပင်ပြန့်ပွားကုန်လျက် သန်စွမ်းသော အမြစ်တို့ဖြင့် ထွေးယှက်ကုန်လျက် တည်ခိုင်သော ပင်စည်အနှစ် ရှိကုန်၍ အခက်ကြီးငယ် ကျယ်ပြန့်ပွားစီကုန်လျက် အပွင့်အသီးတို့ကို ဆောင်ပါကုန်၏။
မင်းမြတ် ထိုသို့ ဖြစ်လျှင် ထိုတိတ္ထိတို့သည် ''သာယာခြင်းကင်းသော မြတ်စွာဘုရားအား ပြုအပ်သော ကျေးဇူးသည် မြုံ၏ အကျိုးမရှိ''ဟု အကယ်၍ ဆိုကုန်အံ့၊ ဤသို့ဆိုမူ တိတ္ထိတို့သည် မိမိတို့ အယူဝါဒ၌ ပျက်စီးကုန်၏၊ ပုတ်ခတ်ကုန်၏၊ ဆန့်ကျင်ကုန်၏။
မင်းမြတ် မြေကြီးကဲ့သို့၊ ထို့အတူ ပူဇော်အထူးကို ခံတော်မူထိုက်သော (သစ္စာလေးပါးတရားတို့ကို) ကိုယ်တိုင်မှန်စွာ သိတော်မူသော မြတ်စွာဘုရားကို (မှတ်အပ်၏)။ မင်းမြတ် မြေကြီးသည် တစ်စုံ တစ်ခုသော ဝတ္ထုကိုမျှ မသာယာသကဲ့သို့၊ ထို့အတူ မြတ်စွာဘုရားသည် တစ်စုံတစ်ခုသော ဝတ္ထုကိုမျှ သာယာတော်မမူ။ မင်းမြတ် ထိုမျိုးစေ့တို့သည် မြေကြီးကို တည်မှီ၍ ပေါက်ဖွားကုန်လျက် သန်စွမ်းသော အမြစ်တို့ဖြင့် ထွေးယှက်ကုန်လျက် တည်ခိုင်သော ပင်စည်အနှစ်ရှိကုန်၍ အခက်ကြီးငယ် ကျယ်ပြန့်ပွါးစီကုန်လျက် အပွင့်အသီးကို ဆောင်ကုန်သကဲ့သို့၊ ထို့အတူ နတ်, လူတို့သည် ပရိနိဗ္ဗာန်ပြုတော်မူပြီးသော၊ မသာယာသည်သာဖြစ်သော မြတ်စွာဘုရား၏ ဓာတ်တော်ကိုလည်းကောင်း၊ ဉာဏ်တော်ရတနာကိုလည်းကောင်း မှီ၍ မြဲစွာသော ကုသိုလ်တည်းဟူသော အမြစ်၌ တည်ကုန်လျက်၊ သမာဓိဟူသော ပင်စည်၊ တရားဟူသော အနှစ်၊ သီလဟူသော အကိုင်း အခက်တို့ဖြင့် ထက်ဝန်းကျင် ပြန့်ပွါးကုန်၍ ဝိမုတ္တိဟူသော အပွင့်၊ မဂ်ဖိုလ်ဟူသော အသီးတို့ကို ပွင့်သီးကုန်၏။ မင်းမြတ် ဤအကြောင်းဖြင့်လည်း ပရိနိဗ္ဗာန်ပြု တော်မူပြီးသော၊ သာယာခြင်းရှိတော်မမူသော မြတ်စွာဘုရားအား ပြုအပ်သော ကျေးဇူးသည် မမြုံ အကျိုးရှိ၏။
မင်းမြတ် ပရိနိဗ္ဗာန်ပြုတော်မူပြီးသော၊ မသာယာသည်သာလျှင်ဖြစ်တော်မူသော မြတ်စွာဘုရားအား ပြုအပ်သော ကျေးဇူးသည် မမြုံ အကျိုးရှိ၏ဟူသော ဤအကြောင်းမှ ထို့ထက်အလွန် အခြားအကြောင်း တစ်မျိုးကိုလည်း နာဦးလော့။
မေး။
မင်းမြတ် ဤကုလားအုပ်၊ နွား၊ မြည်း၊ ဆိတ်၊ သားသမင်၊ လူတို့သည် (မိမိတို့၏) ဝမ်းတွင်း၌ ပိုးမျိုးတို့၏ ဖြစ်ခြင်းကို သာယာကုန်သလော။
ဖြေ။
အသျှင်ဘုရား မသာယာပါ။
မေး။
မင်းမြတ် ထိုသို့ မသာယာပါဘဲလျက် ထိုပိုးမျိုးတို့သည် သာယာခြင်းမရှိကုန်သော ထိုသတ္တဝါတို့၏ ဝမ်း၌ ကောင်းစွာ ဖြစ်ကုန်၍ များစွာသော သားမြေးရှိကုန်လျက် ပြန့်ပွားခြင်းသို့ အဘယ့်ကြောင့် ရောက်ကုန် သနည်း။
ဖြေ။
အသျှင်ဘုရား မကောင်းမှု ကံ၏ အားကြီးသည်၏ အဖြစ်ကြောင့် မသာယာသည်သာလျှင်ဖြစ်ကုန်သော ထိုသတ္တဝါတို့၏ ဝမ်းတွင်း၌ ပိုးမျိုးတို့သည် ကောင်းစွာ ဖြစ်ကုန်၍ များစွာသော သားမြေးရှိကုန်လျက် ပြန့်ပွားခြင်းသို့ ရောက်ကုန်၏။
မင်းမြတ် ဤအတူသာလျှင် ပရိနိဗ္ဗာန်ပြုတော်မူပြီးသော မသာယာသည်သာလျှင် ဖြစ်တော်မူသော မြတ်စွာဘုရား၏ ဓာတ်တော်၏လည်းကောင်း၊ ဉာဏ်တော်အာရုံ၏လည်းကောင်း အားကောင်းသည့်အဖြစ်ကြောင့် မြတ်စွာဘုရား၌ ပြုအပ်သော ကျေးဇူးသည် မမြုံ အကျိုးရှိ၏။
မင်းမြတ် ပရိနိဗ္ဗာန်ပြုတော်မူပြီးသော၊ သာယာခြင်းရှိတော်မမူသော မြတ်စွာဘုရားအား ပြုအပ်သော ကျေးဇူးသည် မမြုံ အကျိုးရှိ၏ဟူသော ဤအကြောင်းမှ ထို့ထက်အလွန် အခြားအကြောင်းတစ်မျိုး ကိုလည်း နာဦးလော့။
မေး။
မင်းမြတ် ဤကိုးဆယ့်ရှစ်ပါးသော ရောဂါတို့သည် ကိုယ်၌ ဖြစ်စေကုန်သတည်းဟု ဤလူတို့သည် သာယာကုန်သလော။
ဖြေ။
အသျှင်ဘုရား မသာယာပါကုန်။
မေး။
မင်းမြတ် ထိုရောဂါတို့သည် သာယာခြင်းမရှိကုန်သော လူတို့၏ ကိုယ်၌ အဘယ့်ကြောင့် ဖြစ်ကုန်သနည်း။
ဖြေ။
အသျှင်ဘုရား ရှေးကပြုခဲ့သော မကောင်းမှု 'ဒုစရိုက်' ကြောင့် ဖြစ်ပါကုန်၏။
မင်းမြတ် ရှေးကပြုခဲ့သော အကုသိုလ်ကံသည် ဤဘဝ၌ ခံစားအပ်သည် ဖြစ်အံ့၊ မင်းမြတ် သို့ဖြစ်မူ ရှေးကပြုအပ်သည်မူလည်းဖြစ်သော၊ ဤဘဝ၌ ပြုအပ်သည်မူလည်းဖြစ်သော ကုသိုလ်ကံ, အကုသိုလ်ကံသည် မမြုံ အကျိုးရှိ၏။
မင်းမြတ် ဤအကြောင်းဖြင့်လည်း ပရိနိဗ္ဗာန်ပြုတော်မူပြီးသော၊ မသာယာသည်သာလျှင်ဖြစ်သော မြတ်စွာဘုရားအား ပြုအပ်သော ကျေးဇူးသည် မမြုံ အကျိုးရှိ၏။
မေး။
မင်းမြတ် နန္ဒကမည်သော ဘီလူးသည် သာရိပုတ္တရာမထေရ်ကို ပြစ်မှားမိသောကြောင့် မြေမျိုခံရ လေ၏ဟု သင်မင်းမြတ် ကြားဖူးသလော။
ဖြေ။
အသျှင်ဘုရား ကြားဖူးပါ၏၊ ဤအကြောင်းသည် လောက၌ ထင်ရှားပါ၏။
မေး။
မင်းမြတ် သာရိပုတ္တရာမထေရ်သည် နန္ဒကဘီလူး မြေမျိုခံရခြင်းကို သာယာသလော။ အသျှင်ဘုရား နတ်, ဗြဟ္မာနှင့်တကွသော လောကသည် ထက်အောက်ပြောင်းပြန်ဖြစ်သော်လည်းကောင်း၊ လ,နေ နှစ်ပါးသည် မြေသို့ ကျသော်လည်းကောင်း၊ မြင်းမိုရ်တောင်မင်းသည် ဖရိုဖရဲပြန့်ကြဲသော်လည်းကောင်း အရှင်သာရိပုတ္တရာမထေရ်သည် သူတပါး၏ ဆင်းရဲခြင်းကို သာယာခြင်းမရှိပါ၊ ထိုသို့ မသာယာခြင်းသည် အဘယ့်ကြောင့်နည်းဟူမူ- အကြင်အကြောင်းကြောင့် သာရိပုတ္တရာမထေရ်သည် အမျက်ထွက်မူလည်း ထွက်ရာ၏၊ ပြစ်မှားမူလည်း ပြစ်မှားရာ၏၊ ထိုအကြောင်းကို သာရိပုတ္တရာမထေရ်သည် အကြွင်းမဲ့ နုတ်အပ်ပါပြီ၊ အကြွင်းမဲ့ ဖြတ်အပ်ပါပြီ၊ အသျှင်ဘုရား အကြောင်းကို အကြွင်းမဲ့ ပယ်ဖျက်ပြီးသည့် အဖြစ်ကြောင့် သာရိပုတ္တရာမထေရ်သည် မိမိအသက်ကို ပျက်အောင် ဆောင်တတ်သူ၌သော်လည်း အမျက်ဒေါသကို မပြုရာပါ။
မေး။
မင်းမြတ် သာရိပုတ္တရာမထေရ်သည် နန္ဒကဘီလူး မြေမျိုခံရခြင်းကို အကယ်၍ မသာယာသည် ဖြစ်အံ့၊ ဤသို့ မသာယာဘဲလျက် အဘယ့်ကြောင့် နန္ဒကဘီလူး မြေမျိုခံရသနည်း။
ဖြေ။
အသျှင်ဘုရား အကုသိုလ်ကံအားကြီးခြင်းကြောင့် မြေမျိုခံရပါ၏။
မင်းမြတ် အကုသိုလ်ကံ အားကြီးခြင်းကြောင့် နန္ဒက ဘီလူးသည် မြေမျိုခံရသည် ဖြစ်အံ့၊ ဤသို့ဖြစ်သော် မသာယာသော သာရိပုတ္တရာအားလည်း ပြုအပ်သော ပြစ်မှားမှုသည် မမြုံ အကျိုးရှိ၏။
မင်းမြတ် သို့ဖြစ်လျှင် အကုသိုလ်ကံ အားကြီးခြင်းကြောင့် မသာယာသောသူအား ပြုအပ်သော ပြစ်မှားမှုသည် မမြုံ အကျိုးရှိ၏။
မင်းမြတ် ဤသို့သော အကြောင်းဖြင့်လည်း ပရိနိဗ္ဗာန်ပြုပြီးတော်မူပြီးသော၊ မသာယာသည်သာလျှင်ဖြစ်သော မြတ်စွာဘုရားအား ပြုအပ်သော ကျေးဇူးသည် မမြုံ အကျိုးရှိ၏။
မေး။
မင်းမြတ် မျက်မှောက်ဘဝ၌ မြေမျိုခံရသူတို့သည် အဘယ်မျှလောက်ရှိကုန်သနည်း၊ ထိုအရာ၌ သင့်အား ကြားဖူးနားဝရှိပါ၏လော။
ဖြေ။
အသျှင်ဘုရား ကြားဖူးပါ၏။
မင်းမြတ် တိုက်တွန်းပါ၏၊ သင်သည် ပြောကြားပါလော့။
အသျှင်ဘုရား
စိဉ္စမာဏဝိကာမည်သော မိန်းမတစ်ဦး၊
သာကီဝင်မင်းမျိုးဖြစ်သော သုပ္ပဗုဒ္ဓမင်းလည်းတစ်ဦး၊
ဒေဝဒတ်ထေရ်လည်းတစ်ဦး၊
နန္ဒကမည်သော ဘီလူးလည်းတစ်ဦး၊
နန္ဒမည်သောသူဌေးသားလုလင်လည်းတစ်ဦး ဤငါးဦးတို့ပါတည်း။ အသျှင်ဘုရား ဤသူငါးဦးတို့သည် မြေမျို ခံရကုန်၏ဟု ဤအကြောင်းကို ကြားဖူးပါ၏။
မေး။
မင်းမြတ် ထိုသူငါးဦးတို့သည် အဘယ်ပုဂ္ဂိုလ်၌ ပြစ်မှားကုန်သနည်း။
ဖြေ။
အသျှင်ဘုရား မြတ်စွာဘုရား၌လည်းကောင်း၊ တပည့်သာဝကတို့၌လည်းကောင်း ပြစ်မှားပါကုန်၏။
မေး။
မင်းမြတ် မြတ်စွာဘုရားသည်လည်းကောင်း၊ တပည့်သာဝကတို့သည်လည်းကောင်း ဤသူတို့၏ မြေမျိုခံရခြင်းကို သာယာကုန်သလော။
ဖြေ။
အသျှင်ဘုရား မသာယာပါကုန်။
မင်းမြတ် သို့ဖြစ်လျှင် ပရိနိဗ္ဗာန် ပြုတော်မူပြီးသော၊ မသာယာသည်သာလျှင်ဖြစ်သော မြတ်စွာဘုရားအား ပြုအပ်သော ကျေးဇူးသည် မမြုံ အကျိုးရှိ၏ဟု (မိန့်တော်မူ၏)။
အသျှင်ဘုရား တပည့်တော်သည် ဤအမေးပြဿနာကို ကောင်းစွာ သိစေတော်မူအပ်ပါပြီ။ မပေါ်ခက်ခဲ နက်နဲသည်ကို ပေါ်လွင်အောင် ပြုအပ်ပါပြီ။ လျို့ဝှက်သည်ကို ဖျက်ဆီးအပ်ပြီ။ ခက်ဆစ်ကို ဖျက်ဆီးရှင်းလင်းအပ်ပြီ။ တောရှုပ်ကို အရှုပ်မရှိအောင် ပြုအပ်ပြီ။ ဂိုဏ်းတို့ထွတ်ထီး ကြီးမြတ်သူတို့ထက် အလွန်မြတ်သော အသျှင်ဘုရားသို့ ကပ်ရောက်ရပါသောကြောင့် တပါးသော အယူတို့သည် ပြေပျောက်ပျက်စီးကုန်ပါပြီ။ မကောင်းသော အယူတို့သည် ကျိုးပျက်ကုန်ပါပြီ။ မကောင်းသော အယူရှိသော တိတ္ထိတို့သည် အရောင်အဝါမရှိ ဖြစ်ပါကုန်ပြီဟု (လျှောက်၏)။
#အသျှင်_စန္ဒကုမာရ
Comments