ကထိန် အလှူတော်
""""""""""""""""""""""""
ဗုဒ္ဓဘုရားသည် ဇေတဝန်ကျောင်းတော်မြတ်၌ ကိန်းဝပ် စံမ္ပာယ် တင့်တယ်စွာ သီတင်းသုံးနေတော်မူစဉ် သင်္ကန်းလျာ နွမ်းနယ် ရှားပါးသော ပါဝေယျကတိုင်းသား ဘဒ္ဒဝဂ္ဂီညီနောင် သုံးကျိပ်တို့အား အကြောင်းပြု၍ ကထိန်အလှူ ဖြစ်ပေါ်လာသည်။
သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူသော မြတ်စွာဘုရားရှင်အား ဖူးမြှော်ရန် ဘဒ္ဒဝဂ္ဂီ ရဟန်းသုံးကျိပ်တို့သည် မိမိတို့ ဝါဆို-ဝါကပ်ရာ သာကေတမြို့မှ ဝါကျွတ်သောအခါ ခြေလျင်ခရီးဖြင့် ကြွလာကြ၏။ ထိုအခါ မိုး သည်းထန်စွာ ရွာသွန်းသဖြင့် ရဟန်းများ မိုးရေစွတ်စို ကြကုန်၏။ ထိုသို့ မိုးရေစိုစွတ်သော သင်္ကန်းဖြင့်ပင် ဘုရှင်းရှင်ထံမှောက် ရောက်လာကြသည်ကို အကြောင်းပြု၍ ပူရိမဝါမှ ထကြကုန်သော ရဟန်းတို့အား ကထိန်ခင်းရန် ခွင့်ပြုကြောင်း ပညတ်တော်မူခဲ့သည်။
ညီနောင်သုံးကျိပ် သမိုင်းနောက်ခံ
ဘဒ္ဒဝဂ္ဂီညီနောင် သုံးကျိပ်တို့သည် မိဂဒါဝုန်တောတွင် ဇနီးမယားတို့ဖြင့် ပျော်ပါးနေ၏။ ထိုမင်းသားတို့သည် ကောသလမင်းကြီးနှင့် ဆွေမျိုးတော်စပ်ကြ၏။ ကောသလမင်းကြီး၏ အဖေတူ မအေကွဲ တော်စပ်သည့် ညီတော်-နောင်တော်များ ဖြစ်ကြသည်။ မင်းသားသုံးဆယ်တို့တွင် တစ်ပါးသော မင်းသားမှာ ဇနီးမယား မရှိသည့်အတွက် ရုပ်ရည် ချောမော ပြေပြစ်သော ပြည့်တန်ဆာမ တစ်ဦးကို ငှားရမ်းကာ ပျော်ပါး၏။ ထိုပြည့်တန်ဆာမသည် မင်းသားများ ပျော်ပါးမေ့လျော့နေခိုက် ရွှေငွေလက်ဝတ်ရတနာများကို ခိုးယူ ထွက်ပြေးလေ၏။ မင်းသားသုံးဆယ်တို့သည်လည်း ပြည့်တန်ဆာမကို တောအတွင်း လိုက်လံ ရှာဖွေလေသည်။
ထိုအခါကာလ၌ မြတ်စွာဘုရားသည် ဗာရာဏသီမြို့၊ မိဂဒါဝုန်တောတွင် သီတင်းသုံးတော်မူပြီး ဥရုဝေလတောသို့ ကြွတော်မူသည်။ ထို့နောက် တောအုပ်ထဲရှိ သစ်ပင်ကြီး တစ်ပင်အောက်တွင် သီတင်းသုံးတော်မူနေချိန် ဖြစ်သည်။ လိုက်လံရှာဖွေနေစဉ် မင်းသား သုံးကျိတ်တို့သည် သစ်ပင်အောက်တွင် သီတင်းသုံးတော်မူနေသော မြတ်စွာဘုရားရှင်ကို မြင်သွားကာ အနားသို့ ချဉ်းကပ်ပြီး “အရှင်ဘုရား၊ ဒီအနီးအနားတွင် မိန်းမတစ်ယောက်ကို မတွေ့မိဘူးလားဘုရား” ဟုမေးလျှောက်ကြလေ၏။ ထိုအခါ မြတ်စွာဘုရားက မင်းသားတို့အား “မင်းသားတို့၊ ဘာအတွက်ကြောင့် မိန်းမကို လိုက်လံ ရှာဖွေနေကြသလဲ” ဟုမေး၏။ ထိုအခါ မင်းသားတို့လည်း ရှာဖွေရခြင်း၏ အကြောင်းစုံကို လျှောက်ကြလေ၏။ ထိုအခါ မြတ်စွာဘုရားက မင်းသားတို့အား “(၁) ပျောက်သွားတဲ့ မိန်းမကိုရှာခြင်း (၂) မိမိကိုယ်ကို ရှာခြင်း စသည့် ရှာခြင်းနှစ်မျိုးတွင် ဘယ်ဟာက သင်တို့အတွက် ပို၍ မြတ်ပါသလဲ” မေးလေ၏။ မင်းသားတို့သည် ပါရမီ ရင့်သန်သူများဖြစ်သည့်အားလျော်စွာ မိမိကိုယ်ကို ရှာခြင်းကသာ မြတ်ကြောင်း ပြောလေ၏။ ထိုအခါ မြတ်စွာဘုရားက မင်းသားတို့အား တရားဟောတော်မူလေ၏။
ပထမ အနုပုဗ္ဗီကထာတရား (၄) ပါးကို ဟောတော်မူ၏။ ထို့နောက် သာမုက္ကံသိက တရားဖြစ်သည့် သစ္စာလေးပါးတရားကို ဟောတော်မူ၏။ တရားဆုံးတော်မူသောအခါ မင်းသားတို့တွင် အချို့သည် သောတာပတ္တိမဂ်ဖိုလ်၊ အချို့သည် သကဒါဂါမိမဂ်ဖိုလ်တို့ကို အသီးသီး ရရှိသွားကြလေ၏။
မင်းသားတို့သည် မြတ်စွာဘုရားထံတွင် ရဟန်းအဖြစ်ကို ရစေရန် ခွင့်ပန် လျှောက်ထားလေ၏။ မြတ်စွာဘုရားသည် မင်းသား သုံးဆယ်တို့အား ပရိက္ခရာ ရှစ်ဖြာ ပြည့်စုံစွာဖြင့် မင်းသားတို့အား ဧဟိဘိက္ခု ရဟန်းဘဝကို ရရှိစေတော်မူစေ၏။ ထိုရဟန်းတော်တို့သည် ကောသလတိုင်း အနောက်အရပ်ရှိ ပါဝေယျတိုင်းတွင် သီတင်းသုံးတော်မူ၏။ ရဟန်းတော်တို့သည် အရညကဓုတင်၊ ပိဏ္ဍိပါတ်ဓုတင်၊ ပံ့သုကူဓုတင်၊ တိစီဝရိက်ဓုတင် ဆောင်ရဟန်းများ ဖြစ်တော်မူ ကြလေ၏။
အခါတပါး၌ ရဟန်းတော် သုံးဆယ်တို့သည် သာဝတ္ထိမြို့၊ ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံးတော်မူနေသော မြတ်စွာဘုရားအား ဖူးမြော်ရန် ခြေလျင်ခရီးဖြင့် ကြွချီတော်မူ၏။ ရဟန်းတို့သည် သာဝတ္ထိသို့ ရောက်ရန် လိုနေသေးချိန်တွင် ဝါကပ်ရမည့် အချိန်ဖြစ်သည့် ဝါဆိုလပြည့်ကျော် (၁) ရက်နေ့သည် နီးကပ်လာ၏။ ထို့ကြောင့် သာဝတ္ထိသို့ အရောက် ဆက်သွားရန် မဖြစ်နိုင်တော့သဖြင့် လမ်းခုလပ်ရှိ သာကေတမြို့တွင် ဝါကပ်တော်မူ၏။ မင်းသားတို့ ဝါကပ်တော်မူရာ သာကေတသည် မြတ်စွာဘုရားသီတင်းသုံးတော်မူနေသည့် သာဝတ္ထိမြို့နှင့် ခြောက်ယူဇနာသာ ဝေးတော့၏။ ထိုသို့ အနီးအနားတွင် သီတင်းသုံးရသော်လည်း မြတ်စွာဘုရားကို မဖူးမြော်ရလေခြင်းဟု ရဟန်းတော်တို့သည် တွေးတောကာ ဝါတွင်းသုံးလပတ်လုံး သီတင်းသုံးတော် မူကြရလေ၏။
ရဟန်းတော်တို့သည် သာကေတမြို့၌ သီတင်းသုံးတော်မူကြ၍ သီတင်းကျွတ် လပြည့် မဟာပဝါရဏနေ့တွင် ပဝါရဏာပြုကြပြီးလျှင် သာဝတ္ထိမြို့သို့ ခရီးဆက်ခဲ့ကြလေ၏။ ထိုအချိန်သည် မိုးကာလ ဖြစ်သောကြောင့် ရဟန်းတော်တို့၏ နှစ်ထပ်သင်္ကန်းများတွင် ရေများဝင်ကာ လေးလံလာသည်။ ရဟန်းတော်များသည် ဓုတင်ဆောင် ရဟန်းများဖြစ်သောကြောင့် သပိတ်၊ နှစ်ထပ်သင်္ကန်း စသည်တို့ကို ပခုံးတစ်ဖက်စီမှာ လွယ်၍ ဝန်စည် စလွယ်များဖြင့် ပင်ပင်ပန်းပန်း ခက်ခက်ခဲခဲပင် မြတ်စွာဘုရားထံသို့ ခရီးဆက်ခဲ့ကြရလေ၏။
မြတ်စွာဘုရားထံသို့ ရောက်သောအခါ ရိုသေစွာရှိခိုး၍ သင့်တင့်လျောက်ပတ်သော နေရာတွင် ထိုင်နေကြသည်။ မြတ်စွာဘုရားသည် ရဟန်းတို့အား “ရဟန်းတို့ ကျန်းမာကြရဲ့လား၊ မျှတကြရဲ့လား၊ ဝါတွင်း သုံးလပတ်လုံး ညီညီညွတ်ညွတ် ဝမ်းမြောက်ဝမ်းသာနဲ့ အငြင်းအခုံမရှိ ချမ်းသာစွာနေထိုင်ကြရဲ့လား၊ ဆွမ်းအတွက် မပင်မပန်း ချမ်းချမ်းသာသာ ရှိကြရဲ့လား” ဟု မေးတော်မူ၏။
ထိုအခါ ရဟန်းတို့ကလည်း ကျန်းမာကြောင်း၊ မျှတကြောင်း၊ ချမ်းသာစွာ နေထိုင်ခဲ့ကြောင်း၊ ဆွမ်းအတွက် မပင်ပန်းကြကြောင်း လျှောက်ထားကြလေ၏။ ထို့နောက် ရဟန်းတို့သည် မိမိတို့ မြတ်စွာဘုရားထံသို့ လာရာတွင် ဖြစ်ပျက်ခဲ့ပုံများကို လျောက်ထားကြလေသည်။ မြတ်စွာဘုရားလည်း ရဟန်း သုံးဆယ်တို့အား အနမတဂ္ဂိယသုတ္တန်တရားတော်ကို ဟောကြားတော်မူလေ၏။ တရားဆုံးသောအခါ ရဟန်း သုံးဆယ်တို့သည် အရဟတ္တမဂ်၊ အရဟတ္တဖိုလ်ကို ရရှိတော်မူကြကာ ဈာန်ဖြင့် ပါဝေယျတိုင်းသို့ ပြန်ကြွကြလေ၏။
ထို့နောက် ကထိန်ခင်းခြင်းကို ခွင့်ပြုတော်မူလိုသဖြင့် ရဟန်းတော်တို့ကို ခေါ်တော်မူ၍ ရဟန်းတို့ ပုရိမဝါ (ပထမဝါ)မှ ထတော်မူကြကုန်သော ရဟန်းတို့ကို ငါဘုရားခွင့်ပြုတော်မူ၏ ဟု မိန့်တော်မူကာ ကထိန်ခင်းခြင်းကို ခွင့်ပြုတော်မူလေ၏။ ဤသို့ဖြင့် ကထိန်ခင်းခြင်း ဖြစ်ပေါ်လာသည်။
ကထိန်ခင်းနိုင်သော သင်္ကန်းသုံးမျိုး
၁။သံဃာဋိ- ဒုကုဋ်ခေါ် နှစ်ထပ်သင်္ကန်းကြီး
၂။ဥတ္တရာသင်္ဂ- ကိုယ်ဝတ်ခေါ် ဧကသီ
၃။အန္တရ ဝါသက- ခါးဝတ်ခေါ် သင်းပိုင်
ထို သင်္ကန်း သုံးမျိုးတွင်လည်း "အဟတေန အတ္ထတံ ဟောတိ ကထိနံ" မဟာဝါ ပါဠိတော်နှင့်အညီ သင်္ကန်းအသစ်ဖြင့် ကထိန်ခင်းမှ ကထိန်မြောက်ပါသည်။
အသစ်ဖြစ်သော်ငြားလည်း အောက်ပါ အချက်အလက်များနှင့် ပြည့်စုံမှ ကထိန်မြောက်ပါသည်....
အနိမိတ္တကတေန အတ္ထတံ ဟောတိ ကထိနံ
ဘယ်သင်္ကန်း၊ ဘယ်အမျိုးအစား သင်္ကန်း စသည်ဖြင့် နိမိတ်မပြပဲ အလိုလို ဖြစ်ပေါ်လာသော သင်္ကန်းဖြင့် ကထိန်ခင်းမှ ကထိန်မြောက်ပါသည်။
အပရိကထာကတေန အတ္ထတံ ဟောတိ ကထိနံ
ဤသင်္ကန်းဖြင့် ကထိန်ခင်းမည်ဟု ပရိယာယ်မဆို မိုးကျရွှေကိုယ် အလိုလို ဖြစ်ပေါ်လာသော သင်္ကန်းဖြင့် ကထိန်ခင်းမှ ကထိန်မြောက်ပါသည်။
အကုက္ကုကတေန အတ္ထေတံ ဟောတိ ကထိနံ
မငှားသော သင်္ကန်းဖြင့် ကထိန်ခင်းမှ ကထိန်မြောက်ပါသည်။
အသန္နိဓိကတေန အတ္ထတံ ဟောတိ ကထိနံ
ကထိန်ခင်းမည့်နေ့ မရောက်မီ ကျောင်း၌ မသိုမှီး မထိန်းသိမ်းထားသော သင်္ကန်းဖြင့် ကထိန်ခင်းမှ ကထိန်မြောက်ပါသည်။
အနိဿဂ္ဂိယေန အတ္ထတံ ဟောတိ ကထိနံ
ကထိန်ခင်းမည့်နေ့ မရောက်မှီ ကျောင်းကို ကြိုတင် ပို့မထားသော သင်္ကန်း၊ ကထိန်ခင်းမည့်နေ့ ရောက်မှ ကျောင်းကို ပို့သော သင်္ကန်းဖြင့် ကထိန်ခင်းမှ ကထိန်မြောက်ပါသည်။
ပဉ္စကေန ဝါ အတိရေကပဉ္စကေန ဝါ တဒဟေဝ သဉ္ဆိန္နေန သမဏ္ဏလီကတေန အတ္ထတံ ကထိနံ။
ကထိန်ခင်းသည့်နေ့တွင် အိမ်ကြီးအိမ်ငယ်နှင့်တကွ ငါးခန်း (သို့မဟုတ်) ငါးခန်းထက် ပိုအောင် ဖြတ်ချုပ်ထားသော သင်္ကန်းဖြင့် ကထိန်ခင်းမှ ကထိန်မြောက်ပါသည်။
ကထိန်ခင်းခြင်း
ဝါတွင်း သုံးလပတ်လုံး ဝါမကျိုးမပျက်ပဲ ပဝါရဏာပြုသော ရဟန်းရှိရာ ကျောင်းတိုက်၌ ကထိန်ခင်းကြသည်။ ကထိန်ခင်းရာ၌ သင်္ကန်းတစ်ထည်ကို ဖြစ်စေ အများကို ဖြစ်စေ ’ဣမံစီဝရံ သံဃဿ ဒေမိ’ ဤသင်္ကန်းကို သံဃာတော်များအား လှူဒါန်းပါ၏ဟု လျှောက်ထား၍ ဆက်ကပ် လှူဒါန်းကြသည်။
ကထိန်ပွဲတော်ကို သီတင်းကျွတ် လပြည့်ကျော် တစ်ရက်နေ့မှ တန်ဆောင်မုန်း လပြည့်နေ့အထိ ခင်းရသည်။ ကထိန်ခင်းရာ၌ သံဃိက စစ်စစ် ဖြစ်သင့်သည့်အတွက် အလှူ့ဒကာများက မည်သည့်ပစ္စည်းကား သံဃိကပစ္စည်း၊ မည်သည့်ပစ္စည်းကား ပုဂ္ဂလိကပစ္စည်း ဖြစ်သည်ဟု ခွဲခြား လျှောက်တင်သင့်ပါသည်။
ကထိန်ခင်းပုံ အစီအစဥ်
၁။ သံဃာကို ရည်ရွယ်၍ လှူခြင်း။
"ဣမံ ကထိနစီဝရံ သံဃဿ ဒေ" ဟု လျှောက်ထားပြီး လှူဒါန်းရမည်။
၂။ ကထိန်ခံထိုက်သော ပုဂ္ဂိုလ်ကို ရွေးရမည်။
၃။ ရွေးထားသော ပုဂ္ဂိုလ်အား ဉတ္တိဒုတိယကမ္မဝါစာဖြင့် ကထိန်သင်္ကန်းကို ပေးအပ်ရမည်။
၄။ သင်္ကန်းကို ကပ္ပဗိန္ဒုထိုးခြင်း။
"ကပ္ပဗိန္ဒုံ ကရောမိ" ဟု ဆိုလျက် သင်္ကန်းတွင် အပြာ အညို အမည်း အရောင်တစ်ခုခုဖြင့် ကြမ်းပိုးကျောကုန်းပမာဏ သို့မဟုတ် ဒေါင်းမျက်ကွင်းပမာဏရှိ အစက်အပြောက်ကို ၃ ခုဖြစ်စေ ၅ ခုဖြစ်စေ ပြုလုပ်ရပါမည်။
၅။ စွန့်ခြင်း (ပစ္စုဒ္ဓိုရ် ဝိကပ္ပနာ ပြုခြင်း)။
"ဣမံ သင်္ဃာဋိံ ပစ္စုဒ္ဓရာမိ"ဟု ဆို၍ မိမိဥစ္စာအဖြစ်မှ စွန့်ပစ်ခြင်း။
"ဣမံ သင်္ဃာဋိံ ဝိကပ္ပေမိ"ဟု ဆို၍ မိမိဥစ္စာအဖြစ်မှ ကင်းအောင် ပြုလုပ်ခြင်း။
၆။ အဓိဋ္ဌာန်တင်ခြင်း။
"ဣမံ သင်္ဃာဋိံ အဓိဋ္ဌာမိ"ဟု ဆို၍ ကထိန်ခင်းမည့် သင်္ကန်းအား "သင်္ကန်အဖြစ် ရိုရိုသေသေ အသုံးပြုပါမည်"ဟု အဓိဋ္ဌာန်တင်ခြင်း။
သင်္ကန်းဖြစ်လျင် - ဣမံ ဥတ္တရာသင်္ဂံ အဓိဋ္ဌာမိ။
သင်းပိုင်ဖြစ်လျင် - ဣမံ အန္တရဝါသကံ အဓိဋ္ဌာမိ။
၇။ ကထိန်ခင်းခြင်း။
ဣမာယ သင်္ဃာဋိယာ ကထိနံ အတ္ထရာမိ"ဟု ဆိုပြီးလျင် ကထိန်ခင်းခြင်း ကိစ္စပြီးလေ၏။
၈။ အနုမောဒနာပြုခြင်း။
"အတ္ထတံ ဘန္တေ သံဃဿ ကထိနံ ဓမ္မိကော ကထိနတ္ထာရော အနုမောဒထ"ဟု ဆို၍ ကထိန်အာနိသင်ရ ရဟန်းက သိမ်ထဲနေ ဝါကြီးသော ရဟန်းတော်များအား ဝမ်းမြောက် ဝမ်းသာဖြစ်ကြပါရန် တိုက်တွန်းစကား လျှောက်ထားရပါမည်။ ထိုနောက် သိမ်ထဲနေ ဝါကြီးသော ရဟန်းတော်များက "အတ္ထတံ အာဝုသော သံဃဿ ကထိနံ ဓမ္မိကော ကထိနတ္ထာရော အနုမောဒါမ" ဟု ဆို၍ ဝမ်းမြောက်ဝမ်းသာ ဖြစ်ပါကြောင်း ပြန်လည် လျှောက်ထားကြရပါမည်။
ကထိန် အာနိသင်ရ ပုဂ္ဂိုလ်က ဝါကြီးနေလျင် "အတ္ထတံ အာဝုသော သံဃဿ ကထိနံ ဓမ္မိကော ကထိနတ္ထာရော အနုမောဒထ" ဟု တိုက်တွန်းစကား ပြောဆိုရပါမည်။ သိမ်ထဲနေ ဝါငယ်သော ရဟန်းတော်များမှ "အတ္ထတံ ဘန္တေ သံဃဿ ကထိနံ ဓမ္မိကော ကထိနတ္ထာရော အနုမောဒမ"ဟု ဆို၍ ဝမ်းမြောက်ဝမ်းသာ ဖြစ်ပါကြောင်း ပြန်လည် လျှောက်ထားကြရပါမည်။
ကပ္ပဗိန္ဒု ပြုလုပ်ရန် စည်းကမ်းသတ်မှတ်ချက်များ
သုရာပါန ဝဂ် ဒုဗ္ဗဏ္ဏကရဏ သိက္ခာပုဒ် ၅၈။ နဝံ ပန ဘိက္ခုနာ စီဝရလာဘေန တိဏ္ဏံ ဒုဗ္ဗဏ္ဏကရဏာနံ အညတရံ ဒုဗ္ဗဏ္ဏကရဏံ အာဒါတဗ္ဗံ နီလံ ဝါ ကဒ္ဒမံ ဝါ ကာဠသာမံ ဝါ။ အနာဒါ စေ ဘိက္ခု တိဏ္ဏံ ဒုဗ္ဗဏ္ဏကရဏာနံ အညတရံ ဒုဗ္ဗဏ္ဏကရဏံ နဝံ စီဝရံ ပရိဘုဉ္ဇေယျ, ပါစိတ္တိယံ။ တိဏ္ဏံ ဒုဗ္ဗဏ္ဏကရဏံ ၁။နီလံ နာမ ဒွေ နီလာနိ – ကံသနီလံ, ပလာသနီလံ။ ၂။ကဒ္ဒမော နာမ ဩဒကော ဝုစ္စတိ။ ၃။ကာဠသာမံ နာမ ယံကိဉ္စိ ကာဠသာမကံ။ ဝိ၊၂၊၁၅၈။ စီဝရန္တိ ဧတ္ထ ယံ နိဝါသေတုံ ဝါ ပါရုပိတုံ ဝါ သက္ကာ ဟောတိ, တဒေဝ ဝေဒိတဗ္ဗံ။ တေနေဝ ‘‘ဝိကပ္ပနုပဂပစ္ဆိမ’’န္တိ န ဝုတ္တံ။ ကံသနီလန္တိ စမ္မကာရနီလံ။ မဟာပစ္စရိယံ ပန ‘‘အယောမလံ လောဟမလံ ဧတံ ကံသနီလံ နာမာ’’တိ ဝုတ္တံ။ ပလာသနီလန္တိ ယော ကောစိ နီလဝဏ္ဏော ပဏ္ဏရသော။ ဒုဗ္ဗဏ္ဏကရဏံ အာဒါတဗ္ဗန္တိ ဧတံ ကပ္ပဗိန္ဒုံ သန္ဓာယ ဝုတ္တံ၊ န နီလာဒီဟိ သကလစီဝရဿ ဒုဗ္ဗဏ္ဏကရဏံ။ တဉ္စ ပန ကပ္ပံ အာဒိယန္တေန စီဝရံ ရဇိတွာ စတူသု ဝါ ကောဏေသု တီသု ဝါ ဒွီသု ဝါ ဧကသ္မိံ ဝါ ကောဏေ မောရဿ အက္ခိမဏ္ဍလမတ္တံ ဝါ မင်္ကုလပိဋ္ဌိမတ္တံ ဝါ အာဒါတဗ္ဗံ။ မဟာပစ္စရိယံ ‘‘ပတ္တေ ဝါ ဂဏ္ဌိယံ ဝါ န ဝဋ္ဋတီ’’တိ ဝုတ္တံ။ မဟာအဋ္ဌကထာယံ ပန ‘‘ဝဋ္ဋတိယေဝါ’’တိ ဝုတ္တံ။ ပါဠိကပ္ပ,ကဏ္ဏိကကပ္ပါဒယော ပန သဗ္ဗတ္ထ ပဋိသိဒ္ဓါ, တသ္မာ ဌပေတွာ ဧကံ ဝဋ္ဋဗိန္ဒုံ အညေန ကေနစိပိ ဝိကာရေန ကပ္ပေါ န ကာတဗ္ဗော။ ဝိ၊၂၊ဌ၊၁၃၁ ဝဋ္ဋဗိန္ဒု- ဟူသည် ကြမ်းပိုကျောကုန်း ဒေါင်းမျက်ကွင်းပမာ လုံးဝန်းသဏ္ဌာန်ဖြစ်ရပါမည်။ စီးကြောင်းမှတ်သားခြင်း၊ လခြမ်းပုံ၊ တီကောင်ပုံ၊ ဝလုံးပုံစသည်ဖြင့် မလုပ်သင့်။ ထောင့်အစွန်း အလျားအနားပတ် နှစ်ထပ်အလျာအတွင်းဖက်တွင်လည်းကောင်း၊ အထပ်ထပ်ခြုပ်ထားသော သင်္ကန်း၏ အတွင်းဖက် ကမ္ပတ်သီးကျိုက်အထုံးအိမ်၏ အပေါ်တွင်လည်းကောင်း ပြုလုပ်ရမည်။ ၃ ခုမှ ၅ ခုအထိ ပြုလုပ်ရမည်။ သင်္ကန်းတစ်ထည်လုံးပျက်စီးရန် မပြုလုပ်ရ။ မှတ်ချက်။ ကပ္ပဗိန္ဒု ပြုလုပ်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ သင်္ကန်း မမှားရန်ကိုသာ ရည်ရွယ်သည်ဖြစ်၍ စာအလိုအရ အသင့်တော်ဆုံးနေရာများ အရောင်များ ပမာဏအတိုင်းအတာများကိုသာ ဖော်ပြရခြင်းဖြစ်ပြီး။
နိုင်ငံတကာတွင် ဝတ်ရုံနေကြသော သင်္ကန်းအရောင်များတွင်....
အများဆုံး - အဝါရောင်
ဒုတိယ အများဆုံး - ပန်းရောင်ရင့် - အနီနုရောင်
အနည်းစုမှာ - အနီရောင်တို့ ဖြစ်ကြသည်။
အပ်စပ် သင်္ကန်းအရောင်များတွင် ထင်ရှားပြတ်သားသောအရောင်ဖြင့် ရှာလွယ် မြင်လွယ်သော ထောင့်အစွန်းအနားတွင် ပြုလုပ်ရပါမည်။
"ဒုဗ္ဗဏ္ဏကရဏံ အာဒါတဗ္ဗ’’န္တိ ဧတံ ကပ္ပဗိန္ဒုံ သန္ဓာယ ဝုတ္တံ, န နီလာဒီဟိ သကလစီဝရံ ဒုဗ္ဗဏ္ဏကရဏံ, တဉ္စ ပန ကပ္ပံ အာဒိယန္တေန စီဝရံ ရဇိတွာ စတူသု ဝါ ကောဏေသု, တီသု ဝါ ဒွီသု ဝါ ဧကသ္မိံ ဝါ ကောဏေ မောရဿ အက္ခိမဏ္ဍလမတ္တံ ဝါ မင်္ဂုလပိဋ္ဌိမတ္တံ ဝါ အာဒါတဗ္ဗန္တိ အာဟ ‘‘တဿာ’’တိအာဒိ။ ကံသနီလေနာတိ စမ္မကာရနီလေန။ မဟာပစ္စရိယံ ပန ‘‘အယောမလံ လောဟမလံ, ဧတံ ကံသနီလံ နာမာ’’တိ ဝုတ္တံ။ ပတ္တနီလေနာတိ ယေန ကေနစိ နီလဝဏ္ဏေန ပဏ္ဏရသေန။ ကပ္ပဗိန္ဒုံ အာဒိယိတွာတိ ဝဋ္ဋံ ဧကံ ကပ္ပဗိန္ဒုံ အာဒိယိတွာ။ ကင်္ခါ ပုရာဏ အဘိနဝဋီကာ၊ ၄၀၆။
ဒုဗ္ဗဏ္ဏော ကရီယတိ အနေနာတိ ဒုဗ္ဗဏ္ဏကရဏံ, ကပ္ပဗိန္ဒုန္တိ အာဟ ‘‘ကပ္ပဗိန္ဒုံ သန္ဓာယာ’’တိ။ အာဒိယန္တေန ဘိက္ခုနာ အာဒါတဗ္ဗန္တိ သမ္ဗန္ဓော။ ကောဏေသူတိ အန္တေသု။
ပဋ္ဋေ ဝါတိ အနုဝါတပဋ္ဋေ ဝါ။ ဂဏ္ဌိယံ ဝါတိ ဂဏ္ဌိကပဋ္ဋေ ဝါ။ ပါဠိကပ္ပေါတိ ဒွေ ဝါ တိဿော ဝါ တတော အဓိကာ ဝါ ဗိန္ဒုအာဝလီ ကတွာ ကတော ကပ္ပေါ။ ကဏ္ဏိကကပ္ပေါတိ ကဏ္ဏိကံ ဝိယ ဗိန္ဒုဂေါစ္ဆကံ ကတွာ ကတော ကပ္ပေါ။ အာဒိသဒ္ဒေန အဂ္ဃိယကပ္ပါဒယော သင်္ဂဏှာတိ။ သဗ္ဗတ္ထာတိ သဗ္ဗာသု အဋ္ဌကထာသု။ ဧကောပိ ဗိန္ဒု ဝဋ္ဋောယေဝ ဝဋ္ဋတီတိ အာဟ ‘‘ဧကံ ဝဋ္ဋဗိန္ဒု’’န္တိ။ ပါစိတျာဒိ ယောဇနာ၊ ၁၀၄။
မအပ်စပ်သော သင်္ကန်းရောင်များ
၁။ အလွန်ညိုသောအရောင် ( အပြာရောင်)
၂။ အလွန်ဝါရွှေရောင်
၃။ အလွန်နီသောအရောင်
၄။ ထန်းကျင့်ရောင်ခေါ် ပန်းရောင်
၅။ အလွန်မဲနက်သော အနက်ရောင်
၆။ ကင်းကျောကုန်းရောင်
၇။ ဖျော့တော့သော သစ်ရွက်ရောင်
(မဟာဝါပါဠိတော်၊ ၄၂၃)
အထက်ပါ (၇)မျိုးကား ပါဠိတော်၌ တိုက်ရိုက်တားမြစ်ထားသော အရောင်များ
ဖြစ်၏။
ပါဠိတော်၌ကား အပ်စပ်သော အရောင်တို့ကို သိသန့် ဟောကြားထားခြင်း မရှိသည်အတွက်
မအပ်စပ်သော အရောင်တို့ကို ချန်၍ ကျန်အရောင်တို့ကို အပ်စပ်ကြောင်း ယူဆရာ၏။
သီလက္ခန္ဓဝဂ္ဂအဋ္ဌကထာ၊ ၄၁ ၌
တသ္မိဉ္စ ပန ဒိဝသေ ယေဘုယျေန အသီတိမဟာထေရာ မေဃဝဏ္ဏံ ပံသုကူလံ ဧကံသံ ကရိတွာ....
"ရှစ်ဆယ်သော မဟာသာဝကကြီးတို့သည် မိုးတိမ်နီရောင် နီညိုရောင် ပံသုကူသင်္ကန်းကို လက်ကန်တော့တင်လျက်"ဟု လည်းကောင်း
မဇ္စျိမပဏ္ဏာသအဋ္ဌကထာ၊ ၁၄ ၌လည်း
ဘဂဝါ လာခါရသေန တိန္တရတ္တကောဝိဠာရပုပ္ဖဝဏ္ဏံ ရတ္တဒုပဋ္ဋံ ကတ္တရိယာ ပဒုမံ ကန္တန္တော ဝိယ သံဝိဓာယ တိမဏ္ဍလံ ပဋိစ္ဆာဒေန္တော နိဝါသေတွာ...
"မြတ်စွာဘုရားသည် ခြိတ်ရည် တွေးတွေးနီသော ပင်လယ် ကသစ်ပွင့် အဆင်းရှိသော နီသော နှစ်ထပ်သင်းပိုင်ကို မညီသောအစွန်းအစများကို ကတ်ကြေးဖြင့် ဖြတ်ထားဘိသကဲ့သို့ အဝန်းညီစွာ ဝတ်ရုံ၍" ဟု လည်းကောင်း
သဂါထာဝဂ္ဂသံယုတ္တအဋ္ဌကထာ၊ ၂၈၃ ၌လည်း
အထေကစာရိကဒွိစာရိကာဒယော ပံသုကူလိက,ပိဏ္ဍပါတိကဘိက္ခူ အတ္တနော အတ္တနော ဝသနဋ္ဌာနေဟိ နိက္ခမိတွာ အာဂမ္မ ဒသဗလံ ဝန္ဒိတွာ ရတ္တသာဏိယာ ပရိက္ခိပမာနာ ဝိယ နိသီဒိံသု။
"ပံသုကူဓုတင်ဆောင်၊ ပိဏ္ဍပါတ်ဓုတင်ဆောင်ရဟန်းတို့သည် ဘုရားရှင်ကို ရှိခိုးပြီး၍ နီသော ကန့်လန့်ကာဖြင့် ကာရံထားသကဲ့သို့ ထိုင်နေကြပြီ"ဟု လည်းကောင်း ပြဆိုထား၏။
အထက်ပါ အဋ္ဌကထာစကားတို့ကို ကြည့်လျှင် ဘုရားရှင် လက်ထက်တော်အခါက ရဟန်းတော်များ ဝတ်ရုံသော သင်္ကန်းမှာ အနီရောင် (ပနံခေါက်ဆိုးအရောင်)ဟု သိသင့်၏။
ထို့ပြင် ဘုရားလက်ထက် ရဟန်းတော်များသည် အဝါရောင်သင်္ကန်းကိုလည်း ဝတ်ရုံကြကြောင်း သာဓကများလည်း ရှိသေး၏။
ဇာတကအဋ္ဌကထာ၊၂၊၂၃ ၌
ဧဝံ သဗ္ဗေပိ တေ လဒ္ဓသာဋကာ ဘိက္ခူ သာဋကေ ဆိန္ဒိတွာ ရဇိတွာ ကဏိကာရပုပ္ဖဝဏ္ဏာနိ ကာသာယာနိ နိဝါသေတွာ......
"ပိတ်စကို ရကြကုန်သော ထိုရဟန်းတို့သည် ပိတ်စတို့ကို ဖြတ်ကြ ချုပ်ကြ ဆိုးကြ
ပြီးလျှင် မဟာလှေကား ပန်းပွင့်အရောင်ရှိသော သင်္ကန်းတို့ကို ဝတ်ရုံကြကုန်လျက်"ဟု မိန့်ဆိုထား၏။
(မဟာလှေကားပန်းသည် အဝါရောင်ဖြစ်၍ အဝါရောင်သင်္ကန်းကိုလည်း ဝတ်ရုံကြကြောင်း သိသင့်ပါ၏။
ဘုရားအစရှိသော အရိယာ သူတော်ကောင်းတို့ ဝတ်သော အနီရောင်နှင့် အဝါရောင်မှာ အပ်စပ်သော အရောင်သာ ဖြစ်ပါ၏။
မအပ်စပ်သည်မှာ ကြက်သွေးရောင်ကဲ့သို့ အလွန်နီရဲသောအရောင်နှင့် ရွှေကဲ့သို့ အလွန်ဝါသော အရောင်ဖြစ်၏။
ဖုဿထေရဂါထာ၊ ၃၄၁ ၌
ဥဒ္ဓတာ စ ဘဝိဿန္တိ, နီလစီဝရပါရုတာ၊
ရထိယာယ ဂမိဿန္တိ, ဒန္တဝဏ္ဏိကပါရုတာ။
မိလက္ခုရဇနံ ရတ္တံ [ပိလက္ခရဇနံ ရတ္တံ], ဂရဟန္တာ သကံ ဓဇံ၊ ထေရဂါထာပါဠိ၊၃၄၂
"ရဟန်းတို့သည် စိတ်တည်ကြည်မှု ကင်း၍ ပျံလွင့်ခြင်း ရှိကြကုန်လျက် အညိုရောင်သင်္ကန်းများကို ဝတ်ရုံကြလိမ့်မည်" ဟု ဆိုထား၍ အညိုရောင် သင်္ကန်းသည် အနာဂတ်၌ ဒုဿီလရဟန်းတို့ ဝတ်အပ်သော အရောင်ဖြစ်၍ မအပ်"ဟုသာ မှတ်ရမည်။
သင်္ကန်းကို ကာသဝ ဟုခေါ်၍ ကာသဝသည် အဖန်အရသာကို ဆိုလို၍ ဖန်ရည်ဆိုး သစ်ခေါက်ဆိုး အဝတ်ဟု ဆိုလိုသည်။ ဗလိဗောဓ ပရိယာသနကိစ္စ မများစေရန် ရလွယ်သောအဝတ်၊ ဆိုးလွယ်သော အရောင်သည်သာ အဓိကကျပါသည်။ သင်္ကန်းဝတ်ရသော ရဟန်းသည်လည်း မှက် ခြင် ယင် လေ နေပူစည်တို့ကို ကာရန်လျက် ရဟန်းတရားကို ချမ်းချမ်းသာသာ အားထုတ်နိုင်ဖို့သည်ပင် အဓိကကျပါသည်။
အရောင် ရွေးချယ်ခြင်းဖြင့် အတ္တကိလမထ စိတ်အလိုမကျဖြစ်နေရခြင်းက သူတော်ကောင်းတရားများကို ပျောက်ကင်းစေပါသည်။
ကထိန်ခင်း၍ သင်္ကန်းရရှိသော ရဟန်းတို့မှာ ကထိန် အာနိသင်ငါးပါး ခံစားရကြောင်း မိန့်ဆိုထားလေသည်။
ရဟန်းတို့ ရရှိသော ကထိန်အာနိသင် ၅-ပါး
(ရဟန်းတော်များသည် ကထိန်အာနိသင်ကို ယင်းနှစ်၏ တပေါင်းလပြည့်နေ့အထိသာ ရရှိကြရပါသည်)
"အနာမန္တစာရ, အသမာဒါနစာရ, ဂဏဘောဇန, ယာဝဒတ္ထစီဝရ, ယောစတတ္ထစီဝရုပ္ပါဒသင်္ခါတေ ပဉ္စာနိသံသေ အန္တောကရဏသမတ္ထတာယ"။ ဝိနယာလင်္ကာရဋီကာ၊၂၊၈၉ နှင့် အညီ
၁။အနာမန္တ စာရ- ထင်ရှားရှိသော ရဟန်းကို မပန်ကြားမူ၍ မြို့တွင်း ရွာတွင်း ဆွမ်းဖိတ်ရာအိမ်သို့ သွားနိုင်ခြင်း၊
၂။အသမာဒါန စာရ- အဓိဋ္ဌာန်တင်ပြီး ဆောင်သော သင်္ကန်းကို မယူမူ၍ သွားနိုင် နေနိုင်ခြင်း၊
၃။ဂဏ ဘောဇန- ထမင်းစားကြွပါ စသည်ဖြင့် မအပ်သော ပင့်ဖိတ်ခြင်းရှိသော ဂဏဘောဇဉ်ကို သုံးဆောင်နိုင်ခြင်း၊
၄။ယာဝဒတ္ထ စီဝရ- အလိုရှိတိုင်း သင်္ကန်းကို အဓိဋ္ဌာန် ဝိကပ္ပနာ(၁၀ ရက်အတွင်း စွန့်ခြင်း) မပြုမူ၍ ထားနိုင်ခြင်း၊
၅။ယောစတတ္ထ စီဝရုပ္ပါဒ- ကထိန်ခင်းသော ကျောင်းတိုက်၌ ကထိန်ခင်းပြီးနောက် တပေါင်းလပြည့်နေ့အထိ သံဃာအား လှူသော သင်္ကန်းလျာကိုလည်းကောင်း၊ သို့မဟုတ် သင်္ကန်းကိုလည်းကောင်း၊ ထိုကျောင်းတိုက်ရှိ ကထိန် အနုမောဒနာပြုသော ရဟန်းတို့သာ ရနိုင်ခြင်း။
ကထိန်အလှူရှင်များ ရရှိသော အကျိုးများ
ကထိန်လှူဒါန်းကြကုန်သော တကာတကာမတို့၏ အလှူအကျိုးအာနိသင်သည်ကား ကန့်သတ်ချက်မရှိ နိဗ္ဗာန်သို့ ရောက်သည်အထိ အကျိုးပေးပါသည်။
၁။ မိမိလိုရာအရပ်ဘက်သို့ လွတ်လပ်စွာသွားလာ နိုင်ခြင်း၊
၂။ နိဗ္ဗာန်မရမီဘဝများတွင် ကိစ္စအဝဝကို အနှောင့် အယှက်ကင်းစွာ ဆောင်ရွက်နိုင်ခြင်း၊
၃။ အစားအစာ ပစ္စည်းဥစ္စာ စည်းစိမ်တို့ကို ပေါများ စွာ ပိုင်ဆိုင်သုံးဆောင်နိုင်ခြင်း၊
၄။ အစာရေစာပေါများ၍ ဘေးအန္တရာယ် (အဆိပ် အတောက်)ကင်းစွာ သုံးဆောင်နိုင်ခြင်း၊
၅။ ရန်သူမျိုးငါးပါးမှ ကင်းဝေးရခြင်း၊
၆။ အမျိုးသမီးများဖြစ်က မဟာလတာ တန်ဆာကို ဝတ်ဆင်နိုင်သော ရုပ်ရည် ရူပကာယ ထောင်ထောင်မောင်းမောင်း ဒေါင်ကောင်းကောင်းဖြင့် ဟောလိဝုဒ်မင်းသမီးကဲ့သို့ လှပတင့်တယ်သည့်အပြင် စည်းစိမ်ဥစ္စာ ရတနာများနှင့်လည်း ပြည့်စုံရခြင်း။ မိမိဝတ်ဆင်လိုသည့် အဝတ်များကို အလိုရှိတိုင်း ရရှိနိုင်ခြင်း။ ဘိက္ခုနီ သီလရှင် ယောဂီသူတော်စင် ပြုလုပ်လိုသော အခါ၌လည်း မိမိဝတ်ဆင်လိုသည့် အဝတ်များကို အလိုရှိတိုင်း ရရှိနိုင်ခြင်း။
၆။ အမျိုးသားများဖြစ်က ခွန်အားဗလ, စည်းစိမ်ဥစ္စာနှင့် ပြည့်စုံလျက် ရတနာ စလွယ်များ ဝတ်ဆင်ရခြင်း။ မိမိဝတ်ဆင်လိုသည့် အဝတ်များကို အလိုရှိတိုင်း ရရှိနိုင်ခြင်း။ ဘုရားရှင် ပွင့်ခေတ်နှင့် ကြုံရပါက ရဟန်းပြုလိုသည့်အခါ ကြည်ညိုဖွယ် ပသာဒအသွင်ဖြင့် ဧဟိဘိက္ခု ရဟန်းဖြစ်ရခြင်း။
ကထိန်လှူဒါန်းရာ၌ အခြားသော သင်္ကန်း ပရိက္ခရာများပါ ပါဝင်သောကြောင့် သက်ဆိုင်ရာ အကျိုးအာနိသင်များကိုလည်း ထပ်ဆင့် ရရှိနိုင်ပါသည်။
သင်္ကန်းလှူရခြင်း အကျိုး ၈-မျိုး
၁။ ရွှေအဆင်းကဲ့သို့ လှပတင့်တယ်ခြင်း၊
၂။ အဆင်းပျက်စေသော မှဲ့ အမာ အသီးစသော အညစ်အကြေးများ ကင်းစင်ခြင်း၊
၃။ ပြိုးပြိုးပြက်ပြက် အရောင် အဝါထွက်ခြင်း၊
၄။ တန်ခိုး အာနုဘော်ကြီးခြင်း၊
၅။ ကိုယ်လက်အင်္ဂါ ပြေပြစ်ချောမော လှပခြင်း၊ ဦးခေါင်းထက်၌ အရောင်အမျိုးမျိုးရှိသော ပုဆိုးပေါင်းတစ်သိန်းတို့ မိုးကာခြင်း။
၆။ အရောင်အဆင်း အလှပဆုံးဖြစ်သော အဝတ်အထည်တို့ကိုသာ ဆင်မြန်းရခြင်း၊ ပိုးထည်၊ ကမ္ဗလာထည်၊ ဖဲထည်၊ ၀ါထည် အ၀တ်ပုဆိုးတို့ကို အလိုရှိသမျှ ရနိုင်ခြင်း။
၇။ မွန်မြတ်နုညံ့သည့် အဝတ်အထည်တို့ကိုသာ ရနိုင်၍ ဆင်ယင် သုံးဆောင်ရခြင်း။ (အပဒါန်၊၁၊၃၅၈)
၈။ အမျိုးသမီးများဖြစ်က မဟာလတာ တန်ဆာကို ဝတ်ဆင်နိုင်သော ရုပ်ရည် ရူပကာယ ထောင်ထောင်မောင်းမောင်း ဒေါင်ကောင်းကောင်းဖြင့် ဟောလိဝုဒ်မင်းသမီးကဲ့သို့ လှပတင့်တယ်သည့်အပြင် စည်းစိမ်ဥစ္စာ ရတနာများနှင့်လည်း ပြည့်စုံရခြင်း။ ဘိက္ခုနီ သီလရှင် ယောဂီသူတော်စင် ပြုလုပ်လိုသော အခါ၌လည်း မိမိဝတ်ဆင်လိုသည့် အဝတ်များကို အလိုရှိတိုင်း ရရှိနိုင်ခြင်း။
၈။ အမျိုးသားများဖြစ်က ခွန်အားဗလ, စည်းစိမ်ဥစ္စာနှင့် ပြည့်စုံလျက် ရတနာ စလွယ်များ ဝတ်ဆင်ရခြင်း။ ဘုရားရှင် ပွင့်ခေတ်နှင့် ကြုံရပါက ရဟန်းပြုလိုသည့်အခါ ကြည်ညိုဖွယ် ပသာဒအသွင်ဖြင့် ဧဟိဘိက္ခု ရဟန်းဖြစ်ရခြင်း။
ယပ်လှူရခြင်း အကျိုး (၉) မျိုး
၁။ ပူပန်မှုသောကမရှိခြင်း။
၂။ ခန္ဓာကိုယ်အေးမြချမ်းသာခြင်း။
၃။ စိတ်အေးမြချမ်းသာခြင်း။
၄။ ရာဂမီးတောက်လောင်မှု ကင်းရှင်းခြင်း။
၅။ ဒေါသမီးတောက်လောင်မှု ကင်းရှင်းခြင်း။
၆။ မောဟမီးတောက်လောင်မှု ကင်းရှင်းခြင်း။
၇။ ဒိဋ္ဌိမီးပူကင်းရှင်းခြင်း။
၈။ မာနမီးပူကင်းရှင်းခြင်း။
၉။ ရန်သူများကိုအောင်နိုင်ခြင်း။
ဖိနပ်လှူရခြင်း အကျိုး (၄) မျိုး
၁။ ယာဉ်အမျိုးမျိုးကိုရရှိခြင်း။
၂။ ခြေလှမ်းတိုင်း ခြေနင်းခံပေါ်ပေါက်လာရခြင်း။
၃။ လွယ်ကူချမ်းသာစွာ ခရီးသွားလာနိုင်ခြင်း။
၄။ သန့်ရှင်းစင်ကြယ်သော စိတ်ရှိခြင်း။
ထီးလှူရခြင်း အကျိုး (၈) မျိုး
၁။ ပူလွန်း၊ အေးလွန်းခြင်းကို မခံစားရခြင်း။
၂။ ခန္ဓာကိုယ်၌ အညစ်အကြေးများ ကင်းရှင်းရခြင်း။
၃။ အနှောင့်အယှက် ကင်းရှင်းရခြင်း။
၄။ ဘေးအန္တရာယ် ကင်းရှင်းခြင်း။
၅။ သူတစ်ပါးရိုသေမှုကို ခံရခြင်း။
၆။ ရုပ်အဆင်းလှပ နူးညံ့ရခြင်း။
၇။ စင်ကြယ်သော စိတ်နှလုံးရှိခြင်း။
၈။ စည်းစိမ်ဥစ္စာရန်သူများ မဖျက်ဆီးနိုင်ခြင်း။
သပိတ်လှူရခြင်း အကျိုး (၈) မျိုး
၁။ ရွှေခွက်၊ မြခွက်၊ ငွေခွက်၊ ပတ္တမြားခွက်တို့ကို သုံးဆောင်ရခြင်း။
၂။ ဘေးဥပါဒ် မရှိခြင်း။
၃။ ရောဂါရန်မာန်ဒဏ် အမျိုးမျိုးတို့မှ ကင်းရှင်းခြင်း။
၄။ လူနတ်အပေါငးတို့၏ ပူဇော်မြတ်နီုးသည်ကို ခံရခြင်း။
၅။ လာဘ်များခြင်း။
၆။ စည်းစိမ်ချမ်းသာ မပျက်စီးနိုင်ဘဲ တည်ခိုင်ခြင်း။
၇။ စိတ်နှလုံး တည်တံ့ခြင်း။
၈။ ကိလေသာ အာသဝေါ နည်းပါးစွာနှင့် အမြတ်တရားကိုသာ လိုလားခြင်း။
ရေစစ်လှူရခြင်း အကျိုး (၆) မျိုး
၁။ သူများထက် အသက်ရှည်ခြင်း။
၂။ ရန်သူများ မဖျက်ဆီးနီုင်ခြင်း။
၃။ လက်နက်များ မထိရှနိုင်ခြင်း။
၄။ အဆိပ်ဘေးမှ ကင်းလွတ်ရခြင်း။
၅။ အများလက်ချက်ဖြင့် မသေနိုင်ခြင်း။
၆။ အေးအေးချမ်းချမ်း သန့်သန့်ရှင်းရှင်း နေထိုင်ရခြင်း။
ခေါင်းရိပ်ဓား လှူရခြင်း အကျိုး (၇) မျိုး
၁။ ရဲရင့်ခြင်း။
၂။ ထိတ်လန့်တုန်လှုပ်မှု ကင်းခြင်း။
၃။ ရဲရင့်မှု ဝေသာရဇ္ဇဂုဏ်နှင့် ပြည့်စုံခြင်း။
၄။ မယိမ်းမယိုင် ခိုင်ခံ့ခြင်း။
၅။ ၀ီရိယစွမ်းအင် ထက်သန်ခြင်း။
၆။ စိတ်နေစိတ်ထား မြင့်မားခြင်း။
၇။ ကိလေသာကို ဖြတ်နိုင်သော အရဟတ္တမင်္ဂဥာဏ်နှင့် ပြည့်စုံခြင်း။
အခင်း လှူရခြင်း အကျိုး (၆) မျိုး
၁။ တင့်တယ် လျောက်ပတ်သော လုံးရပ်သဏ္ဍာန်ရှိခြင်း။
၂။ ကောင်းစွာ စေ့စပ်သောကိုယ်ရှိခြင်း။
၃။ ဥာဏ်ပညာကြီးမားရခြင်း။
၄။ အ၀တ်ကောင်းများကို သုံးဆောင်ရခြင်း။
၅။ အခင်းကောင်းများကိုသာ သုံးဆောင်ရခြင်း။
၆။ မြတ်သောဈာန်သမာပတ် ချမ်းသာကို ခံစားရခြင်း။
ခါးပန်းကြိုးလှူရခြင်း အကျိုး (၆) ပါး
၁။ သမာဓိ မပျက်စီးခြင်း။
၂။ သမာဓိကို စိုးပိုင်ခြင်း။
၃။ ပရိသတ် မပြိုမကွဲခြင်း။
၄။ သူတစ်ပါးကို နားဝင်အောင် ပြောဆိုနိုင်ခြင်း။
၅။ သတိခိုင်မြဲခြင်း။
၆။ ထိတ်လန့်တုန်လှုပ်မှု မရှိခြင်း။
Commentaires