ဘုန်းတော် အလွန်ကြီးမြတ်တော်မူလှသော မင်းတကာတို့၏ အထွတ်သရဖူ မှန်ကူသင်းကျစ် မျက်ရစ်သဖွယ်ဖြစ်တော်မူသော ၃-လောကသေဌ်နင်း တရားမင်းဘုရားသည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်အနီး ဂိဇ္ဈကုဋ်တောင်ယံ၌ နေတော်မူသောအခါ ဒေဝဒတ်ကိုအကြောင်းပြု၍ “ရာဇာသိ လုဒ္ဒကမ္မော” အစရှိသောဂါထာဖြင့် တန်ဆာဆင်အပ်သော ဤ“စန္ဒကုမာရ”ဇာတ်တော်ကို ဟောတော်မူသတည်း။
အဇာတသတ်မင်းသည် ဒေဝဒတ်အကြံပေးသည့်အတိုင်း ခမည်းတော် ဗိမ္ဗိသာရမင်းကြီးကို သတ်ပြီးသော် ဒေဝဒတ်သည် အဇာတသတ်မင်းထံသို့သွား၍ “ဒကာတော်မင်းမြတ်။ ဒကာတော်အလိုအတိုင်း ပြည့်စုံပြီ။ ငါ၏အလို အပြီး မရောက်သေး”ဟု ဆို၏။ “ရှင်ဒေဝဒတ်၊ အရှင်ဘုရား အဘယ်အလို ရှိတော်မူသနည်း”ဟု မေး၏။ “အရှင်မင်းကြီး။ ငါကား အား၁ဝ-ပါးနှင့်ပြည့်စုံသော ဘုရားကိုသတ်၍ ဘုရားလုပ်ရအံ့သည် မဟုတ်လော”ဟုဆို၏။ “အရှင်ဒေဝဒတ်။ ထိုသို့တပြီးကား အကျွန်ုပ် အဘယ်အကြောင်းကို ပြုရပါအံ့နည်း”ဟု မေး၏။ “အရှင်မင်းကြီး။ လေးသမားကျော်တို့ကို စည်းဝေးစေ”ဟု ဆို၏။
အဇာတသတ်မင်းလည်း ရှင်ဒေဝဒတ်စကားကို “ကောင်းပါပြီ”ဟု ဝန်ခံ၍ အရိုးကိုပေါက်အောင်ပစ်နိုင်သော အက္ခဏဝေဓိ လေးသမား ၅ဝဝ-တို့ကို စည်းဝေးစေ၍ လေးသမား ၅ဝဝ-တွင် လက်ရွေးလေးသမားကျော် ၃-ကျိပ် ၁-ယောက်တို့ကို “ရှင်ဒေဝဒတ်စကားကို လိုက်နာကြလေကုန်”ဟုဆို၍ ရှင်ဒေဝဒတ်ထံ စေလိုက်၏။
ဒေဝဒတ်သည် ထိုလေးသမား ၃-ကျိပ် ၁-ယောက်တို့တွင် ` လေးသမားကြီးကိုခေါ်၍ “ဒကာလေးသမားကြီး။ ယခု ရဟန်းဂေါတမ ဂိဇ္ဈကုဋ်တောင်၌နေလျက် ဤမည်သော နေ့သန့်ရာ၌ စင်္ကြံသွား၏။ ထိုအရပ်သို့ သင်သွား၍ ဘုရားဂေါတမကို ဆိပ်လူးမြားဖြင့် ပစ်သတ်ပြီးသော် ဤမည်သောခရီးဖြင့် လာလှည့်”ဟု စေလိုက်ပြီးလျှင်၊ လေးသမား ၂-ယောက်ကိုခေါ်၍ ထိုလေးသမားကြီး ပြန်ရာခရီး၌ထား၍၊ “သင်တို့နေသောခရီးဖြင့် ယောက်ျားတစ်ယောက် လာလတ္တံ့။ ထိုယောက်ျားကိုသတ်၍ ဤမည်သောခရီးဖြင့် သင်တို့ လာလှည့်”ဟု ဆို၏။ ထိုလေးသမား ၂-ယောက် ပြန်ရာခရီး၌လည်း လေးသမား ၄-ယောက်ကိုခေါ်ပြန်၍ “သင်တို့ခရီးဖြင့် ယောကျာ်း၂-ယောက် လာလတ္တံ့။ ထိုသူတို့ကိုသတ်၍ ဤမည်သောခရီးဖြင့် လာလှည့်”ဟု ထားပြန်၏။
ထိုလေးသမား ၄-ယောက် ပြန်ရာခရီး၌လည်း လေးသမား ၈-ယောက်ခေါ်၍ “သင်တို့ခရီးဖြင့် ယောက်ျား ၄-ယောက် လာလတ္တံ့။ ထိုသူတို့ကိုသတ်၍ ဤမည်သောခရီးဖြင့် လာလှည့်”ဟုထား၏။ ထိုလေးသမား၈-ယောက် ပြန်ရာခရီး၌လည်း လေးသမား ၁-ကျိပ် ၆-ယောက်ကိုခေါ်၍ “သင်တို့ခရီးဖြင့် ယောက်ျား ၈-ယောက် လာလတ္တံ့။ ထိုသူတို့ကိုသတ်၍ ဤမည်သော ခရီးဖြင့်လာလှည့်”ဟု ထား၏။
(ဤသို့စီရင်ခြင်းသည်ကား ဒေဝဒတ်သည် မိမိပြုသောအမှုကို ဖုံးလွှမ်းလျှို့ဝှက်လိုသောကြောင့် စီရင်သတည်း။)
ထိုအခါ လေးသမားကြီးသည် လက်ဝဲလက်မှ သန်လျက်ကိုလွယ်၍ ကျောဖြင့် မြားတောင့်ဖွဲ့လျက် ဆိတ်ချိုလေးကိုယူ၍ မြတ်စွာဘုရားရှိရာ အနီးသို့ကပ်ပြီးသော် “ပစ်အံ့”ဟု လေးကိုတင်၍ မြားကို ဒူးပေါ်၌တင်၍ “လွှတ်အံ့”ဟု ညှို့ကိုငင်သည်ရှိသော် မတတ်နိုင်။ မြားကိုချအံ့သောငှာလည်း မတတ်နိုင်ရကား နံရိုးကျိုးသကဲ့သို့ ခံတွင်းမှလည်း တံတွေးယိုစီးလျက် ပြင်းစွာပင်ပန်းခြင်းသို့ ရောက်၏။ ကိုယ်အလုံးလည်း ခက်တရော်ရှိ၏။ ယန္တရားစက်ဖြင့် ညှစ်သကဲ့သို့ ပြင်းစွာနာကျင်၏။ ထိုလေးသမားသည် သေအံ့သောဘေးမှ ကြောက်လန့်လျက် တည်နေ၏။
ထိုလေးသမားကို မြတ်စွာဘုရားမြင်တော်မူ၍ ရွှေနှုတ်တော်တည်းဟူသော ပဒုမ္မာကြာတိုက်မှ သာယာစွာသောအသံတော်ကိုမြွက်လျက် “အချင်းယောက်ျား။ မကြောက်လင့်။ ဤသို့လာလှည့်”ဟု မိန့်တော်မူ၏။ ထိုလေးသမားသည် ထိုခဏ၌ မြတ်စွာဘုရားခေါ်တော်မူလျှင် လက်နက်များကိုပစ်စွန်ခဲ့၍ အထံတော်သို့ကပ်လျက် ခြေတော်ရင်း၌ ဦးဖြင့်ဝပ်၍ “အရှင်ဘုရား။ အကျွန်အား ကြီးစွာသောအပြစ် နှိပ်စက်ဘိ၏။ အကျွန်ုပ်သည် မသိမလိမ္မာ မိုက်မဲတွေဝေသောအလျောက် ဘုန်းတော်ကြီးလှသော အရှင်ဘုရား၏ ဂုဏ်ကျေးဇူးတော်မြတ်ကို မသိသည်ဖြစ်၍ အလွန်မိုက်သော ဒေဝဒတ်၏စကားဖြင့် အရှင်ဘုရားကို ပစ်သတ်အံ့သောငှာ လာမိ၏။ ထိုလွန်ကျူးပြစ်မှားမိသော အကျွန်ုပ်၏အပြစ်ကို အစဉ်သနားသဖြင့် သည်းခံတော်မူပါ”ဟု တောင်းပန်ကန်တော့ပြီးလျှင် တင့်အပ်သောနေရာ၌နေ၏။
ထိုအခါ မြတ်စွာဘုရားသည် လေးသမားကြီးအား တရားဟောကြားတော်မူလျက် သစ္စာ၄-ပါးကိုပြ၍ သောတာပတ္တိဖိုလ်၌ တည်စေပြီးသော် “ဒကာလေးသမား။ ဒေဝဒတ်ကြားသောခရီးကို မသွားမူ၍ တစ်ပါးသောခရီးဖြင့် သွားလေ”ဟု လွှတ်တော်မူလိုက်၏။ ထိုလေးသမားပြန်သွားပြီးလျှင် စင်္ကြံမှ သက်တော်မူ၍ တစ်ခုသောသစ်ပင်ရင်း၌ နေတော်မူ၏။
ထိုအခါ ဒေဝဒတ်ကြားသောခရီးဖြင့် လေးသမားကြီး မလာလတ်သော် ထိုခရီး၌ထားသော လေးသမား၂-ယောက်တို့သည် “အကြောင်းအသို့နည်း။ ထိုယောက်ျားသည် မလာ။ ကြာလေစွ”ဟု ခရီးရင်ဆိုင်သွားကြလတ်လျှင် သစ်ပင်ရင်း၌ မြတ်စွာဘုရားကိုမြင်၍ အထံတော်သို့ကပ်လျက် ရှိခိုးကုန်သဖြင့် တင့်အပ်သောအရပ်၌ နေကြကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ထိုလေးသမား ၂-ယောက်တို့အား တရားဟောတော်မူပြီး၍ သစ္စာ၄-ပါးကိုပြလျက် သောတာပတ္တိဖိုလ်၌ တည်စေပြီးသော် “ဒကာတို့။ ဒေဝဒတ်ဆိုသောခရီးဖြင့် မသွားမူ၍ ဤခရီးဖြင့် သွားလေကုန်”ဟု လွှတ်တောမူလိုက်၏။
ဤသို့သောနည်းဖြင့် လေးသမား ၄ ယောက်, ထိုနောက် ၈-ယောက်, ထို့နောက် ၁-ကျိပ် ၆-ယောက်သော လေးသမားတို့သည် လာလတ်ကုန်၍ နေကုန်ပြီးသော် သောတာပတ္တိဖိုလ်၌ တည်စေပြီး၍ “တစ်ပါးသောခရီးဖြင့် လွှဲသွားလေကုန်”ဟု လွှတ်တော်မူလိုက်၏။
ထိုအခါ ရှေးဦးစွာလာသော လေးသမားကြီးသည် ဒေဝဒတ်အထံသို့ကပ်၍ “ရှင်ဒေဝဒတ်။ အကျွန်ုပ်သည် မြတ်စွာဘုရားကို ပစ်သတ်အံ့သောငှာ မတတ်နိုင်။ မြတ်စွာဘုရားသည် ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်နှင့် ပြည့်စုံတော်မူပေ၏”ဟု ကြား၏။ ထိုလေးသမား ၃-ကျိပ် ၁-ယောက်တို့သည် “မြတ်စွာဘုရားကိုမှီ၍ ငါတို့ အသက်ရှည်ပေသည်”ဟု သံဝေဂကိုဖြစ်စေလျက် မြတ်စွာဘုရားအထံတော်၌ ရဟန်းပြုကြ၍ ရဟန္တာဖြစ်ကုန်၏။
ဤသို့ မြတ်စွာဘုရားကို ဒေဝဒတ် သတ်မည်အကြံ စီရင်ဟန်အကြောင်းကို ရဟန်းသံဃာတို့၌ ထင်ရှားပြောဆိုကြကုန်၏။
“အရှင်တို့။ ဒေဝဒတ်သည် မြတ်စွာဘုရား တစ်ပါးတည်းကို ရန်ငြိုးဖွဲ့သောစိတ်ဖြင့် ဘုရားရှင်ကိုသာ သတ်မည်မကြံ။ များစွာသောသူတို့ကိုလည်း သတ်မည်အကြံနှင့် အတန်တန် လုံ့လပြု၏။ ထိုလေးသမားတို့သည်လည်း မြတ်စွာဘုရားကိုမှီ၍ အသက်ရှည်ကုန်၏”ဟု ပြောဆိုကြကုန်၏။
ထိုအခါ မြတ်စွာဘုရား ကြွတော်မူလတ်၍ “ရဟန်းတို့။ ယခု ငါဘုရား လာတော်မူသောအခါ ဤတရားသဘင်၌ အဘယ်မည်သောစကားဖြင့် စည်းဝေးကြကုန်သနည်း”ဟု မေးတော်မူလျက်၊ “ဤမည်သော အကြောင်းဖြင့်တည်း”ဟု ရွှေနားတော်လျှောက်လတ်သော်၊ “ချစ်သားရဟန်းတို့။ ယခုသာလျှင် ဒေဝဒတ်သည် ငါတစ်ယောက်ကိုမှီ၍ ငါ၌ ရန်ငြိုးဖွဲ့သောစိတ်ဖြင့် များစွာသောသူတို့ကို သတ်အံ့သောငှာ လုံ့လပြုသည်မဟုတ်။ ရှေးသံသရာ၌လည်း ဤကဲ့သို့ လုံ့လပြုဖူး၏”ဟု မိန့်တော်မူ၍ ဆိတ်ဆိတ်နေတော်မူ၏။ ရဟန်းတို့သည် “ဘုန်းတော် အလွန်ကြီးလှသော အရှင်ဘုရား။ ယခုအဖြစ်၌ ဒေဝဒတ်အကြောင်း အတ္ထုပ္ပတ္တိကို သိရပါပြီ၊ ရှေးသံသရာ၌ အကြောင်းကို မသိကြရပါ။ ခပ်သိမ်းသော ဝေနေယျတို့အား သနားတော်မူသဖြင့် အတိတ်ကို ဆောင်တော်မူပါ”ဟု လျှောက်တောင်းပန်လတ်သော် လွန်လေပြီးသောအကြောင်းကိုဆောင်၍ ဤ“စန္ဒကုမာရ”ဇာတ်တော်ကို ဟောတော်မူပေ၏။
ရှေးလွန်လေပြီးသောအခါ ဤဗာရာဏသီပြည်သည် ပုပ္ဖဝတီ အမည်ရှိ၏။ ထိုပုပ္ဖဝတီပြည်၌ ဝသဝတ္တီမင်း၏သား ဧကရာဇ်အမည်ရှိသောမင်းသည် မင်းပြု၏။ ထိုဧကရာဇ်မင်း၏ သားတော်ကြီးကား “စန္ဒကုမာရ” အမည်ရှိ၏။ ထိုစန္ဒကုမာရမင်းသားအား အိမ်ရှေ့ပေးတော်မူ၏။ ခဏ္ဍဟာလအမည်ရှိသော ပုဏ္ဏားကား ပုရောဟိတ်တည်း။ ထိုခဏ္ဍဟာလပုဏ္ဏားကား ဧကရာဇ်မင်း၏ အကျိုးကိုလည်းကောင်း အကြောင်းကိုလည်းကောင်း အစဉ်ဆုံးမ၏။ ထိုခဏ္ဍဟာလပုဏ္ဏားကို ပညာရှိသောသူဟူ၍ တရားအဆုံးအဖြတ်ခံရာ လွှတ်သဘင်၌နေစေ၍ စီရင်ဆုံးဖြတ်စေ၏။ ထိုခဏ္ဍဟာလပုဏ္ဏားကား တံစိုးစားကြူး၏။ တံစိုးစား၍ တရားကိုဖြောင့်မတ်အောင် မစီရင်။ ဥစ္စာရှင်ကို ဥစ္စာရှင်မဟုတ်, ဥစ္စာရှင် မဟုတ်သောသူကို ဥစ္စာရှင်အဖြစ်ကို ပြု၏။
ထိုအခါ တစ်နေ့သ၌ တရားရှုံးသော ယောက်ျားတစ်ယောက်သည် တရားဆုံးဖြတ်ရာလွှတ်သဘင်မှ ကြွေးကြော်လျက် ထွက်လေ၏။ ထိုအခါ နန်းတော်သို့ဝင်သော စန္ဒကုမာရမင်းသားကိုမြင်လျှင် ပြေးလေ၍ ထိုအိမ်ရှေ့မင်း၏ခြေရင်း၌ ဝပ်လျက်ငိုကြွေး၏။ အိမ်ရှေ့မင်းသည် “အချင်းယောက်ျား။ အဘယ့်ကြောင့် ငိုကြွေးသနည်း”ဟု မေး၏။ “အရှင်မင်းသား။ တရားသူကြီး ခဏ္ဍဟာလပုဏ္ဏားသည် တရားဆုံးဖြတ်ရာ၌ တံစိုးစား၍ အကျွန်ုပ်ကို တရားမဟုတ်မမှန် အရှုံးစီရင်ဘိ၏”ဟုလျှောက်၏။
“အချင်းယောက်ျား။ ငါ ရှိ၏တကား။ ထိုသို့မှန်လျှင် မစိုးရိမ်လင့်”ဟု နှစ်သိမ့်စေ၍ တရားဆုံးဖြတ်ရာ လွှတ်သဘင်သို့ခေါ်ခဲ့သဖြင့် မြင့်သောတရားသူကြီးနေရာ၌ နေ၍၊ ထိုအမှုသည် ၂-ဦးတို့ကို စကားအချေအတင် တရားဝင်ဆိုစေပြီးလျှင် ဥစ္စာရှင်ကို ဥစ္စာရှင်, ဥစ္စာရှင်မဟုတ်သူကို မဟုတ်ဟု ဖြောင့်မှန်သည့်အတိုင်း ကောက်ယူဆုံးဖြတ် စီရင်တော်မူ၏။
ထိုတရားသဘင်၌ စည်းဝေးကုန်သော ပရိသတ်အပေါင်းတို့သည် “အိမ်ရှေ့မင်းသည် တရားကို ကောင်းစွာ ဆုံးဖြတ်စီရင်ပေ၏”ဟု ကြွေးကြော်အံ့ချီး ကောင်းချီးပေးကြကုန်၏။
ထိုအသံကို ဧကရာဇ်မင်းကြားလေ၍ “ဤအသံကား အဘယ်အသံနည်း”ဟု မေးတော်မူ၏။ မင်းချင်းတို့လည်း “အရှင်မင်းကြီး၏ သားတော်အိမ်ရှေ့မင်းသည် တရားသဘင်၌ တရားဆုံးဖြတ်သတည်း။ ထိုတရားဆုံးဖြတ်ရာ၌ ဤယခု ကြားတော်မူသောအသံကား တရားဖြောင့်မှန်စွာ ဆုံးဖြတ်ပေသောကြောင့် ပရိသတ်တို့ ကောင်းချီးပေးသောအသံ ဖြစ်ပါသည်”ဟု လျှောက်ကုန်၏။ ထိုစကားကို မင်းကြီးကြားတော်မူလျှင် အလွန် ဝမ်းမြောက်တော်မူလေသတည်း။
အိမ်ရှေ့မင်းလည်း တရားဆုံးဖြတ်ပြီးလျှင် နန်းတော်သို့ဝင်၍ ခမည်းတော်မင်းကြီးထံ တင့်အပ်သော အိမ်ရှေ့မင်းနေရာ၌ နေလျက်ခစား၏။
ထိုအခါ ဧကရာဇ်မင်းကြီးသည် “ချစ်သား။ သင် တစ်ခုသောတရားကို ဆုံးဖြတ်သည်ဟု ကြားသည်။ မှန်၏လော”ဟု မေးတော်မူ၏။ “ခမည်းတော်ဘုရား။ မှန်ပေ၏”ဟု လျှောက်၏။ “ချစ်သား။ ထိုသို့တပြီးကား ထိုနေ့မှစ၍ သင်သာ တရားဆုံးဖြတ်ရာ လွှတ်သဘင်သို့တက်၍ တရားဆုံးဖြတ်”ဟု တရားသူကြီးဟောင်း ခဏ္ဍဟာလကိုချ၍ အိမ်ရှေ့မင်းအား တရားသူကြီးအဖြစ်ကို ပေးတော်မူ၏။
ထိုနေ့မှစ၍ ခဏ္ဍဟာလပုဏ္ဏားအား လာဘ်ပူဇော်သက္ကာ ပဏ္ဏာကာရ ပြတ်၏။ ခဏ္ဍဟာလပုဏ္ဏားသည် ထိုနေ့မှစ၍ “အိမ်ရှေ့မင်းကြောင့်သာ ငါ့အား လာဘ်ပူဇော်သက္ကာရ ပြတ်၏”ဟု အိမ်ရှေ့မင်းအား ရန်ငြိုးဖွဲ့၍၊ “ဤသူကို အဘယ်သောအခါ အဘယ်သို့သောအကြောင်းဖြင့် နှိပ်စက်ရပါအံ့နည်း”ဟု နှိပ်စက်ဖျက်ဆီးရအံ့သောအခွင့်ကို ရှာစောင့်လျက်နေ၏။
မင်းကြီး ယစ်ပူဇော်မည် ကြံစည်ခန်း
ဧကရာဇ်မင်းသည်လည်း အလွန် ပညာနည်းလှသော မင်းတည်း။ တစ်နေ့သ၌ ဧကရာဇ်မင်းသည် ညဉ့်အခါ စက်ပျော်သည်ရှိသော် မိုးသောက်ယံအခါ၌ အိပ်မက်တွင် ရတနာ ၇-ပါးဖြင့်ပြီးသော မြို့တံတိုင်းတို့ဖြင့် တင့်တယ်စွာ တန်ဆာဆင်အပ်သော မုခ်တံခါးရှိသောမြို့ကြီး၌ ရွှေသဲတို့ဖြင့်ခင်းအပ်သော ယူဇနာ ၆၀-အကျယ်ရှိသော ခရီးဈေးလမ်းမလည်းရှိထသော, ယူဇနာ ၁၀၀၀ အမြင့်ဆောင်သော ဝေဇယန္တာပြာသာဒ်စသော အထူးအဆန်း ဘုံဗိမာန်တို့ဖြင့်လည်းကောင်း၊ နန္ဒဝန်ဥယျာဉ် အစရှိသည်တို့ဖြင့်လည်းကောင်း တန်ဆာဆင်အပ်သော တာဝတိံသာနတ်ပြည်ကို မြင်မက်သတည်း။
အိပ်မက်မြင်ပြီး၍နိုးလျှင် ထိုတာဝတိံသာနည်ပြည်သို့ ရောက်၍ စံစားပျော်မွေ့လိုသောစိတ် ရှိသည်ဖြစ်၍ “မိုးသောက်သောအခါ ဆရာ ခဏ္ဍဟာလသည် ငါ၏အထံသို့ခစားလာလတ္တံ့။ ထိုအခါ နတ်ပြည်သို့ရောက်အံ့သောအကြောင်းကို ဆရာပုရောဟိတ်အား မေး၍၊ ဆရာကြားအပ်သောခရီးဖြင့် ထိုတာဝတိံသာနတ်ပြည်သို့သွားအံ့”ဟု ကြံလျက်၊ နံနက်မိုးသောက်လျှင် ခဏ္ဍဟာလပုဏ္ဏားကို လည်တစွင့်စွင့် မျှော်လင့်တောင့်တလျက် နေ၏။
ခဏ္ဍဟာလပုဏ္ဏားသည် နံနက်မိုးသောက်လျှင်, ခစားမြဲအချိန်ရောက်လျှင်, ရေချိုး၍ ဝတ်စားတန်ဆာ ဆင်ယင်ဝတ်စားပြီးလျှင် ခစားအံ့သောငှာ နန်းတော်သို့ဝင်၍ မင်း၏အထံတော် ပုရောဟိတ်တို့နေရာ၌ နေပြီးသော် “အရှင်မင်းကြီး။ ယနေ့ ချမ်းသာစွာ စက်တော်မူရပါ၏လော”ဟု လျှောက်၏။
ဧကရာဇ်မင်းလည်း ခဏ္ဍဟာလပုဏ္ဏားအား မြတ်သောနေရာ၌ နေစေ၍ ပြဿနာမေး၏။
“ဆရာပုဏ္ဏား။ ဆရာကား တရားသဖြင့် ပြညွှန်းဆုံးမခြင်း၌ လိမ္မာ၏။ အကြင်အချင်းဖြင့် လူတို့သည် ကောင်းမှုပြုကုန်၍ နတ်ပြည်သို့သွားကြကုန်၏။ ထိုသူတို့ နတ်ပြည်သို့သွားသကဲ့သို့ ငါလည်း နတ်ပြည်သို့ သွားလို၏။ နတ်ပြည်သို့ရောက်ကြောင်း ကောင်းမှုကို ငါ့အား မြွက်ကြားညွှန်ပြလော့”ဟုဆို၏။
ခဏ္ဍဟာလပုဏ္ဏားသည် “ယခု ငါ့ရန်သူ၏ပျက်စီးခြင်းကို မြင်ရတော့အံ့။ ငါ၏ရန်သူဖြစ်သော စန္ဒကုမာရမင်းသားကို သေကျေပျက်စီးအောင်ပြုသဖြင့် အခွင့်သာယာစွာ ငါ၏အလို ပြည့်အံ့သည်”ဟု ကြံပြီးသော် နတ်ပြည်သို့ရောက်ကြောင်း ကောင်းသော ခရီးဖြစ်သည်ဟု ကြားပေ၏။
“အရှင်မင်းကြီး၊ သူတစ်ပါးတို့ လှူနိုင်ခဲသော အလွန်သော “အတိဒါန”ကို ပြုသောကြောင့်လည်းကောင်း၊ မသတ်အပ်သောသူတို့ကို သတ်၍ ကောင်းမှုပြုသောကြောင့်လည်းကောင်း နတ်ပြည်သို့ရောက်ကြကုန်၏”ဟုဆို၏။
ထိုအခါ မင်းကြီးသည် အတိဒါနစသည်ကို ပြုရမည်ဆိုသော ပုဏ္ဏားစကားကို အဓိပ္ပာယ် မသိမထင်နိုင်သည် ဖြစ်၍ မေးပြန်၏။
“ဆရာပုဏ္ဏား။ “အတိဒါန”ဟူသည်ကား အဘယ်နည်း။ “မသတ်အပ်သောသူ”ဟူသည်ကား အဘယ်သူနည်း။ ငါ့အား ထင်စွာကြားလော့။ ငါ လှူဒါန်းပူဇော်အံ့”ဟု ဆို၏။
ပုဏ္ဏားလည်း အတိဒါန စသည်ကိုကြားလို၍-
“အရှင်မင်းကြီး။ သား, သမီး, မိဖုရား, သူကြွယ်, နွားလားဥသဘ, အာဇာနည်မြင်းစသော ခပ်သိမ်းစုံ ၄-ခုစီဖြစ်သော သဗ္ဗစတုက္ကဖြင့် ပူဇော်အပ်၏”ဟု ကြား၏။
ထိုခဏ္ဍဟာလပုဏ္ဏားသည် နတ်ပြည်ခရီးကို မင်းကြီး မေးတော်မူလျှင် ငရဲသို့ရောက်ကြောင်း မကောင်းသောခရီးကို ကြားလေသတည်း။ ထိုသားသမီးစသော သဗ္ဗစတုက္ကကို ပူဇော်ခြင်းအစီအရင်ကို ကြားလိုပြန်၍လည်း “အရှင်မင်းကြီး။ သားသမီးစသည်တို့၏ ဦးခေါင်းကို သန်လျက်ဖြင့်ဖြတ်၍ ရွှေခွက်ဖြင့် လည်ချောင်းသွေးကို ခံယူပြီးလျှင် တွင်း၌ထည့်၍ ယဇ်ပူဇော်ကုန်သောမင်းတို့သည် ဤကိုယ်၏ အထီးကျန်သောသူ ဖုန်းတောင်းယာစကာတို့အား အဝတ်အစား စသည်တို့ကို ပေးလှူစွန့်ကြဲခြင်းသည် ဒါနသာမည်၏။ ပြုနိုင်ခဲ့သည် မဟုတ်။ မိမိရင်သွေးရင်သား စသည်တို့၏ လည်ချောင်းသွေးဖြင့် ယဇ်ပူဇော်ခြင်းသည်သာ သူတစ်ပါးတို့ စွန့်နိုင်ခဲသောကြောင့် အတိဒါနဖြစ်သည်ဟူ၍ အလွန်မလိမ္မာသော ဧကရာဇ်မင်းကြီးအား လှည့်ပတ်လျက် စကား ၁၀-ပါးအနက်တွင် ကောက်ပင်ရိတ်ဖြတ်စကားဖြင့် စန္ဒကုမာရ မင်းသားတစ်ယောက်ကိုသာ သတ်လိုလျက် များစွာသောသူတို့နှင့်တကွ သတ်ရမည်စီရင်သည်ကား ထိုခဏ္ဍဟာလပုဏ္ဏားသည် “စန္ဒကုမာရမင်းသားကိုသတ်၍ ယဇ်ပူဇော်တော်မူပါ”ဟု ဆိုချေသော် “မင်းသား၌ ရန်ငြိုးရှိသောကြောင့်သာ ဤပုဏ္ဏား စီရင်သည်ဟူ၍ မင်းကြီး အယူတော်ရှိရာသည်”ဟု နှလုံးပြုလျက်၊ အစုစု ၄-ခု၊ ၄-ခုစီသော သတ္တဝါတို့အတွင်း၌ မင်းသားအိမ်ရှေ့ရှင်ကို မထင်မရှားသွင်း၍ ဆိုဘိ၏။
ထိုသို့ သဗ္ဗစတုက္ကဖြစ်သော အတိဒါနကိုစီရင်မည်ဟု နှီးနှောပြောဆိုကြသော မင်း, ပုဏ္ဏား ၂-ယောက်တို့၏စကားကို နန်းတော်တွင်း၌ မင်းခစားပရိသတ် မှူးမတ်အပေါင်းမှ မောင်းမမိဖုရားတို့ ကြားလေလျှင် ယုဂန္ဓိုရ်လေသွဲ့၍ နွဲ့ပျောင်းသော အင်ကြင်းပင်ပျိုတောကဲ့သို့ သောသောအုတ်အုတ် တုန်လှုပ်ကြောက်လန့်လျက် ငိုကြွေးမြည်တမ်းသောအသံသည် နန်းတော်အလုံး လွှမ်း၍တက်၏။
ခဏ္ဍဟာလပုဏ္ဏားသည် “အရှင်မင်းကြီး။ အသို့နည်း။ ဤအစီအရင်အတိုင်း ယဇ်ပူဇော်နိုင်အံ့လော, မပူဇော်နိုင်အံ့လော”ဟု မေး၏။ “ဆရာ။ နတ်ပြည်သို့ရောက်ကြောင်း ကောင်းမှုဖြစ်သော ဤယဇ်ပူဇော်ခြင်းကို အဘယ့်ကြောင့် မပူဇော်နိုင်အံ့နည်း။ ယဇ်ပူဇော်၍ ငါနတ်ပြည်သို့သွားအံ့”ဟု မင်းကြီးဆိုလျှင်၊ “အရှင်မင်းကြီး။ ကြောက်တတ်သော သဘောရှိ၍ နတ်ပြည်သို့ရောက်ကြောင်း ကောင်းမှုကို အလိုနည်းကုန်သောသူတို့သည် ယဇ်ပူဇော်ခြင်းငှာ မတတ်နိုင်။ အရှင်မင်းကြီးကား နတ်ပြည်သို့ရောက်ကြောင်း ကောင်းမှု၌ ရဲရင့်ပေသည်။ ကောင်းစွ”ဟုဆိုလျက်၊ “ကောင်းမှုဟူသည် မနှေးမဆိုင်းရာ။ အလျင်တဆော ပြုရာ၏။ အရှင်မင်းကြီး၊ အကျွန်ုပ်ဆိုသည့်အတိုင်း နန်းတော်ကနေ၍ စီရင်တော်မူ။ အကျွန်ုပ်ကား ယဇ်ပူဇော်ရန် တွင်းကို စီရင်အံ့”ဟု အမှုနှင့်လျော်စွာ ဗိုလ်ပါအပေါင်းနှင့် မြို့မှထွက်ခဲ့၍ မြို့ပြင်အရှေ့မျက်နှာ၌ မြေအခင်းအကျင်းသင့်ရာ ညီညွတ်စွာသုတ်သင်လျက် ယဇ်တွင်းစီရင်ပြီးသော် ပတ်လည်ဝန်းကျင် ဝင်း, စောင်ရန်း ကာရံစေ၏။
(အဘယ့်ကြောင့် ဝင်းကာရံစေသနည်းဟူမူကား- ယဇ်ပူဇော်သောအခိုက် “မထိုက်မလျော် မတော်မသင့် ကျင့်၏တကား”ဟု တရားစောင့်သော ရဟန်းပုဏ္ဏားတို့ မြစ်တားမည်ကိုစိုး၍ ထိုသူတို့ မဝင်စိမ့်သောငှာ ဝင်းစောင်ရန်း ကာရံစေသတည်း။)
သားတော်, သမီးတော်များကို ဆောင်ယူစေခန်း
ဧကရာဇ်မင်းကြီးသည်လည်း မင်းချင်းတို့ကိုခေါ်၍ “ငါသည် မယား, သားသမီးတို့ကိုသတ်၍ ယစ်ပူဇော်ပြီးလျှင် နတ်ပြည်သို့ သွားအံ့။ သင်တို့သွား၍ ငါ့သားသမီး, မိဖုရားတို့ကို အကြောင်းကြားလျက် ၄-ပါးသောစတုက္ကကို ဆောင်ယူချေ” ဆိုပြီးလျှင်၊ သားတော် ၄-ယောက်ကို ရှေးဦးစွာ ဆောင်စိမ့်သောငှာ-
“အချင်းတို့။ ယခု သွားချေ။ စန္ဒကုမာရ, သူရိယကုမာရ, ဘဒ္ဒသေန, ဝါမဂေါတ္တ ဤသားတော် ၄-ယောက်တို့ကို ခမည်းတော်မင်း ယဇ်ပူဇော်တော်မူမည့်အကြောင်းကို ပြောဆို၍ အစုစု နေစေကုန်”ဟု စေ၏။
မင်းချင်းတို့သည် ရှေးဦးစွာ အိမ်ရှေ့မင်း စန္ဒကုမာရထံသွား၍ “အရှင့်သား။ “အရှင်မင်းသားတို့ကိုသတ်၍ ခမည်းတော် နတ်ပြည်သွားတော်မူလိုသည်ဟု အရှင်မင်းသားတို့ကို ဖမ်းယူချေ” စေတော်မူသောကြောင့် ရောက်ပါသည်”ဟု လျှောက်၏။ “အဘယ်သူ့စကားကြောင့် “ငါ့ကို ဖမ်းချေ” စေတော်မူသနည်း”ဟု မင်းသားမေး၏။ “အရှင်မင်းသား။ ခဏ္ဍဟာလပုဏ္ဏား စကားကြောင့်တည်း”ဟု လျှောက်၏။ “အချင်းတို့။ ထိုသို့တပြီးကား ငါတစ်ယောက်ကိုသာ ဖမ်းသလော, တစ်ပါးသော သူတို့ကိုလည်း ဖမ်းသလော”ဟု မေး၏။ မင်းချင်းတို့လည်း “အရှင့်သားကိုသာ မဟုတ်။ ၄-ပါးသော သားတော် သမီးတော်တို့ကို ဖမ်းစေ၏။ သဗ္ဗစတုက္ကဖြစ်သောယဇ်ကို ပူဇော်လိုသတည်း”ဟုလျှောက်၏။
အိမ်ရှေ့မင်းလည်း “ခဏ္ဍဟာလပုဏ္ဏားအား တစ်ပါးသောသူတို့နှင့် ရန်မဖြစ်။ တရားသူကြီးအရာကို စန္ဒကုမာရ လုယူဘိသည်ဟု ငါ၌သာ ရန်ငြိုးရှိဘိ၏။ ငါတစ်ယောက်ကြောင့် များစွာသောသူတို့ကို သတ်မည်ကြံသည်ကား မသင့်။ ထိုသူတို့ မသေထိုက်ပေ။ ငါ့ခမည်းတော် မင်းကြီးကို ငါဖူးမြင်ရပါမူ ထိုသူအပေါင်းတို့ကို သေဘေးမှလွတ်အောင် ဆောင်ရွက်ရမည်ကား ငါ၏ဝန်တည်း”ဟု ကြံ၍ “အချင်းတို့။ ခမည်းတော်အမိန့်နှင့်ညီအောင် ငါ့ကို ပြုတော့”ဟုဆို၏။
မင်းချင်းတို့လည်း အိမ်ရှေ့မင်းကို အမိန့်တော်ရင်းနှင့်ညီအောင် ဆောင်ယူခဲ့၍ မင်းရင်ပြင် တင့်အပ်သောအရပ်၌ ထား၏။ ကြွင်းသော သားတော် ၃-ယောက်တို့ကိုလည်း ဖမ်းယူ၍ အိမ်ရှေ့မင်း၏အပါး၌ ထား၏။
မင်းချင်းတို့လည်း “အရှင်မင်းကြီး၊ သားတော် ၄-ယောက်တို့ကို ဆောင်ယူ၍ရောက်ပါပြီ”ဟု လျှောက်ကြကုန်၏။ မင်းကြီးလည်း မင်းချင်းတို့စကားကိုကြားလျှင် “အချင်းတို့။ ငါ့သားတော်များကို ဆောင်၍ပြီးမူ ငါ၏သမီးတော် ဥပသေနာ, ကောကိလာ, မုဒိတာ, နန္ဒာ ဤသမီးတော် ၄-ယောက်တို့ကိုလည်းဆောင်၍ မိမိတို့ မောင်တော်များအနီး၌ နေစေ”ဟု စေလိုက်၏။
မင်းချင်းတို့လည်း မင်းကြီးဆိုတိုင်း သမီး ၄-ယောက်တို့ကို ယဇ်ပူဇော်မည့်အကြောင်းကို ပြောဆိုပြီးလျှင် ငိုကြွေးမြည်တမ်းကုန်လျက်ပင်လျှင် ဆောင်ယူခဲ့၍ မောင်တော်များအနီး၌ ထားကုန်၏။
ထို့နောင် မိဖုရား ၄-ယောက်တို့ကို ဆောင်ယူစေလိုပြန်၍ “အချင်းတို့၊ ငါ၏ မိဖုရားကြီးဖြစ်သော ဝိဇယာ, ဧရာဝတီ, ကေသိနီ, သုနန္ဒာ ဤမိဖုရား ၄-ယောက်တို့ကို ယဇ်အလို့ငှာ အစုစု နေစေ”ဟုစေ၏။ မင်းချင်းတို့လည်း မိဖုရား ၄-ယောက်တို့ကို ငိုမြည်တမ်းလျက်ပင် ဆောင်ယူခဲ့၍ မင်းသားတို့၏အနီး၌ ထား၏။
ထို့နောက် သူဌေးကြီး ၄-ယောက်တို့ကို ယူစေလိုပြန်၍ “အချင်းတို့ ပုဏ္ဏမုခသူဌေး, ဘဒ္ဒိယသူဌေး, သိင်္ဂါလသူဌေး, ဝဍ္ဎသူဌေး ဤ ၄-ယောက်သော သူဌေးတို့ကို ယဇ်အလို့ငှာ ဆောင်၍ အစုစုနေစေ”ဟုစေ၏။ မင်းချင်းတို့လည်း သူဌေး ၄-ယောက်တို့ကို ဆောင်ကုန်၏။
မင်း၏သားတော်, သမီးတော်, မိဖုရားတို့ကို ဆောင်သောအခါကား ပြည်သားပြည်သူအပေါင်းတို့က တစ်ခွန်းသောစကားကိုမျှ မဆို။ သူဌေး ၄-ယောက်တို့ကို ဖမ်းယူသောအခါကား သူဌေးတို့နှင့် ဆွေမျိုးသားချင်း ပေါက်ဖော်တော်စပ်သူ များသည်ဖြစ်၍ တစ်ပြည်လုံး ချောက်ချားလျက် “မင်းကြီး။ သူဌေး ၄-ယောက်တို့ကိုသတ်၍ ယဇ်ပူဇော်မည်ဆိုသော် မသတ်ရအောင် လျှောက်မည်”ဟု သူဌေး ၄-ယောက်ကို ခြံရံကုန်လျက် သားမယား ပြည်သားပြည်သူအပေါင်းလိုက်၍၊ မင်းကြီးအား “အရှင်မင်းကြီး။ အကျွန်ုပ်တို့ကို ဦးစွန်းထုံး၍ ဦးခေါင်းပြည်းစေသဖြင့် ပြည်မှသော်လည်း နှင်ထုတ်တော်မူပါ။ ထိုသို့မပြုမူ အကျွန်ုပ်တို့ကို ကျွန်အဖြစ်သော်လည်း ပြုတော်မူပါ။ အသက်ကို သနားတော်မူပါ”ဟု လျှောက်တောင်းပန်ကြကုန်သော်လည်း နားမျှမခံ မပြန်မကြည့်နေပြီးသော်၊ မင်းချင်းတို့လည်း မင်းကြီးအလိုကိုသိသဖြင့် သား, မယား, ပြည်သားပြည်သူအပေါင်းတို့ကို ပယ်ခွာနှင်ထုတ်လိုက်၍ သူဌေး ၄-ယောက်တို့ကို မင်းသားများအနီး၌ ထားလေ၏။
ထို့နောင်မှ ဆင်အစရှိသည်တို့ကို ယူစိမ့်သောငှာ စေပြန်လို၍ “အချင်းတို့။ အဘယင်္ကရ မည်သောဆင်, နာဠာဂိရိ မည်သော ဆင်, အစ္စုဂ္ဂတ မည်သောဆင်, ဝရုဏဒန္တ မည်သောဆင်၊ ဤဆင်၄-စီးတို့ကိုလည်း ယဇ်အလို့ငှာ ဆောင်ချေ။ ထိုမှတစ်ပါး ကေသနီမည်သော မြင်း, သုရာမုခမည်သော မြင်း, ပုဏ္ဏားကမည်သော မြင်း, ဝိနတကမည်သော မြင်း၊ ဤမြင်း ၄-စီးတို့ကိုလည်း ဆောင်ချေ။ ထိုမှတစ်ပါး ယူထပတိမည်သော နွားလား, အနောဇမည်သော နွားလား, နိသဘမည်သော နွားလား, ဂဝံပတိမည်သော နွားလား၊ ဤဥသဘ ၄-ခုတို့ကို ဆောင်ချေ။ ဤသတ္တဝါများကို ယဇ်ပူဇော်တော်မူမည်။ အစုစု သင့်ရာနေစေ။ ခပ်သိမ်းစုံ ယဇ်ပူဇော်တော်မူရန် ကိစ္စကို ပြီးအောင်စီရင်၍ နေထွက်လျှင် ပူဇော်တော်မူမည်။ ငါ့သား စန္ဒကုမာရမင်းသားကိုလည်း နေထွက်လျှင် လည်ချောင်းသွေးဖြင့် ယဇ်ပူဇော်တော်မူမည်ဖြစ်သောကြောင့် နေမထွက်မီ ယခု မိုးသောက်ယံ စံပျော်မွေ့လျော်စေ”ဟု စေ၏။
ဧကရာဇ်မင်း၏ မယ်တော်, ခမည်းတော်တို့သည်လည်း ရှိသေးသတတ်။
မင်းကြီးမယ်တော်, ခမည်းတော်တို့အား တင်လျှောက်ခန်း
ထိုအခါ အမတ်တို့သည် မင်းကြီးမယ်တော်ထံသွား၍ “အရှင်မ။ သားတော်မင်းကြီးသည် မိမိ၏မိဖုရား, သားသမီးတို့ကိုသတ်၍ ယဇ်ပူဇော်တော်မူမည် ပြုဘိ၏”ဟု ကြားလျှောက်ကုန်၏။ ထိုစကားကို မင်းကြီးမယ်တော်ကြားလျှင် “သင်တို့ အသို့ ဆိုကြကုန်သနည်း”ဟု အသည်းလှိုက်၍ ရှိုက်ငင်ဗျာကြီးလျက် လက်အစုံဖြင့် ရင်အုံကိုခတ်၍ မရပ်မတည် မျက်ရည်စွတ်စို ငိုမြည်တမ်းလျက် သားတော်ဧကရာဇ်မင်းထံလာ၍ “ချစ်သား။ ဤသို့သောယဇ်ကို ပူဇော်မည်ဆိုသည် မှန်၏လော”ဟု မေး၏။
“မယ်တော်။ မှန်၏။ အကျွန်ုပ်သည် နတ်ပြည်သို့ လိုသည်ဖြစ်၍ ပြည်ကြီးဝန်ကိုဆောင်နိုင်သော, ဘုန်းပညာလက္ခဏာနှင့်ပြည့်စုံသော, နန်းညွန့်နန်းလျာ ရတနာမျက်ရစ် ချစ်လှစွာသော စန္ဒကုမာရကိုစင်လျက်လည်း ငဲ့ကွက်ခြင်း မရှိ။ သုဂတိချမ်းသာ နတ်ရွာရောက်ကြောင်း ကောင်းမှုပြုပါမည်။ ကြွင်းသည့် မိဖုရား, သားသမီး စသည်များမှာ ဆိုရာမရှိ၊ စွန့်အပ်လှတော့သည်။ ထိုသူအပေါင်းတို့၏ လည်ချောင်းသွေးဖြင့် ယဇ်ပူဇော်၍ နတ်ပြည်သို့ သွားပါမည်”ဟုဆို၏။
မယ်တော်လည်း-
“သူတစ်ပါးတို့ကို အပြစ်မဲ့ ညှဉ်းဆဲလေ့မရှိသော ကောဏ္ဍညအမျိုး၌ဖြစ်သော ချစ်သား။ “သားကိုသတ်၍ ယစ်ပူဇော်သဖြင့် နတ်ပြည်သို့ရောက်၏”ဟုဆိုသော သူမိုက်တို့၏စကားကို ချစ်သား မယုံလင့်။ သူတစ်ပါးကို သတ်ခြင်းသည်ကား အပါယ်၄-ပါး လားကြောင်း မကောင်းသောသူယုတ်တို့၏ အကျင့်သာ ဖြစ်သည်။ နတ်ပြည်သို့ရောက်ကြောင်း ကောင်းမှုမဟုတ်။ သူတစ်ပါးကို မသတ်မညှဉ်းဆဲမူ၍ အလှူပေးခြင်းသည် နတ်ရွာရောက်ကြောင်း ကောင်းမှုဖြစ်သည်”ဟု ဆို၏။
မင်းသည် မယ်တော်စကားကို ပယ်လို၍ “အာစရိယာနံ”အစရှိသော ဂါထာဖြင့် ဆိုပြန်၏။
အဓိပ္ပာယ်ကား-
“မယ်တော်။ ဤသို့မဆိုလင့်။ အကျွန်ုပ်ပြုသော ယခုအမှုသည် ကြံစည်တွေးတော၍ အတ္တနောမတိ ပြုသည်မဟုတ်။ ထုံးစံရှိသည်အတိုင်း ဆရာတို့ ပြညွှန်းစီရင်ပေသော စကားဖြစ်သည်။ မယ်တော် ချမ်းသာစွာသာနေ။ အကျွန်ုပ် သားတော်စန္ဒကုမာရ စသည်တို့ကိုသတ်၍ သူတစ်ပါးပြုနိုင်ခဲသော ယဇ်ပူဇော်ခြင်းဖြင့် နတ်ပြည်ရောက်ကြောင်း ကောင်းမှုပြုပါမည်”ဟုဆို၏။
ထိုအခါ မယ်တော်သည် မိမိစကားကို သားတော် မယူသည်ဖြစ်ရကား ငိုမြည်တမ်းလျက် ဖဲလေ၏။
ထို့နောင် ဧကရာဇ်မင်း၏ခမည်းတော် ဝသဝတ္တိမင်းသည် ထိုအကြောင်းကိုကြားသဖြင့် လာလတ်၍ “ချစ်သား။ သင်သည် သား၄-ယောက်တို့ဖြင့် ယဇ်ပူဇော်မည်ကြားသည်။ မှန်၏လော”ဟု မေး၏။
“ခမည်းတော်မင်း။ မှန်ပါ၏။ အကျွန်ုပ်၏ လက်ယာမျက်လုံး လက်ရုံးသဖွယ် တင့်တယ်ပျိုနု ရှုမခန်း နန်းညွန့်နန်းလျာဖြစ်သော စန္ဒကုမာရကိုစင်လျက် ငဲ့ကွက်ခြင်းမရှိ သုဂတိချမ်းသာ နတ်ရွာရောက်ကြောင်း ကောင်းမှုပြုပါမည်၊ ကြွင်းသည့် သားသမီး စသည်များမှာ ဆိုရာမရှိ စွန့်အပ်လှတော့သည်။ ထိုသူအပေါင်း၏ လည်ချောင်းသွေးဖြင့် ယဇ်ပူဇော်၍ နတ်ပြည်သို့သွားပါအံ့”ဟုဆို၏။
ခမည်းတော်လည်း “ချစ်သား ဧကရာဇ်မင်း။ သားကိုသတ်၍ ယဇ်ပူဇော်သဖြင့် နတ်ပြည်သို့ ရောက်အံ့သည်ဆိုသော သူမိုက်စကားကို ရွှေသားရင်နှစ် ဧကရာဇ်ပြည့်ရှင် မယုံနှင့်။ ဤယဇ်ပူဇော်ခြင်းသည်ကား အပါယ်၄-ပါး လားအံ့သောအကြောင်းသာ ဖြစ်သည်။ နတ်ရွာလားကြောင်း မဟုတ်။ ကောဏ္ဍညမျိုး မင်းရိုးမပျက် စဉ်ဆက်စိုးယူလျက် ပြည်သူတကာတို့၏ချမ်းသာကို ရှာလေ့ရှိသော ငါ့သားဧကရာဇ်။ နတ်ပြည်သို့ရောက်လိုမူ သူတစ်ပါးကို မသတ်, မညှဉ်းဆဲမူ၍ အလှူပေးလော့။ အလှူပေးခြင်းသည်သာ နတ်ရွာရောက်ကြောင်း ကောင်းမှုဖြစ်သည်”ဟု ဆို၏။
ဧကရာဇ်မင်းသည် “ခမည်းတော်မင်း။ အကျွန်ုပ်ပြုသော အစီအရင်သည် တိုင်ပင်နှီးနှောခြင်း မရှိ၊ မိမိအယူနှင့်သာ ပြုသောအစီအရင် မဟုတ်ပါ။ သံသရာ, ပစ္စုပ္ပန် ၂-တန်သော အကျိုးအကြောင်း ကောင်းမကောင်း ရာ,မရာကို ပညာမြော်မြင်နိုင်သော ဆရာတို့၏စကားဖြင့် တရားရှိသည်ဟူ၍ စီရင်ပါသည်။ ပြည်သူပြည်သား သူတစ်ပါးတို့ပြုနိုင်ခဲသော သားသမီးတို့ဖြင့် ယဇ်ပူဇော်၍ နတ်ပြည်သို့ သွားအံ့”ဟုဆို၏။
ထို့နောင် “ခတ္တိယမျိုး နန်းရိုးအစဉ် ကောဏ္ဍညအနွယ်ဖြစ်သော ငါ့သားဧကရာဇ်။ သားသမီးစသည်ကို မညှဉ်းဆဲမူ၍ အလှူပေးလျက် အသက်ထက်ဆုံး သားအပေါင်းအခြံအရံနှင့်ပြည့်စုံစွာ ကာသိကရာဇ်တိုင်းသူ လူအပေါင်းကို အုပ်စိုးစောင့်ရှောက်လော့”ဟု ဆိုသော်လည်း သားတော်ဧကရာဇ် မနာမယူလို။
စန္ဒကုမာရမင်းသား တောင်းပန်ခန်း
ထို့နောင် စန္ဒကုမာရမင်းသားသည် သတ်မည်စီရင်သော သူအပေါင်းတို့ကို သေဘေးမှလွတ်စိမ့်သောငှာ ခမည်းတော်မင်းအား လျှောက်ထားတောင်းပန်လိုရကား-
“ခမည်းတော်မင်းကြီး။ အကျွန်ုပ်တို့ကို သတ်တော်မမူပါလင့်။ အကျွန်ုပ်တို့ကို ကျွန်ပြု၍ ခဏ္ဍဟာလပုဏ္ဏားအား ပေးတော်မူလော့။ ထိုသို့မပြုမူ နွား, ခွေး စသည်တို့ကဲ့သို့ လည်တောက်ဆွဲ၍ ဆင်ထိန်း, မြင်းထိန်း ထည့်တော်မူပါလော့။ ခမည်းတော်မင်းကြီး။ အကျွန်ုပ်တို့ကို သတ်တော်မမူပါလင့်။ ဆရာခဏ္ဍဟာလပုဏ္ဏားအား ကျွန်အဖြစ်ဖြင့် ပေးတော်မူပါလော့၊ ထိုသို့မပြုမူ အကျွန်ုပ်တို့ကို ဆင်ချေးကျုံး၊ မြင်းချေးကျုံး ထားတော်မူပါလော့။ ထိုသို့ မပြုမူ ခဏ္ဍဟာလပုဏ္ဏား၏ အစေအပါး အကျွန်ုပ်တို့ ခံပါအံ့။ ထိုသို့မပြုမူ ပြည်မှမူလည်း နှင်ထုတ်တော်မူပါလော့။ ခွက် လက်စွဲ၍ တောင်းစားပါအံ့။ အကျွန်ုပ်တို့ကို အသက်ချမ်းသာ ပေးတော်မူပါ”ဟု လျှောက်တောင်းပန်၏။
ဧကရာဇ်မင်းသည် သားတော်အိမ်ရှေ့မင်း၏ အထူးထူးအပြားပြား သနားချစ်ခင်စဖွယ် အသွယ်သွယ်သောအကြောင်းဖြင့် လျှောက်တောင်းပန်သံကိုကြားလျှင် သား၏ချစ်ခြင်းဖြင့် နှလုံးကွဲအံ့သကဲ့သို့ဖြစ်၍ မျက်ရည်စီးယို ငိုကြွေးလျက် “ငါ့အသက်အတူ ကြည်ဖြူချစ်ခင် ကြင်နာသနားအပ်စွာသော ငါ၏သားတော်များကို အဘယ်သူသတ်ခြင်းငှာ ဝံ့အံ့နည်း။ နတ်ပြည်သို့ မရောက်လျှင်ရှိစေ။ ငါ၏သားတော်များကို မသတ်ပြီ”ဟု နှလုံးကျ၍ သာယာလှသောစကားဖြင့် “ငါ၏သားတော်တို့ အသက်ရှည်လိုသောကြောင့် သင်တို့ မြည်တမ်းငိုကြွေးသောအသံဖြင့် အသည်းအအူလန်မည့်နှယ် မခံမသာ ပူဆာအောင် သင်တို့ ပြုဘိ၏တကား။ သားကိုသတ်၍ ယဇ်ပူဇော်သဖြင့် အဘယ်အကျိုး ရှိအံ့နည်း။ ငါ့သားများကို လွှတ်စေ” ဆိုလျှင် မင်းသား, မင်းသမီးမှစ၍ ခပ်သိမ်းစုံ ၄-ခုစီသော သတ္တဝါတို့ကို လွှတ်စေ၏။
ခဏ္ဍဟာလပုဏ္ဏားသည်ကား ယဇ်တွင်း၌ စီရင်၍နေ၏။ ထိုအခါ ယောက်ျားတစ်ယောက်သည် “သားတော် သမီးတော်တို့ကို လွှတ်တော်မူပြီ”ဟု ကြားသိလျှင် လျင်စွာသွား၍ “ပုဏ္ဏားယုတ်, ပုဏ္ဏားကျယ်, ဟယ် ခဏ္ဍဟာလ။ ဧကရာဇ်မင်းမြတ်သည် သားတော်, သမီးတော်တို့ကို လွှတ်တော်မူပြီ။ နင့်သား, နင့်သမီး, နင့်မယားများကိုသတ်၍ နင့်သား, နင့်သမီး, နင့်မယား၏ လည်ချောင်းသွေးဖြင့် နင်သာ ယဇ်ပူဇော်လော့”ဟုဆို၏။
ထိုစကားကို ကြားလျှင် ခဏ္ဍဟာလပုဏ္ဏားသည် “မင်းကြီး။ အဘယ့်ကြောင့် ဤသို့ ပြုပြန်သနည်း”ဟု ကမ္ဘာပျက်မီးလောင်သကဲ့သို့ မျက်လုံးပြောင်တောင် မျက်မှောင်ကြုတ်ကြုတ် ပုပ်ညှိုးသမ်းမည်းသောမျက်နှာဖြင့် လျင်စွာထ၍ မင်းကြီးထံသို့ သွားပြီးသော်-
“အရှင်မင်းကြီး။ ယဇ်မစီရင်မီကပင် သင့်ကို ငါဆိုပါသည် မဟုတ်လော့။ “ဤယဇ်ပူဇော်ခြင်းကိုကား အလွန်ပြုနိုင်ခဲ၏။ ပြုသော်လည်း ဖြစ်ခဲ၏”ဟု ခက်ခဲသောအကြောင်းကို ပြောဆိုပါလျက် “စီရင်သာ စီရင်ပါ ပြုပါမည်”ဆို၍ စီရင်သည်ကို ဆောင်ရွက်ခြင်းကိစ္စ အကျိုးမဲ့ဖြစ်အောင် အဘယ့်ကြောင့် ရှေ့စကားအတိုင်းမတည် ယဇ်ပူဇော်ခြင်းကို ဖျက်တော်မူသနည်း။ အရှင်မင်းကြီး၊ ဤသို့သော ယဇ်ပူဇော်သောသူကို ထားဘိဦး။ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ကုန်သော သူတို့ပင်လျှင်လည်း နတ်ပြည်သို့ ရောက်ကြကုန်၏”ဟု ဆို၏။
အလွန်မိုက်လှစွာသော ဧကရာဇ်မင်းသည် အမျက်ရန်ငြိုးနိုင်ငံသို့လိုက်သော ပုဏ္ဏားစကားကို ကြားပြန်လျှင် သဘောဧကန် အမှန်ဟုတ်နိုးထင်မှတ်၍ သားတော်တို့ကို တစ်ဖန် ဖမ်းစေပြန်၏။
ထိုအခါ စန္ဒကုမာရမင်းသားသည် “ခမည်းတော်မင်းကြီး။ အကျွန်ုပ်တို့ကို ချမ်းသာပေးပြီးမှ အဘယ့်ကြောင့် သတ်တော်မူပြန်အံ့နည်း။ ခမည်းတော်မင်းကြီး။ အကျွန်ုပ်တို့ကို သတ်တော်မူလိုလျှင် ငယ်ငယ်ကပင် သတ်တော်မူပါတော့လော။ သဘောစုံမက် ရင်ထက်ပိုက်ယူ မွေးမြူခြင်းကိုပြု၍ ယခု ရှုသာတင့်တယ် အရွယ်ရောက်မှ မိဘပြည်သူ လူအပေါင်းတို့အား ပြစ်မှားတစိ မရှိစဖူးသောအကျွန်ုပ်တို့ကို အဘယ့်ကြောင့် သတ်တော်မူပါအံ့နည်း။”
“ခမည်းတော်မင်းကြီး။ ဝတ်စားတန်ဆာဆင်ယင်၍ ဆင်ထက်, မြင်းထက်စီးနင်းလျက် တစ်ဘက်ရန်သူ ရည်တူမဝံ့ ကြောက်လန့်စေတတ်သော အကျွန်ုပ်တို့ရဲစွမ်းအင်ကို မျက်မှန်းထင်ထင် မြင်တော်မူပါသည် မဟုတ်လော။ ထိုသို့ ဆင်စီး, မြင်းစီး, စစ်ဆင် စီရင်ခွဲခြမ်း ရဲစွမ်းအင်အားနှင့်ပြည့်စုံသော အကျွန်ုပ်တို့ကို ယဇ်ပူဇော်ခြင်းငှာ သတ်တော်မမူပါလင့်။”
“ခမည်းတော်မင်းကြီး။ ပစ္စန္တရစ်ဇနပုဒ်၌ လူမိုက်လူသွမ်းတို့ သောင်းကျန်းပုန်ကန် ရန်မီးထလျှင် လျင်စွာ ခမည်းတော်မင်းကြီး၏နှလုံးတော်မြတ် ချမ်းငြိမ်းအောင် စိုးရိမ်ကြောင့်ကြမဲ့ကို ပြုခြင်းသည် အကျွန်ုပ်မဟုတ်ပါလော။ ထိုသို့ စီးပွားတော်ကိုရှာတတ်သော သားတော်စစ်ကို အပြစ်မဲ့ဘဲ အဘယ့်ကြောင့် သတ်တော်မူပါအံ့နည်း။”
“ခမည်းတော်မင်းကြီး။ ပညာကြီးသောလူကိုထား၍ ပညာမဲ့သော တိရစ္ဆာန်ဖြစ်လျက် ငှက်တို့သည် မြက်ကိုအသိုက်ပြု၍ နေကုန်သဖြင့် မိမိတို့သားကို သနားချစ်ခင် ကြင်နာပါသေး၏။ ထိုသို့ သားသမီးဟူသည်ကို ပညာမဲ့သော ငှက်တိရစ္ဆာန်တို့ပင်လျှင်လည်း ချစ်ခင်ပါလျက် ပညာမြော်မြင်နိုင်သော ခမည်းတော်မင်းကြီးသည် အကြောင်းမဲ့ အဘယ့်ကြောင့် အကျွန်ုပ်တို့ကို ယဇ်အလို့ငှာ သတ်တော်မူဘိအံ့နည်း။”
“ခမည်းတော်မင်းကြီး။ ခဏ္ဍဟာလစကားကို ယုံတော်မမူပါလင့်။ ခဏ္ဍဟာလစကားကို ယုံတော်မူ၍ လက်ယာမျက်လုံး လက်ရုံးတော်နှင့်တူသော အကျွန်ုပ်တို့ကို သတ်ဖြတ်တော်မူလျှင် နောင်မကြာမြင့်မီ ခမည်းတော်မင်းကြီးကိုလည်း သတ်လတ္တံ့။”
“ခမည်းတော်မင်းကြီး။ ရေမြေသေဌ်နင်း မင်းတို့သည် ပုဏ္ဏားတို့အား မြို့ရွာသင်းပင်း အဝတ်အစား စည်းစိမ်ချမ်းသာတို့ကိုပေး၍ ချီးမြှောက်ကုန်၏။ ထိုသာမဟုတ် အိမ်တိုင်းအိမ်တိုင်း ထမင်းဦးလည်း စားရကုန်၏။ ထိုသို့ ကျေးဇူးရှင်ဖြစ်လျက် များသောအားဖြင့် ပုဏ္ဏားတို့သည် ကျေးဇူးကိုမသိတတ် အခွင့်ရသည်ရှိသော် ပြစ်မှားတတ်၏။ ထို့ကြောင့် အကျွန်ုပ်တို့ကို သတ်တော်မမူပါလင့်။
“အကျွန်ုပ်တို့ကို ကျွန်ပြု၍ ခဏ္ဍဟာလပုဏ္ဏားအား ပေးတော်မူပါလော့။ ထိုသို့မပြုမူ ဆင်ထိန်း မြင်းထိန်း အပ်တော်မူပါလော့။ အရှင်မင်းကြီး။ အကျွန်ုပ်တို့ကို သတ်တော်မမူပါလင့်။ ဆင်စာရိတ်, မြင်းစာထိုး, ဆင်ချေးကျုံး၊ မြင်းချေးကျုံး ထားတော်မူပါလော့။ ထိုသို့မပြုမူ ပြည်မှမူလည်း နှင်ထုတ်တော်မူပါလော့။ ခွက်လက်စွဲလျက် တောင်းစား၍ အသက်မွေးပါကုန်အံ့” ဟုဆို၏။
ထိုအခါ ဧကရာဇ်မင်းကြီးသည် စန္ဒကုမာရမင်းသား မြည်တမ်း တောင်းပန်သော စကားကို ကြားပြန်လျှင် “ချစ်သားတို့။ အသက်ရှည်လိုသောကြောင့် မြည်တမ်းသော သင်တို့သည် ငါ့နှလုံးကို ယူကျုံးမရ ဒုက္ခရောက်အောင် ပြုဘိ၏။ ယဇ်ပူဇော်ခြင်း၌ အဘယ်အကျိုး ရှိအံ့နည်း။ ယခု ငါ့သားတော်များကို လွှတ်စေ”ဆို၍ တစ်ဖန်လွှတ်ပြန်၏။
ထိုအခါ မင်းချင်းတစ်ယောက်သည် ယဇ်တွင်းစီရင်ရာ ခဏ္ဍဟာလပုဏ္ဏားအထံသွား၍ “ကျေးဇူးသခင် အရှင်မမှတ် ယုတ်မြတ်မဟူ ငြူစူစောင်းမြောင်း မကောင်းပြစ်ရှာ မိုက်လှစွာဘိ တိတ္ထိအနွယ် ဟယ်..ခဏ္ဍဟာလပုဏ္ဏား။ နင့်သား, မယား၏ လည်ချောင်းသွေးဖြင့် ယဇ်ပူဇော်ရန် ယဇ်တွင်းကို စီရင်သလော။ ငါတို့သခင် အရှင်မင်းကြီးကား သားတော် သမီးတော်တို့ကို လွှတ်လိုက်တော်မူပြီ”ဟု ဆို၏။
ထိုစကားကို ခဏ္ဍဟာလပုဏ္ဏားကြားလျှင် ဒေါသမာန်ဖြင့် ပြင်းထန်လှစွာ မိစ္ဆာကျစ်ညစ် ဧကရာဇ်မင်းထံလာ၍ “အရှင်မင်းကြီး။ “ဤယဇ်ပူဇော်ခြင်းသည် အလွန်ပြုနိုင်ခဲ၏။ ပြုသော်လည်း ဖြစ်ခဲ၏”ဟု အထက်ကဆိုလျက် ဤသို့မစွမ်းနိုင်ဖြစ်လျှင် မစီရင်မီ ရှေးမဆွကပင် နေရပါမည်ကို စွမ်းနိုင်ကြောင်းဆို၍ စီရင်ပြီးမှ ယဇ်ပူဇော်ခြင်းကို ယခုအဘယ့်ကြောင့် ဖောက်ပြန် ဖျက်ဆီးတော်မူသနည်း။ ဧကရာဇ်မင်းကြီး။ အကြင်သူတို့သည် ယဇ်ပူဇော်ကုန်၏။ ထိုပူဇော်ကုန်သောသူတို့အား သာဓုအနုမောဒနာ ခေါ်ကုန်၏။ ထိုသူအပေါင်းတို့သည် နတ်ပြည်သို့သာ သွားရလေကုန်၏”ဟုဆိုလျှင် မင်းကြီးသည် သားတော်တို့ကို တစ်ဖန် ဖမ်းယူစေပြန်၏။
ထိုအခါ အိမ်ရှေ့မင်းသည် ခမည်းတော်မင်းကြီးကို သိစိမ့်သောငှာ “ယဒိ ကိရ ယဇိတွာ”အစရှိသော ဂါထာဖြင့် လျှောက်ပြန်၏။
အဓိပ္ပာယ်ကား-
“ခမည်းတော်မင်းကြီး။ အကယ်၍ သား,သမီးဖြင့် ယဇ်ပူဇော်သောသူတို့သည် နတ်ပြည်သို့ ရောက်သည်ဟုဆိုသော ခဏ္ဍဟာလပုဏ္ဏားစကားမှန်လျှင် ခဏ္ဍဟာလပုဏ္ဏားသည် မိမိသား,မယားကိုသတ်၍ ရှေးဦးစွာ ပူဇော်ပါစေ။ ထို့နောက်မှ ခမည်းတော်မင်းကြီးသည် အကျွန်ုပ်တို့ကို သတ်တော်မူပါလော့။ ခမည်းတော်မင်းကြီး။ အကယ်၍ သားသမီးတို့ကိုသတ်၍ ယဇ်ပူဇော်သောသူတို့သည် သေလျှင် နတ်ပြည်သို့ ရောက်သည်မှန်မူ နတ်ပြည်သို့ရောက်ကြောင်း ခရီးကိုသိသော ခဏ္ဍဟာလသည် အဘယ့်ကြောင့် မိမိသားသမီးကို မသတ်သနည်း။ ထိုသို့သတ်သဖြင့် နတ်ပြည်သို့ရောက်သည်မှန်လျှင် အဘယ့်ကြောင့် မိမိကိုယ်ကိုလည်းကောင်း, မိမိအဆွေအမျိုးတို့ကိုလည်းကောင်း မသတ်စေသနည်း။ ခမည်းတော်မင်းကြီး။ သူတစ်ပါးကို သတ်ခြင်းတည်းဟူသောယဇ်ကို မိမိလည်း ပူဇော်အံ့။ သူတစ်ပါးတို့ကိုလည်း ပူဇော်စေအံ့။ သူတစ်ပါးတို့ ပူဇော်သည်ကိုမူလည်း ဝမ်းမြောက်ဝမ်းသာ အနုမောဒနာပြုအံ့။ ထိုသူတို့လည်း ငရဲသို့ လားရကုန်၏။ အရှင်မင်းကြီး။ ဤခဏ္ဍလာဟ စီရင်သောအမှုသည် အကယ်၍ နတ်ပြည်သို့ရောက်ကြောင်း မှန်အံ့။ မိမိတို့ပုဏ္ဏားချင်းချင်းသတ်၍ ယဇ်ပူဇော်ရာ၏။ ထိုသို့ အချင်းချင်းသတ်၍ မိမိတို့ကိုယ်ကို ပူဇော်လတ်မူကား သူတစ်ပါးတို့ ယုံကြည်လောက်ပေ၏။ ထိုသို့ကား မပြု။ အရှင်မင်းကြီးတို့ကိုသာ စီရင်သော ပုဏ္ဏားစကားကို မယုံကြည်အပ်”ဟုဆို၏။
မှူးမတ်, သားမယားတို့ကို တောင်းပန်စေခန်း
အိမ်ရှေ့မင်းသည် ဤမျှလောက်သောစကားဖြင့် ထင်ရှားသိသာစွာဆိုသော်လည်း ခမည်းတော် မနာယူရကား မင်းကြီးကို ခြံရံခစား၍နေကုန်သော မှူးမတ်ပရိသတ်တို့ကိုရည်၍ “ကထဉ္စ”အစရှိသောဂါထာကို ဆိုပြန်၏။
အဓိပ္ပာယ်ကား-
“ပြည်အတွင်း၌ သားသမီးကို အလိုရှိသည်ဖြစ်၍ တောင့်တကုန်သော သူဌေးသူကြွယ်, မှူးမတ် အပေါင်းတို့သည်လည်းကောင်း၊ သူကြွယ်မ, အိမ်ရှင်မတို့သည်လည်းကောင်း “အရှင်မင်းကြီး၏ သားတော်တို့ကို သတ်တော်မမူပါလင့်”ဟု ခမည်းတော်မင်းကြီးကို အဘယ့်ကြောင့် မတောင်းပန်ကြပါသနည်း။ ငအိမ်ရှေ့မင်းလည်း “ခဏ္ဍဟာလပုဏ္ဏားအား တစ်ပါးသောသူတို့နှင့် ရန်မဖြစ်။ တရားသူကြီးအရာကို စန္ဒကုမာရ လုယူဘိသည်ဟု ငါ၌သာ ရန်ငြိုးရှိဘိ၏။ ငါတစ်ယောက်ကြောင့် များစွာသောသူတို့ကို သတ်မည်ကြံသည်ကား မသင့်။ ထိုသူတို့ မသေထိုက်ပေ။ ငါ့ခမည်းတော် မင်းကြီးကို ငါဖူးမြင်ရပါမူ ထိုသူအပေါင်းတို့ကို သေဘေးမှလွတ်အောင် ဆောင်ရွက်ရမည်ကား ငါ၏ဝန်တည်း”ဟု ကြံ၍ “အချင်းတို့။ ခမည်းတော်အမိန့်နှင့်ညီအောင် ငါ့ကို ပြုတော့”ဟုဆို၏။ မင်းချင်းတို့လည်း အိမ်ရှေ့မင်းကို အမိန့်တော်ရင်းနှင့်ညီအောင် ဆောင်ယူခဲ့၍ မင်းရင်ပြင် တင့်အပ်သောအရပ်၌ ထား၏။ ကြွင်းသော သားတော် ၃-ယောက်တို့ကိုလည်း ဖမ်းယူ၍ အိမ်ရှေ့မင်း၏အပါး၌ ထား၏။ မင်းချင်းတို့လည်း “အရှင်မင်းကြီး၊ သားတော် ၄-ယောက်တို့ကို ဆောင်ယူ၍ရောက်ပါပြီ”ဟု လျှောက်ကြကုန်၏။ မင်းကြီးလည်း မင်းချင်းတို့စကားကိုကြားလျှင် “အချင်းတို့။ ငါ့သားတော်များကို ဆောင်၍ပြီးမူ ငါ၏သမီးတော် ဥပသေနာ, ကောကိလာ, မုဒိတာ, နန္ဒာ ဤသမီးတော် ၄-ယောက်တို့ကိုလည်းဆောင်၍ မိမိတို့ မောင်တော်များအနီး၌ နေစေ”ဟု စေလိုက်၏။ မင်းချင်းတို့လည်း မင်းကြီးဆိုတိုင်း သမီး ၄-ယောက်တို့ကို ယဇ်ပူဇော်မည့်အကြောင်းကို ပြောဆိုပြီးလျှင် ငိုကြွေးမြည်တမ်းကုန်လျက်ပင်လျှင် ဆောင်ယူခဲ့၍ မောင်တော်များအနီး၌ ထားကုန်၏။ ထို့နောင် မိဖုရား ၄-ယောက်တို့ကို ဆောင်ယူစေလိုပြန်၍ “အချင်းတို့၊ ငါ၏ မိဖုရားကြီးဖြစ်သော ဝိဇယာ, ဧရာဝတီ, ကေသိနီ, သုနန္ဒာ ဤမိဖုရား ၄-ယောက်တို့ကို ယဇ်အလို့ငှာ အစုစု နေစေ”ဟုစေ၏။ မင်းချင်းတို့လည်း မိဖုရား ၄-ယောက်တို့ကို ငိုမြည်တမ်းလျက်ပင် ဆောင်ယူခဲ့၍ မင်းသားတို့၏အနီး၌ ထား၏။ ထို့နောက် သူဌေးကြီး ၄-ယောက်တို့ကို ယူစေလိုပြန်၍ “အချင်းတို့ ပုဏ္ဏမုခသူဌေး, ဘဒ္ဒိယသူဌေး, သိင်္ဂါလသူဌေး, ဝဍ္ဎသူဌေး ဤ ၄-ယောက်သော သူဌေးတို့ကို ယဇ်အလို့ငှာ ဆောင်၍ အစုစုနေစေ”ဟုစေ၏။ မင်းချင်းတို့လည်း သူဌေး ၄-ယောက်တို့ကို ဆောင်ကုန်၏။ မင်း၏သားတော်, သမီးတော်, မိဖုရားတို့ကို ဆောင်သောအခါကား ပြည်သားပြည်သူအပေါင်းတို့က တစ်ခွန်းသောစကားကိုမျှ မဆို။ သူဌေး ၄-ယောက်တို့ကို ဖမ်းယူသောအခါကား သူဌေးတို့နှင့် ဆွေမျိုးသားချင်း ပေါက်ဖော်တော်စပ်သူ များသည်ဖြစ်၍ တစ်ပြည်လုံး ချောက်ချားလျက် “မင်းကြီး။ သူဌေး ၄-ယောက်တို့ကိုသတ်၍ ယဇ်ပူဇော်မည်ဆိုသော် မသတ်ရအောင် လျှောက်မည်”ဟု သူဌေး ၄-ယောက်ကို ခြံရံကုန်လျက် သားမယား ပြည်သားပြည်သူအပေါင်းလိုက်၍၊ မင်းကြီးအား “အရှင်မင်းကြီး။ အကျွန်ုပ်တို့ကို ဦးစွန်းထုံး၍ ဦးခေါင်းပြည်းစေသဖြင့် ပြည်မှသော်လည်း နှင်ထုတ်တော်မူပါ။ ထိုသို့မပြုမူ အကျွန်ုပ်တို့ကို ကျွန်အဖြစ်သော်လည်း ပြုတော်မူပါ။ အသက်ကို သနားတော်မူပါ”ဟု လျှောက်တောင်းပန်ကြကုန်သော်လည်း နားမျှမခံ မပြန်မကြည့်နေပြီးသော်၊ မင်းချင်းတို့လည်း မင်းကြီးအလိုကိုသိသဖြင့် သား, မယား, ပြည်သားပြည်သူအပေါင်းတို့ကို ပယ်ခွာနှင်ထုတ်လိုက်၍ သူဌေး ၄-ယောက်တို့ကို မင်းသားများအနီး၌ ထားလေ၏။ ထို့နောင်မှ ဆင်အစရှိသည်တို့ကို ယူစိမ့်သောငှာ စေပြန်လို၍ “အချင်းတို့။ အဘယင်္ကရ မည်သောဆင်, နာဠာဂိရိ မည်သော ဆင်, အစ္စုဂ္ဂတ မည်သောဆင်, ဝရုဏဒန္တ မည်သောဆင်၊ ဤဆင်၄-စီးတို့ကိုလည်း ယဇ်အလို့ငှာ ဆောင်ချေ။ ထိုမှတစ်ပါး ကေသနီမည်သော မြင်း, သုရာမုခမည်သော မြင်း, ပုဏ္ဏားကမည်သော မြင်း, ဝိနတကမည်သော မြင်း၊ ဤမြင်း ၄-စီးတို့ကိုလည်း ဆောင်ချေ။ ထိုမှတစ်ပါး ယူထပတိမည်သော နွားလား, အနောဇမည်သော နွားလား, နိသဘမည်သော နွားလား, ဂဝံပတိမည်သော နွားလား၊ ဤဥသဘ ၄-ခုတို့ကို ဆောင်ချေ။ ဤသတ္တဝါများကို ယဇ်ပူဇော်တော်မူမည်။ အစုစု သင့်ရာနေစေ။ ခပ်သိမ်းစုံ ယဇ်ပူဇော်တော်မူရန် ကိစ္စကို ပြီးအောင်စီရင်၍ နေထွက်လျှင် ပူဇော်တော်မူမည်။ ငါ့သား စန္ဒကုမာရမင်းသားကိုလည်း နေထွက်လျှင် လည်ချောင်းသွေးဖြင့် ယဇ်ပူဇော်တော်မူမည်ဖြစ်သောကြောင့် နေမထွက်မီ ယခု မိုးသောက်ယံ စံပျော်မွေ့လျော်စေ”ဟု စေ၏။ ဧကရာဇ်မင်း၏ မယ်တော်, ခမည်းတော်တို့သည်လည်း ရှိသေးသတတ်။ မင်းကြီးမယ်တော်, ခမည်းတော်တို့အား တင်လျှောက်ခန်း ထိုအခါ အမတ်တို့သည် မင်းကြီးမယ်တော်ထံသွား၍ “အရှင်မ။ သားတော်မင်းကြီးသည် မိမိ၏မိဖုရား, သားသမီးတို့ကိုသတ်၍ ယဇ်ပူဇော်တော်မူမည် ပြုဘိ၏”ဟု ကြားလျှောက်ကုန်၏။ ထိုစကားကို မင်းကြီးမယ်တော်ကြားလျှင် “သင်တို့ အသို့ ဆိုကြကုန်သနည်း”ဟု အသည်းလှိုက်၍ ရှိုက်ငင်ဗျာကြီးလျက် လက်အစုံဖြင့် ရင်အုံကိုခတ်၍ မရပ်မတည် မျက်ရည်စွတ်စို ငိုမြည်တမ်းလျက် သားတော်ဧကရာဇ်မင်းထံလာ၍ “ချစ်သား။ ဤသို့သောယဇ်ကို ပူဇော်မည်ဆိုသည် မှန်၏လော”ဟု မေး၏။ “မယ်တော်။ မှန်၏။ အကျွန်ုပ်သည် နတ်ပြည်သို့ လိုသည်ဖြစ်၍ ပြည်ကြီးဝန်ကိုဆောင်နိုင်သော, ဘုန်းပညာလက္ခဏာနှင့်ပြည့်စုံသော, နန်းညွန့်နန်းလျာ ရတနာမျက်ရစ် ချစ်လှစွာသော စန္ဒကုမာရကိုစင်လျက်လည်း ငဲ့ကွက်ခြင်း မရှိ။ သုဂတိချမ်းသာ နတ်ရွာရောက်ကြောင်း ကောင်းမှုပြုပါမည်။ ကြွင်းသည့် မိဖုရား, သားသမီး စသည်များမှာ ဆိုရာမရှိ၊ စွန့်အပ်လှတော့သည်။ ထိုသူအပေါင်းတို့၏ လည်ချောင်းသွေးဖြင့် ယဇ်ပူဇော်၍ နတ်ပြည်သို့ သွားပါမည်”ဟုဆို၏။ မယ်တော်လည်း- “သူတစ်ပါးတို့ကို အပြစ်မဲ့ ညှဉ်းဆဲလေ့မရှိသော ကောဏ္ဍညအမျိုး၌ဖြစ်သော ချစ်သား။ “သားကိုသတ်၍ ယစ်ပူဇော်သဖြင့် နတ်ပြည်သို့ရောက်၏”ဟုဆိုသော သူမိုက်တို့၏စကားကို ချစ်သား မယုံလင့်။ သူတစ်ပါးကို သတ်ခြင်းသည်ကား အပါယ်၄-ပါး လားကြောင်း မကောင်းသောသူယုတ်တို့၏ အကျင့်သာ ဖြစ်သည်။ နတ်ပြည်သို့ရောက်ကြောင်း ကောင်းမှုမဟုတ်။ သူတစ်ပါးကို မသတ်မညှဉ်းဆဲမူ၍ အလှူပေးခြင်းသည် နတ်ရွာရောက်ကြောင်း ကောင်းမှုဖြစ်သည်”ဟု ဆို၏။ မင်းသည် မယ်တော်စကားကို ပယ်လို၍ “အာစရိယာနံ”အစရှိသော ဂါထာဖြင့် ဆိုပြန်၏။ အဓိပ္ပာယ်ကား- “မယ်တော်။ ဤသို့မဆိုလင့်။ အကျွန်ုပ်ပြုသော ယခုအမှုသည် ကြံစည်တွေးတော၍ အတ္တနောမတိ ပြုသည်မဟုတ်။ ထုံးစံရှိသည်အတိုင်း ဆရာတို့ ပြညွှန်းစီရင်ပေသော စကားဖြစ်သည်။ မယ်တော် ချမ်းသာစွာသာနေ။ အကျွန်ုပ် သားတော်စန္ဒကုမာရ စသည်တို့ကိုသတ်၍ သူတစ်ပါးပြုနိုင်ခဲသော ယဇ်ပူဇော်ခြင်းဖြင့် နတ်ပြည်ရောက်ကြောင်း ကောင်းမှုပြုပါမည်”ဟုဆို၏။ ထိုအခါ မယ်တော်သည် မိမိစကားကို သားတော် မယူသည်ဖြစ်ရကား ငိုမြည်တမ်းလျက် ဖဲလေ၏။ ထို့နောင် ဧကရာဇ်မင်း၏ခမည်းတော် ဝသဝတ္တိမင်းသည် ထိုအကြောင်းကိုကြားသဖြင့် လာလတ်၍ “ချစ်သား။ သင်သည် သား၄-ယောက်တို့ဖြင့် ယဇ်ပူဇော်မည်ကြားသည်။ မှန်၏လော”ဟု မေး၏။ “ခမည်းတော်မင်း။ မှန်ပါ၏။ အကျွန်ုပ်၏ လက်ယာမျက်လုံး လက်ရုံးသဖွယ် တင့်တယ်ပျိုနု ရှုမခန်း နန်းညွန့်နန်းလျာဖြစ်သော စန္ဒကုမာရကိုစင်လျက် ငဲ့ကွက်ခြင်းမရှိ သုဂတိချမ်းသာ နတ်ရွာရောက်ကြောင်း ကောင်းမှုပြုပါမည်၊ ကြွင်းသည့် သားသမီး စသည်များမှာ ဆိုရာမရှိ စွန့်အပ်လှတော့သည်။ ထိုသူအပေါင်း၏ လည်ချောင်းသွေးဖြင့် ယဇ်ပူဇော်၍ နတ်ပြည်သို့သွားပါအံ့”ဟုဆို၏။ ခမည်းတော်လည်း “ချစ်သား ဧကရာဇ်မင်း။ သားကိုသတ်၍ ယဇ်ပူဇော်သဖြင့် နတ်ပြည်သို့ ရောက်အံ့သည်ဆိုသော သူမိုက်စကားကို ရွှေသားရင်နှစ် ဧကရာဇ်ပြည့်ရှင် မယုံနှင့်။ ဤယဇ်ပူဇော်ခြင်းသည်ကား အပါယ်၄-ပါး လားအံ့သောအကြောင်းသာ ဖြစ်သည်။ နတ်ရွာလားကြောင်း မဟုတ်။ ကောဏ္ဍညမျိုး မင်းရိုးမပျက် စဉ်ဆက်စိုးယူလျက် ပြည်သူတကာတို့၏ချမ်းသာကို ရှာလေ့ရှိသော ငါ့သားဧကရာဇ်။ နတ်ပြည်သို့ရောက်လိုမူ သူတစ်ပါးကို မသတ်, မညှဉ်းဆဲမူ၍ အလှူပေးလော့။ အလှူပေးခြင်းသည်သာ နတ်ရွာရောက်ကြောင်း ကောင်းမှုဖြစ်သည်”ဟု ဆို၏။ ဧကရာဇ်မင်းသည် “ခမည်းတော်မင်း။ အကျွန်ုပ်ပြုသော အစီအရင်သည် တိုင်ပင်နှီးနှောခြင်း မရှိ၊ မိမိအယူနှင့်သာ ပြုသောအစီအရင် မဟုတ်ပါ။ သံသရာ, ပစ္စုပ္ပန် ၂-တန်သော အကျိုးအကြောင်း ကောင်းမကောင်း ရာ,မရာကို ပညာမြော်မြင်နိုင်သော ဆရာတို့၏စကားဖြင့် တရားရှိသည်ဟူ၍ စီရင်ပါသည်။ ပြည်သူပြည်သား သူတစ်ပါးတို့ပြုနိုင်ခဲသော သားသမီးတို့ဖြင့် ယဇ်ပူဇော်၍ နတ်ပြည်သို့ သွားအံ့”ဟုဆို၏။ ထို့နောင် “ခတ္တိယမျိုး နန်းရိုးအစဉ် ကောဏ္ဍညအနွယ်ဖြစ်သော ငါ့သားဧကရာဇ်။ သားသမီးစသည်ကို မညှဉ်းဆဲမူ၍ အလှူပေးလျက် အသက်ထက်ဆုံး သားအပေါင်းအခြံအရံနှင့်ပြည့်စုံစွာ ကာသိကရာဇ်တိုင်းသူ လူအပေါင်းကို အုပ်စိုးစောင့်ရှောက်လော့”ဟု ဆိုသော်လည်း သားတော်ဧကရာဇ် မနာမယူလို။ စန္ဒကုမာရမင်းသား တောင်းပန်ခန်း ထို့နောင် စန္ဒကုမာရမင်းသားသည် သတ်မည်စီရင်သော သူအပေါင်းတို့ကို သေဘေးမှလွတ်စိမ့်သောငှာ ခမည်းတော်မင်းအား လျှောက်ထားတောင်းပန်လိုရကား- “ခမည်းတော်မင်းကြီး။ အကျွန်ုပ်တို့ကို သတ်တော်မမူပါလင့်။ အကျွန်ုပ်တို့ကို ကျွန်ပြု၍ ခဏ္ဍဟာလပုဏ္ဏားအား ပေးတော်မူလော့။ ထိုသို့မပြုမူ နွား, ခွေး စသည်တို့ကဲ့သို့ လည်တောက်ဆွဲ၍ ဆင်ထိန်း, မြင်းထိန်း ထည့်တော်မူပါလော့။ ခမည်းတော်မင်းကြီး။ အကျွန်ုပ်တို့ကို သတ်တော်မမူပါလင့်။ ဆရာခဏ္ဍဟာလပုဏ္ဏားအား ကျွန်အဖြစ်ဖြင့် ပေးတော်မူပါလော့၊ ထိုသို့မပြုမူ အကျွန်ုပ်တို့ကို ဆင်ချေးကျုံး၊ မြင်းချေးကျုံး ထားတော်မူပါလော့။ ထိုသို့ မပြုမူ ခဏ္ဍဟာလပုဏ္ဏား၏ အစေအပါး အကျွန်ုပ်တို့ ခံပါအံ့။ ထိုသို့မပြုမူ ပြည်မှမူလည်း နှင်ထုတ်တော်မူပါလော့။ ခွက် လက်စွဲ၍ တောင်းစားပါအံ့။ အကျွန်ုပ်တို့ကို အသက်ချမ်းသာ ပေးတော်မူပါ”ဟု လျှောက်တောင်းပန်၏။ ဧကရာဇ်မင်းသည် သားတော်အိမ်ရှေ့မင်း၏ အထူးထူးအပြားပြား သနားချစ်ခင်စဖွယ် အသွယ်သွယ်သောအကြောင်းဖြင့် လျှောက်တောင်းပန်သံကိုကြားလျှင် သား၏ချစ်ခြင်းဖြင့် နှလုံးကွဲအံ့သကဲ့သို့ဖြစ်၍ မျက်ရည်စီးယို ငိုကြွေးလျက် “ငါ့အသက်အတူ ကြည်ဖြူချစ်ခင် ကြင်နာသနားအပ်စွာသော ငါ၏သားတော်များကို အဘယ်သူသတ်ခြင်းငှာ ဝံ့အံ့နည်း။ နတ်ပြည်သို့ မရောက်လျှင်ရှိစေ။ ငါ၏သားတော်များကို မသတ်ပြီ”ဟု နှလုံးကျ၍ သာယာလှသောစကားဖြင့် “ငါ၏သားတော်တို့ အသက်ရှည်လိုသောကြောင့် သင်တို့ မြည်တမ်းငိုကြွေးသောအသံဖြင့် အသည်းအအူလန်မည့်နှယ် မခံမသာ ပူဆာအောင် သင်တို့ ပြုဘိ၏တကား။ သားကိုသတ်၍ ယဇ်ပူဇော်သဖြင့် အဘယ်အကျိုး ရှိအံ့နည်း။ ငါ့သားများကို လွှတ်စေ” ဆိုလျှင် မင်းသား, မင်းသမီးမှစ၍ ခပ်သိမ်းစုံ ၄-ခုစီသော သတ္တဝါတို့ကို လွှတ်စေ၏။ ခဏ္ဍဟာလပုဏ္ဏားသည်ကား ယဇ်တွင်း၌ စီရင်၍နေ၏။ ထိုအခါ ယောက်ျားတစ်ယောက်သည် “သားတော် သမီးတော်တို့ကို လွှတ်တော်မူပြီ”ဟု ကြားသိလျှင် လျင်စွာသွား၍ “ပုဏ္ဏားယုတ်, ပုဏ္ဏားကျယ်, ဟယ် ခဏ္ဍဟာလ။ ဧကရာဇ်မင်းမြတ်သည် သားတော်, သမီးတော်တို့ကို လွှတ်တော်မူပြီ။ နင့်သား, နင့်သမီး, နင့်မယားများကိုသတ်၍ နင့်သား, နင့်သမီး, နင့်မယား၏ လည်ချောင်းသွေးဖြင့် နင်သာ ယဇ်ပူဇော်လော့”ဟုဆို၏။ ထိုစကားကို ကြားလျှင် ခဏ္ဍဟာလပုဏ္ဏားသည် “မင်းကြီး။ အဘယ့်ကြောင့် ဤသို့ ပြုပြန်သနည်း”ဟု ကမ္ဘာပျက်မီးလောင်သကဲ့သို့ မျက်လုံးပြောင်တောင် မျက်မှောင်ကြုတ်ကြုတ် ပုပ်ညှိုးသမ်းမည်းသောမျက်နှာဖြင့် လျင်စွာထ၍ မင်းကြီးထံသို့ သွားပြီးသော်- “အရှင်မင်းကြီး။ ယဇ်မစီရင်မီကပင် သင့်ကို ငါဆိုပါသည် မဟုတ်လော့။ “ဤယဇ်ပူဇော်ခြင်းကိုကား အလွန်ပြုနိုင်ခဲ၏။ ပြုသော်လည်း ဖြစ်ခဲ၏”ဟု ခက်ခဲသောအကြောင်းကို ပြောဆိုပါလျက် “စီရင်သာ စီရင်ပါ ပြုပါမည်”ဆို၍ စီရင်သည်ကို ဆောင်ရွက်ခြင်းကိစ္စ အကျိုးမဲ့ဖြစ်အောင် အဘယ့်ကြောင့် ရှေ့စကားအတိုင်းမတည် ယဇ်ပူဇော်ခြင်းကို ဖျက်တော်မူသနည်း။ အရှင်မင်းကြီး၊ ဤသို့သော ယဇ်ပူဇော်သောသူကို ထားဘိဦး။ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ကုန်သော သူတို့ပင်လျှင်လည်း နတ်ပြည်သို့ ရောက်ကြကုန်၏”ဟု ဆို၏။ အလွန်မိုက်လှစွာသော ဧကရာဇ်မင်းသည် အမျက်ရန်ငြိုးနိုင်ငံသို့လိုက်သော ပုဏ္ဏားစကားကို ကြားပြန်လျှင် သဘောဧကန် အမှန်ဟုတ်နိုးထင်မှတ်၍ သားတော်တို့ကို တစ်ဖန် ဖမ်းစေပြန်၏။ ထိုအခါ စန္ဒကုမာရမင်းသားသည် “ခမည်းတော်မင်းကြီး။ အကျွန်ုပ်တို့ကို ချမ်းသာပေးပြီးမှ အဘယ့်ကြောင့် သတ်တော်မူပြန်အံ့နည်း။ ခမည်းတော်မင်းကြီး။ အကျွန်ုပ်တို့ကို သတ်တော်မူလိုလျှင် ငယ်ငယ်ကပင် သတ်တော်မူပါတော့လော။ သဘောစုံမက် ရင်ထက်ပိုက်ယူ မွေးမြူခြင်းကိုပြု၍ ယခု ရှုသာတင့်တယ် အရွယ်ရောက်မှ မိဘပြည်သူ လူအပေါင်းတို့အား ပြစ်မှားတစိ မရှိစဖူးသောအကျွန်ုပ်တို့ကို အဘယ့်ကြောင့် သတ်တော်မူပါအံ့နည်း။” “ခမည်းတော်မင်းကြီး။ ဝတ်စားတန်ဆာဆင်ယင်၍ ဆင်ထက်, မြင်းထက်စီးနင်းလျက် တစ်ဘက်ရန်သူ ရည်တူမဝံ့ ကြောက်လန့်စေတတ်သော အကျွန်ုပ်တို့ရဲစွမ်းအင်ကို မျက်မှန်းထင်ထင် မြင်တော်မူပါသည် မဟုတ်လော။ ထိုသို့ ဆင်စီး, မြင်းစီး, စစ်ဆင် စီရင်ခွဲခြမ်း ရဲစွမ်းအင်အားနှင့်ပြည့်စုံသော အကျွန်ုပ်တို့ကို ယဇ်ပူဇော်ခြင်းငှာ သတ်တော်မမူပါလင့်။” “ခမည်းတော်မင်းကြီး။ ပစ္စန္တရစ်ဇနပုဒ်၌ လူမိုက်လူသွမ်းတို့ သောင်းကျန်းပုန်ကန် ရန်မီးထလျှင် လျင်စွာ ခမည်းတော်မင်းကြီး၏နှလုံးတော်မြတ် ချမ်းငြိမ်းအောင် စိုးရိမ်ကြောင့်ကြမဲ့ကို ပြုခြင်းသည် အကျွန်ုပ်မဟုတ်ပါလော။ ထိုသို့ စီးပွားတော်ကိုရှာတတ်သော သားတော်စစ်ကို အပြစ်မဲ့ဘဲ အဘယ့်ကြောင့် သတ်တော်မူပါအံ့နည်း။” “ခမည်းတော်မင်းကြီး။ ပညာကြီးသောလူကိုထား၍ ပညာမဲ့သော တိရစ္ဆာန်ဖြစ်လျက် ငှက်တို့သည် မြက်ကိုအသိုက်ပြု၍ နေကုန်သဖြင့် မိမိတို့သားကို သနားချစ်ခင် ကြင်နာပါသေး၏။ ထိုသို့ သားသမီးဟူသည်ကို ပညာမဲ့သော ငှက်တိရစ္ဆာန်တို့ပင်လျှင်လည်း ချစ်ခင်ပါလျက် ပညာမြော်မြင်နိုင်သော ခမည်းတော်မင်းကြီးသည် အကြောင်းမဲ့ အဘယ့်ကြောင့် အကျွန်ုပ်တို့ကို ယဇ်အလို့ငှာ သတ်တော်မူဘိအံ့နည်း။” “ခမည်းတော်မင်းကြီး။ ခဏ္ဍဟာလစကားကို ယုံတော်မမူပါလင့်။ ခဏ္ဍဟာလစကားကို ယုံတော်မူ၍ လက်ယာမျက်လုံး လက်ရုံးတော်နှင့်တူသော အကျွန်ုပ်တို့ကို သတ်ဖြတ်တော်မူလျှင် နောင်မကြာမြင့်မီ ခမည်းတော်မင်းကြီးကိုလည်း သတ်လတ္တံ့။” “ခမည်းတော်မင်းကြီး။ ရေမြေသေဌ်နင်း မင်းတို့သည် ပုဏ္ဏားတို့အား မြို့ရွာသင်းပင်း အဝတ်အစား စည်းစိမ်ချမ်းသာတို့ကိုပေး၍ ချီးမြှောက်ကုန်၏။ ထိုသာမဟုတ် အိမ်တိုင်းအိမ်တိုင်း ထမင်းဦးလည်း စားရကုန်၏။ ထိုသို့ ကျေးဇူးရှင်ဖြစ်လျက် များသောအားဖြင့် ပုဏ္ဏားတို့သည် ကျေးဇူးကိုမသိတတ် အခွင့်ရသည်ရှိသော် ပြစ်မှားတတ်၏။ ထို့ကြောင့် အကျွန်ုပ်တို့ကို သတ်တော်မမူပါလင့်။ “အကျွန်ုပ်တို့ကို ကျွန်ပြု၍ ခဏ္ဍဟာလပုဏ္ဏားအား ပေးတော်မူပါလော့။ ထိုသို့မပြုမူ ဆင်ထိန်း မြင်းထိန်း အပ်တော်မူပါလော့။ အရှင်မင်းကြီး။ အကျွန်ုပ်တို့ကို သတ်တော်မမူပါလင့်။ ဆင်စာရိတ်, မြင်းစာထိုး, ဆင်ချေးကျုံး၊ မြင်းချေးကျုံး ထားတော်မူပါလော့။ ထိုသို့မပြုမူ ပြည်မှမူလည်း နှင်ထုတ်တော်မူပါလော့။ ခွက်လက်စွဲလျက် တောင်းစား၍ အသက်မွေးပါကုန်အံ့” ဟုဆို၏။ ထိုအခါ ဧကရာဇ်မင်းကြီးသည် စန္ဒကုမာရမင်းသား မြည်တမ်း တောင်းပန်သော စကားကို ကြားပြန်လျှင် “ချစ်သားတို့။ အသက်ရှည်လိုသောကြောင့် မြည်တမ်းသော သင်တို့သည် ငါ့နှလုံးကို ယူကျုံးမရ ဒုက္ခရောက်အောင် ပြုဘိ၏။ ယဇ်ပူဇော်ခြင်း၌ အဘယ်အကျိုး ရှိအံ့နည်း။ ယခု ငါ့သားတော်များကို လွှတ်စေ”ဆို၍ တစ်ဖန်လွှတ်ပြန်၏။ ထိုအခါ မင်းချင်းတစ်ယောက်သည် ယဇ်တွင်းစီရင်ရာ ခဏ္ဍဟာလပုဏ္ဏားအထံသွား၍ “ကျေးဇူးသခင် အရှင်မမှတ် ယုတ်မြတ်မဟူ ငြူစူစောင်းမြောင်း မကောင်းပြစ်ရှာ မိုက်လှစွာဘိ တိတ္ထိအနွယ် ဟယ်..ခဏ္ဍဟာလပုဏ္ဏား။ နင့်သား, မယား၏ လည်ချောင်းသွေးဖြင့် ယဇ်ပူဇော်ရန် ယဇ်တွင်းကို စီရင်သလော။ ငါတို့သခင် အရှင်မင်းကြီးကား သားတော် သမီးတော်တို့ကို လွှတ်လိုက်တော်မူပြီ”ဟု ဆို၏။ ထိုစကားကို ခဏ္ဍဟာလပုဏ္ဏားကြားလျှင် ဒေါသမာန်ဖြင့် ပြင်းထန်လှစွာ မိစ္ဆာကျစ်ညစ် ဧကရာဇ်မင်းထံလာ၍ “အရှင်မင်းကြီး။ “ဤယဇ်ပူဇော်ခြင်းသည် အလွန်ပြုနိုင်ခဲ၏။ ပြုသော်လည်း ဖြစ်ခဲ၏”ဟု အထက်ကဆိုလျက် ဤသို့မစွမ်းနိုင်ဖြစ်လျှင် မစီရင်မီ ရှေးမဆွကပင် နေရပါမည်ကို စွမ်းနိုင်ကြောင်းဆို၍ စီရင်ပြီးမှ ယဇ်ပူဇော်ခြင်းကို ယခုအဘယ့်ကြောင့် ဖောက်ပြန် ဖျက်ဆီးတော်မူသနည်း။ ဧကရာဇ်မင်းကြီး။ အကြင်သူတို့သည် ယဇ်ပူဇော်ကုန်၏။ ထိုပူဇော်ကုန်သောသူတို့အား သာဓုအနုမောဒနာ ခေါ်ကုန်၏။ ထိုသူအပေါင်းတို့သည် နတ်ပြည်သို့သာ သွားရလေကုန်၏”ဟုဆိုလျှင် မင်းကြီးသည် သားတော်တို့ကို တစ်ဖန် ဖမ်းယူစေပြန်၏။ ထိုအခါ အိမ်ရှေ့မင်းသည် ခမည်းတော်မင်းကြီးကို သိစိမ့်သောငှာ “ယဒိ ကိရ ယဇိတွာ”အစရှိသော ဂါထာဖြင့် လျှောက်ပြန်၏။ အဓိပ္ပာယ်ကား- “ခမည်းတော်မင်းကြီး။ အကယ်၍ သား,သမီးဖြင့် ယဇ်ပူဇော်သောသူတို့သည် နတ်ပြည်သို့ ရောက်သည်ဟုဆိုသော ခဏ္ဍဟာလပုဏ္ဏားစကားမှန်လျှင် ခဏ္ဍဟာလပုဏ္ဏားသည် မိမိသား,မယားကိုသတ်၍ ရှေးဦးစွာ ပူဇော်ပါစေ။ ထို့နောက်မှ ခမည်းတော်မင်းကြီးသည် အကျွန်ုပ်တို့ကို သတ်တော်မူပါလော့။ ခမည်းတော်မင်းကြီး။ အကယ်၍ သားသမီးတို့ကိုသတ်၍ ယဇ်ပူဇော်သောသူတို့သည် သေလျှင် နတ်ပြည်သို့ ရောက်သည်မှန်မူ နတ်ပြည်သို့ရောက်ကြောင်း ခရီးကိုသိသော ခဏ္ဍဟာလသည် အဘယ့်ကြောင့် မိမိသားသမီးကို မသတ်သနည်း။ ထိုသို့သတ်သဖြင့် နတ်ပြည်သို့ရောက်သည်မှန်လျှင် အဘယ့်ကြောင့် မိမိကိုယ်ကိုလည်းကောင်း, မိမိအဆွေအမျိုးတို့ကိုလည်းကောင်း မသတ်စေသနည်း။ ခမည်းတော်မင်းကြီး။ သူတစ်ပါးကို သတ်ခြင်းတည်းဟူသောယဇ်ကို မိမိလည်း ပူဇော်အံ့။ သူတစ်ပါးတို့ကိုလည်း ပူဇော်စေအံ့။ သူတစ်ပါးတို့ ပူဇော်သည်ကိုမူလည်း ဝမ်းမြောက်ဝမ်းသာ အနုမောဒနာပြုအံ့။ ထိုသူတို့လည်း ငရဲသို့ လားရကုန်၏။ အရှင်မင်းကြီး။ ဤခဏ္ဍလာဟ စီရင်သောအမှုသည် အကယ်၍ နတ်ပြည်သို့ရောက်ကြောင်း မှန်အံ့။ မိမိတို့ပုဏ္ဏားချင်းချင်းသတ်၍ ယဇ်ပူဇော်ရာ၏။ ထိုသို့ အချင်းချင်းသတ်၍ မိမိတို့ကိုယ်ကို ပူဇော်လတ်မူကား သူတစ်ပါးတို့ ယုံကြည်လောက်ပေ၏။ ထိုသို့ကား မပြု။ အရှင်မင်းကြီးတို့ကိုသာ စီရင်သော ပုဏ္ဏားစကားကို မယုံကြည်အပ်”ဟုဆို၏။ မှူးမတ်, သားမယားတို့ကို တောင်းပန်စေခန်း အိမ်ရှေ့မင်းသည် ဤမျှလောက်သောစကားဖြင့် ထင်ရှားသိသာစွာဆိုသော်လည်း ခမည်းတော် မနာယူရကား မင်းကြီးကို ခြံရံခစား၍နေကုန်သော မှူးမတ်ပရိသတ်တို့ကိုရည်၍ “ကထဉ္စ”အစရှိသောဂါထာကို ဆိုပြန်၏။ အဓိပ္ပာယ်ကား-
“ပြည်အတွင်း၌ သားသမီးကို အလိုရှိသည်ဖြစ်၍ တောင့်တကုန်သော သူဌေးသူကြွယ်, မှူးမတ် အပေါင်းတို့သည်လည်းကောင်း၊ သူကြွယ်မ, အိမ်ရှင်မတို့သည်လည်းကောင်း “အရှင်မင်းကြီး၏ သားတော်တို့ကို သတ်တော်မမူပါလင့်”ဟု ခမည်းတော်မင်းကြီးကို အဘယ့်ကြောင့် မတောင်းပန်ကြပါသနည်း။ ငါသည် ခမည်းတော်မင်းကြီး အကျိုးတော်ကိုလည်း အလိုရှိ၏။ တိုင်းသားပြည်သူ လူအပေါင်းတို့၏အစီးအပွားကိုလည်း ငါဆောင်လေ့ရှိ၏။ တစ်စုံတစ်ယောက်သောသူနှင့်မျှ ခိုက်ရန် မဖြစ်စဖူး။ ထိုသို့ဖြစ်ပါလျက် ပြည်သူပြည်သား အပေါင်းတို့သည် မတောင်းပန်ပါကုန်”ဟု
မင်းသားဆိုသော်လည်း တစ်စုံတစ်ယောက်သောသူသည် တစ်ခွန်းသောစကားကိုမျှ မဆိုဝံ့။
ထို့နောင် အိမ်ရှေ့မင်းသည် မိမိမယား ၇၀၀-တို့ကို တောင်းပန်စေလိုပြန်၍ “အိမ်ကြီးဝန်ကို ရွက်ဆောင်နိုင်သော, လင်၏အလိုသို့လည်း လိုက်တတ်သော အိမ်ရှင်မတို့။ သင်တို့သည် ယခုသွား၍ ခမည်းတော်မင်းကြီးကိုလည်းကောင်း၊ ခဏ္ဍဟာလပုဏ္ဏားကိုလည်းကောင်း တောင်းပန်လျက် “ခြင်္သေ့မင်း၏ ရဲရင့်ခြင်းနှင့်တူသော, ပြည်ထဲရေးချမ်းသာ ပြည်သူတကာတို့၏ စီးပွားကိုလည်း ဆောင်တတ်သော မင်းသားတို့ကို အပြစ်မဲ့ သတ်တော်မမူလင့်” တောင်းပန်”ဟု စေ၏။
ထိုအခါ ၇ဝဝ-သောအိမ်ရှင်မတို့သည် မင်းသားစေတိုင်း သွား၍ တောင်းပန်ကုန်၏။ ထိုသို့ တောင်းပန်ကုန်သော်လည်း ဧကရာဇ်မင်းသည် မိမိချွေးမတို့ကို မော်လှည့်၍မျှ မကြည့်။ ထိုသို့ အကြိမ်ကြိမ်အဖန်ဖန် တောင်းပန်ပါသော်လည်း ခမည်းတော်မင်းကြီး မနာမယူနေလျှင် အိမ်ရှေ့မင်းလည်း ကိုးကွယ်ရာမရှိရကား ဤသို့ငိုကြွေး မြည်တမ်း၏။
“ယခု ငါသည် သားရေနယ်သမားအမျိုး, ပန်းမှိုက်သွန်အမျိုး, ကုန်သွယ်လယ်လုပ်အမျိုး အစရှိသော တစ်ပါးအမျိုး၌ဖြစ်ပါလေသော် အရှင်မင်းကြီးသည် ယဇ်အလို့ငှာ ငါတို့ကို မသတ်ရာ၊ ခတ္တိယအမျိုး, မင်းမျိုး၌ ဖြစ်ခြင်းကြောင့် ငါတို့ သေရအံ့”ဟုမြည်တမ်းလျက် တစ်ဖန် ၇ဝဝ-သော မယားတို့ကိုစေပြန်လိုရကား “အမှုကြီးစွာ ရေးရာရောက်လျှင် အတိုင်အပင်ခံတတ်သော အမတ်ကြီးသဖွယ်ဖြစ်သော အိမ်ရှင်မတို့။ သင်တို့ ယခုသွား၍ အရှင်ခဏ္ဍဟာလဆရာ၏ ခြေရင်း၌ဝပ်လျက် “ဆရာ။ အကျွန်ုပ်တို့သည် ပြစ်မှားမိသောအပြစ်ကို မမြင်,မသိပါ။ အကျွန်ုပ်တို့သည်လည်းကောင်း၊ အိမ်ရှေ့သခင် အရှင်မင်းသားသည်လည်းကောင်း ဆရာအား ပြစ်မှားမိသောအပြစ် ရှိချေသလော။ ဆရာကို အဘယ်သို့ ပြစ်မှားမိသနည်း” ဤသို့ဆို၍ တောင်းပန်ချေ”ဟုစေ၏။
ထိုအခါ အိမ်ရှေ့မင်း၏ နှမအငယ် “သေလာ”အမည်ရှိသောမင်းသမီးသည် မောင်တော်များကို သတ်အံ့စီရင်သော အခင်းအကျင်းကိုမြင်လျှင် ပူပန်စိုးရိမ်ခြင်း ပြင်းစွာနှိပ်စက်သည်ဖြစ်၍ ချုပ်တည်းခြင်းငှာ မတတ်နိုင်ရကား ခမည်းတော်မင်းကြီး ခြေရင်း၌ဝပ်လျက်၊ “ခမည်းတော်မင်းကြီး။ အကျွန်ုပ်၏ မောင်တော် ၄-ပါးကို နတ်ပြည်စံတော်မူလိုသောဖခင်သည် ယဇ်အလို့ငှာ သတ်မည် စီရင်ဘိ၏တကား။ မောင်တော် ၄-ပါးမရှိလျှင် တစ်မိသားချင်း အရင်းမဲ့ပြီး အထီးကျန်သော အကျွန်ုပ်၏ကိုးကွယ်ရာလျှင် အဘယ်မှာ ရပါအံ့နည်း”ဟု လူးလဲလျက် ငိုကြွေးမြည်တမ်း၏။ ထိုသို့ သေလာမင်းသမီး ငိုကြွေးမြည်တမ်းသော်လည်း မင်းကြီး နာယူတော်မမူ။
ထိုအခါ အိမ်ရှေ့မင်း၏သားတော် ဝသုလအမည်ရှိသောမင်းသားသည် ခမည်းတော်အိမ်ရှေ့မင်း၏ ဆင်းရဲခြင်းကိုမြင်၍ သည်းမခံနိုင်ရကား အဘိုးဖြစ်သောမင်းကြီးကို တောင်းပန်၍ “ငါ့အဖအသက်ကို ချမ်းသာစေအံ့”ဟု ကြံလျက် ဘိုးတော်ဧကရာဇ်မင်း၏ခြေရင်း၌ဝပ်၍ ဘယ်ပြောင်းညာပြန် ပူပန်ပြင်းစွာ လူးလဲလျက် “ဘိုးတော်မင်းကြီး။ အကျွန်ုပ်ခမည်းတော်ကို မသတ်ပါလင့်။ အကျွန်ုပ်သည် လိမ္မာလောက်သောအရွယ်သို့ မရောက်သေး။ နို့ရည်နံ့မပြယ် ငယ်ရွယ်လှပါသေး၏။ ငယ်ကတည်းက အဖမဲ့သား ဖြစ်ရပါတော့မည်။ အကျွန်ုပ်တို့ကို သနားတော်မူပါ”ဟု တပြောင်းပြန်ပြန် လူးလဲ၍ ငိုကြွေးမြည်တမ်း၏။
ဧကရာဇ်မင်းကြီးသည် မြေးတော် ဝသုလမင်းသား မြည်တမ်းသောအသံကိုကြား၍ နှလုံးကွဲအံ့သကဲ့သို့ မျက်ရည်ယိုစီးလျက် သတို့သားဝသုလကို ရင်ခွင်၌ပိုက်ချီ၍ လည်ဖက်ပြီးလျှင် “ချစ်မြေး ဝသုလ။ မစိုးရိမ်လင့်။ သင့်အဖကို မသတ်ပြီ၊ သင့်အဖ ရှိ၏။ ဤသူပင်တည်း။ သင့်အဖနှင့် အတူနေလော့။ ငါဘိုးတော်မင်းကြီးသည် သင်ချစ်မြေး မြည်တမ်းသံကိုကြားလျှင် နှလုံးသားကို အပ်သွားထိသကဲ့သို့ မချိပူဆာ ပြင်းစွာဆင်းရဲလှ၏”ဟု မြေးတော်ကိုနှစ်သိမ့်စေပြီးလျှင် “ယခု သားတော်များကို လွှတ်စေ။ ယဇ်ပူဇော်သဖြင့် အဘယ်အကျိုး ရှိအံ့နည်း”ဟုဆို၏။
ထိုစကားကို ခဏ္ဍဟာလပုဏ္ဏားကြားလျှင် “အရှင်မင်းကြီး။ “ဤယဇ်ပူဇော်ခြင်းကို ပြုနိုင်ခဲ၏။ ပြုသော်လည်း ဖြစ်ခဲ၏”ဟု ရှေးမဆွကပင် ဆိုသည်မဟုတ်ပါလော။ ထိုသို့လျက် ပူဇော်မည်စီရင်ပြီးမှ အဘယ့်ကြောင့် ဖျက်မည်ပြုပြန်သနည်း။ အရှင်မင်းကြီး။ အကြင်သူတို့သည် မိမိလည်း ပူဇော်၏။ သူတစ်ပါး ပူဇော်သည်ကိုလည်း သာဓုအနုမောဒနာ ခေါ်၏။ ဤသို့သောသူတို့သည် နတ်ပြည်သို့သာ သွားရကုန်၏”ဟု ဆိုပြန်၏။
မင်းမိုက်သည် ပုဏ္ဏားဆိုပြန်လျှင် တစ်ဖန် သားတော်တို့ကို ဖမ်းယူစေပြန်၏။
ယဇ်တွင်းသို့ ဆောင်ယူခန်း
ထို့နောင်မှ ခဏ္ဍဟာလပုဏ္ဏားသည် “ဤဧကရာဇ်မင်းကြီးကား သားသမီးတို့ကို ချစ်မြတ်နိုးသောစိတ်ရှိ၏။ နတ်ပြည်သို့ရောက်ကြောင်း အကျင့်ဖြစ်သည် ဆိုသောကြောင့်သာ ယဇ်ပူဇော်မည် ကြံ၏။ ထို့ကြောင့် မင်းကြီးစိတ်သည် မမြဲ။ သားသမီးတို့တောင်းပန်လျှင် လွှတ်ပြန်၏။ တစ်ဖန် ငါဆိုပြန်လျှင်လည်း ဖမ်းယူစေပြန်၏။ တစ်ဖန် သားမယားတို့စကားကြောင့် မင်းကြီးလွှတ်ပြန်လေသော် ငါ၏အလိုအတိုင်း မပြီးရှိတော့မည်။ ယခုလျင်စွာ ထိုသူကို ယဇ်တွင်းသို့ ဆောင်အံ့”ဟုကြံပြီးသော် မင်းကြီးအား ယဇ်တွင်းသို့ သွားအံ့သောငှာ-
“ဧကရာဇ်မင်းကြီး။ ခပ်သိမ်းသောရတနာတို့ဖြင့် ယဇ်တွင်းကို အကျွန်ုပ် စီရင်၍ပြီးပြီ။ အရှင်မင်းကြီး။ တန်ဆာဆင်လျက် ထွက်တော်မူ၍ ယဇ်ပူဇော်တော်မူသဖြင့် နတ်ပြည်သို့ရောက်ကြောင်း ကောင်းမှုပြုပါ”ဟုဆို၏။
ထို့နောက်မှ ဧကရာဇ်မင်းသည် သားတော်အိမ်ရှေ့မင်း စသည်တို့ကိုဆောင်ယူ၍ ယဇ်တွင်းသို့ ထွက်ကြကုန်၏။ အိမ်ရှေ့မင်း၏ မယားကြီး, မယားငယ်, ရှုဖွယ်တင့်အပ် မြတ်သောမင်းသမီး ၇၀၀-တို့သည် ဆံပင်ဖြန့်ကြဲလျက် ငိုကြွေး၍လိုက်ကြကုန်၏။ တစ်ပါးသောမိန်းမတို့သည်လည်း ပြင်းစွာစိုးရိမ်ခြင်းဖြင့် နန္ဒဝန်ဥယျာဉ်သို့ထွက်ကုန်သော နတ်သမီးတို့ကဲ့သို့ ဆံပင်ဖြန့်ကြဲလျက် လက်တွဲယှဉ်မီ တိမ်းပီတိမ်ပါးဖြင့် မင်းသားများနောက်သို့ ငိုမြည်တမ်း၍ လိုက်ကြကုန်၏။
ထို ၇၀၀-သော မယားတို့၏ ငိုမြည်တမ်းသောစကားကို ထင်ရှားပြတော်မူလိုသော မြတ်စွာဘုရားသည် “ကာသိကသုစိဝတ္ထဓရာ” အစရှိသော ဂါထာတို့ကို ဟောတော်မူ၏။
အဓိပ္ပာယ်ကား-
“ကာသိကတိုင်း၌ဖြစ်သော စင်ကြယ်စွာပုဆိုးကိုဝတ်လျက် ရွှေနားတောင်းဖြင့် ရောင်မောင်းရှုဖွယ် တင့်တယ်လှစွာ နံ့သာစန္ဒကူးတို့ကို လိမ်းကျံကုန်သည်ဖြစ်၍ စန္ဒကုမာရသူရိယကုမာရ မင်းသားတို့သည် ဧကရာဇ်မင်း၏ ယဇ်အလို့ငှာ ထွက်ခဲ့ကုန်ပြီ။”
“ကာသိကရာဇ်တိုင်းဖြစ်ပုဆိုး ထောင်တန်မျိုးနှင့် ညှိုးညှိုးငယ်ငယ် နုနယ်ပျိုထွား မင်းသားညီနောင် ရွှေတောင်အဆင်း ရွှေသည်းရင်းတို့သည် မိမိနှလုံး ယူကျုံးမရ သောကဖြစ်မှု ဆင်းရဲပြု၍ ယခု ထွက်တော်မူခဲ့ပြီ။”
“မြတ်သော သားဟင်းမျိုးအရသာ, သကာ, ထောပတ်, မြတ်သော ဘောဇဉ်တို့ကိုစားပြီး၍ စန္ဒကူးနံ့သာရည်ဖြင့် ရေချိုးပြီးသော် အကျော်,စန္ဒကူးလိမ်းကျံလျက် သန့်ရှင်းစွာသော ကာသိတိုင်းဖြစ်ပုဆိုးကို ဝတ်တော်မူကုန်၍ ရွှေနားတောင်းဖြင့် တန်ဆာဆင်လျက် စန္ဒကုမာရ၊ သူရိယကုမာရ မင်းသားညီနောင်တို့သည် ပြည်သူအပေါင်း စိုးရိမ်ကြောင်းကိုပြု၍ ယခုထွက်တော်မူခဲ့ပြီ။”
“မင်းသားညီနောင် ၂-ပါးတို့သည် ရှေးအခါမူ ထွက်သွားတော်မူလျှင် ဆင်ယာဉ် မြင်းယာဉ် ရထားယာဉ်ဖြင့် ယှဉ်မှီစီး၍ ရွှေထီးမိုးကာလျက် ထွက်စံတော်မူမြဲတည်း။ ယခုအခါကား မင်းသားညီနောင်တို့သည် ခြေကျင်သွားရခဲ့ပြီ။”
“ရှေးအခါမူ မင်းသားညီနောင်တို့သည် ရေသဘင်ကစား ထွက်သွားတော်မူလျှင် စစ်အင်္ဂါ၄-ပါး ရံတားဝင်းသင်း ရှေ့နောက်ခင်း၍ ကျင်းကျင်းပပ ထွက်တော်မူရကုန်၏။ ယခုမူကား မင်း၂-ပါးတို့သည် ခြေကျင် ထွက်တော်မူခဲ့ရပြီ။”
ဤသို့သည်းစွာ ငိုကြွေးမြည်တမ်းကြကုန်စဉ်လျှင် ဘုရားလောင်းကို မင်းပုဏ္ဏားတို့သည် မြို့မှ ထုတ်ဆောင်ကုန်၏။
ပုပ္ဖဝတီပြည်အလုံး ချောက်ချားခန်း
ထိုအခါ ပုပ္ဖဝတီပြည်အလုံး ချောက်ချား၍ ပြည်သူအပေါင်းတို့သည်လည်း အတူတကွ ထွက်သွားအံ့သောငှာ လာလတ်ကုန်၏။ တံခါးမဆံ့ အပြည့်အနှက် ထွက်ရာလမ်းမတွေ့ တိုးဝှေ့ပွတ်သပ်လျက် ထွက်ကြကုန်၏။
ခဏ္ဍဟာလပုဏ္ဏားသည် ထိုပြည်သူပြည်သား များစွာသော ပရိသတ်တို့ကိုမြင်လျှင် “မင်းရေးမင်းမှုကို မည်သို့မဆိုနိုင်ရာ”ဟု ကြံ၍၊ “မထွက်စေရ”၊ တံခါးကို ပိတ်၍ထား၏။ ပြည်သူပြည်သား ပရိသတ်အပေါင်းလည်း မထွက်ရလျှင် မြို့နား၌ရှိသော ဥယျာဉ်သို့သွားကြကုန်၍ ဥယျာဉ်၏အနီး၌ သည်းစွာငိုကြွေးကြကုန်၏။ ထိုသို့ ငိုကြွေးသံဖြင့် ဥယျာဉ်၌ သစ်သီး, သစ်ပွင့် ဆွတ်ယူနားနေသော ငှက်အပေါင်းတို့သည် လန့်၍ပျံလေကုန်၏။ လူများအပေါင်းတို့သည် ထိုငှက်အပေါင်း ကောင်းကင်သို့ ပျံသွားသည်ကိုမြင်လျှင်-
အို၊ ကောင်းကင်ပျံသွား ငှက်အများတို့။ သင်တို့သည် အကယ်၍ သားဟင်းမျိုးကို အလိုရှိကုန်မူကား ဤပုပ္ဖဝတီပြည်၏ အရှေ့မျက်နှာ၌ ယဇ်တွင်းရှိ၏။ ထိုယဇ်တွင်း၌ မင်းမိုက်ဧကရာဇ်သည် မိမိသား ၄-ယောက်တို့ကိုသတ်၍ ယဇ်ပူဇော်လေ၏။ ထိုအရပ်သို့ ပျံကြပါလေ။”
“အို၊ ငှက်အပေါင်းတို့။ သင်တို့သည် အကယ်၍ သားဟင်းမျိုးကို အလိုရှိမူကား ဤပုပ္ဖဝတီပြည်၏ အရှေ့မျက်နှာ၌ ယဇ်တွင်းရှိ၏။ ထိုယဇ်တွင်း၌ မင်းမိုက်ဧကရာဇ်သည် သမီး၄-ယောက်တို့ကိုလည်းကောင်း၊ မိဖုရား ၄-ယောက်တို့ကိုလည်းကောင်း, သား၄-ယောက်တို့ကိုလည်းကောင်း, သူဌေးကြီး ၄-ယောက်တို့ကိုလည်းကောင်း, လက္ခဏာဝင် ဆင်၄-စီးတို့ကိုလည်းကောင်း, စီးတော်မြင်း ၄-စီးတို့ကိုလည်းကောင်း၊ နွားလားဥသဘ ၄-ကောင်တို့ကို လည်းကောင်း၊ ၄-ခုစီဖြစ်သော သတ္တဝါတို့ကိုသတ်၍ ယဇ်ပူဇော်၏။ ထိုအရပ်သို့ ပျံကြပါလေ”ဟု ကြွေးကြော်မြည်တမ်းကြကုန်၏။
ဤသို့ ပြည်သူပြည်သားအပေါင်းတို့ ဥယျာဉ်အနီး၌ ငိုကြွေးပြီးသော် ဘုရားလောင်းအိမ်ရှေ့မင်းစံရာ နန်းတော်ပြာသာဒ်ထက်သို့သွား၍ လက်ယာရစ်လှည့်လည်လျက် အိမ်တော်တွင်း၌ ပန်းချီပန်းပု ပြောက်ထုရေးသား ထူးပြားအံ့ဖွယ် ဆန်းကြယ်ပြေပြစ် စုလစ်မွန်းချွန်း အမွှန်းတန်ဆာ စသည်တို့ကိုလည်းကောင်း၊ ဥယျာဉ်သစ်ပင် စသည်တို့ကိုလည်းကောင်း ရှုကြကုန်လျက် ငိုကြွေးမြည်တမ်းကုန်၏။
ယဇ်တွင်း၌ ငိုမြည်တမ်း၍ လျှောက်တောင်းပန်ခန်း
ထိုငိုမြည်တမ်းသောအကြောင်းကို ထင်စွာပြလိုသည်ဖြစ်၍ “အယမဿ ပါသာဒေါ”အစရှိသော ဂါထာကို ဟောတော်မူ၏။
အဓိပ္ပာယ်ကား-
“အိုအချင်းတို့။ ဤပြာသာဒ်နန်းကား စန္ဒကုမာရမင်းသား၏ ပြာသာဒ်တည်း။ အိမ်တော်တွင်း၌ အလွန်မွေ့လျော်ဖွယ် ရှိ၏။ ရွှေစင်အတိ ရောင်ငြိလျှံမြူး ခြူးပန်းခြူးနွယ် ဆန်းကြယ်လှစွာသော အမွှန်းတန်ဆာတို့သည်ကား အိမ်ရှေ့မင်းစီရင်အပ်သော တန်ဆာတည်း။ ယခုကား မင်းသား ၄-ယောက်တို့သည် အိမ်တော်ကိုစွန့်၍ ထွက်ခဲ့ကုန်၏။”
“၁၂-ရာသီလုံး အပွင့်အသီးနှင့် ပြည့်စုံစွာ နှလုံးမွေ့လျော်ဖွယ်ရှိသော ဤဥယျာဉ်သည်လည်း ရောက်သောသူတို့၏ စိတ်ကို စိုးရိမ်ကင်းပျောက် ဝမ်းမြောက်ပျော်ရွှင်စေတတ်သောကြောင့် အသောကမည်သော စန္ဒကုမာရမင်းသား၏ ဥယျာဉ်တည်း။ ယခု မင်းသား ၄-ယောက်တို့သည် ဥယျာဉ်ကိုစွန့်၍ ထွက်ခဲ့ကုန်ပြီ။”
“အခါနှင့်ယှဉ်၍ ပင်လုံးကျွတ်ပွင့်သော ဤပန်းတောသည်ကား စန္ဒကုမာရမင်းသား၏ မဟာလှေကားပန်းတောတည်း။ ဤကား အသောက ပန်းတောတည်း။ ဤကား သရက်တောတည်း။ ထိုပန်းတောတို့ကိုစွန့်၍ မင်းသား ၄-ယောက်တို့သည် ထွက်ခဲ့ကုန်ပြီ။”
“ကြာပဒုမ္မာ ကြာပုဏ္ဍရိက်တို့ဖြင့် ဖုံးလွှမ်းသော ဤရေကန်သည်ကား စန္ဒကုမာရမင်းသား၏ ရေကန်တည်း။ ဤရေကန်တွင်း၌ ရွှေလှေ, ရွှေလောင်းတို့ဖြင့်လည်းကောင်း၊ နွယ်ပန်းတို့ဖြင့်လည်းကောင်း ဆန်းကြယ်ကုန်၏။ ထိုနှလုံးမွေ့လျော်ဖွယ်ရှိသော ရေကန်တို့ကိုစွန့်၍ မင်းသားညီနောင် ၄-ယောက်တို့သည် ထွက်ခဲ့ကုန်ပြီ။ မင်းမိုက်ဧကရာဇ်သည် သားတော် ၄-ပါးတို့ကို သနားကြင်နာ မရှိ၊ သတ်အံ့သောငှာ ထုတ်ခဲ့ပြီ”
ဤသို့ အထူးထူးအပြားပြား ပြည်သားပြည်သူအပေါင်းတို့ ငိုကြွေးကြကုန်၏။ ထို ပြည်သူတို့သည် ဆင်တော်တင်းကုပ် စသည်သို့ သွားကြပြန်ကုန်၏။
“အချင်းတို့၊ ဤဆင်ကား စန္ဒကုမာရမင်းသား၏ ဧရာဝဏ်မည်သော ဆင်ရတနာတည်း။ ကြီးသောခွန်အားလည်း ရှိ၏။ တင့်တယ်သော အစွယ်လည်း ရှိ၏။ အချင်းတို့ ဤရထားကား စန္ဒကုမာရမင်းသား၏ မြင်းရထားတည်း။ ထိုရထားတို့သည် သာလိကာတို့၏အသံနှင့် တူသောလည်း ရှိကုန်၏။ ရတနာ၇-ပါးတို့ဖြင့် ဆန်းကြယ်တင့်တယ်စွာ၏။ ဤရထားထက်စီးလျက် မင်းသားညီနောင် ၄-ပါးတို့သည် နန္ဒဝန်ဥယျာဉ်သို့ထွက်၍ နတ်သားလုလင်ကဲ့သို့ တင့်တယ်ကုန်၏။ ယခုမူကား အရှင် မင်းသားညီနောင် ၄-ပါးတို့ကို မင်းမိုက် သတ်အံ့ဟု ထုတ်ခဲ့ကုန်ပြီ။”
“အချင်းတို့။ ရွှေဇမ္ဗူရာဇ်ကဲ့သို့ ချစ်ဖွယ်သောအရောင်အဆင်းနှင့် ပြည့်စုံစွာ နံ့သာစန္ဒကူး လိမ်းသပ်လျက် မြတ်လှစွာသော မင်းသားညီနောင် ၄-ပါးတို့ကို မင်းမိုက်ဧကရာဇ်သည် မချစ်မသနား သားမဟုတ်သကဲ့သို့ အဘယ့်ကြောင့်သတ်၍ ယဇ်အလို့ငှာ ပြုပါဘိသနည်း။”
“အချင်းတို့။ ရွှေစင်အတု နုနုနယ်နယ် ရှုဖွယ်စတောင်း ယိုပျောင်းညံ့အိ မျက်စိအသရေဖြစ်သော မင်းသမီး ၄-ပါး သနားစရာတို့ကိုလည်းကောင်း၊ ရွှေစင်အလား စက်ထွားမွတ်ကြေ အသရေရှိသော မင်းမိဖုရား ၄-ပါးတို့ကိုလည်းကောင်း၊ အဆင်း,အရွယ် တင့်တယ်လျောက်ပတ် မြတ်သောသူဌေးကြီး ၄-ဦးတို့ကိုလည်းကောင်း အဘယ့်ကြောင့် မင်းမိုက်ဧကရာဇ် ယဇ်ပူဇော်အံ့နည်း။”
“အချင်းတို့ လူနည်း၍ တောကျယ်သော ရွာငယ်, နိဂုံး ဇနပုဒ်ကဲ့သို့ ငါတို့ပုပ္ဖဝတီပြည်ကြီးသည် မင်းသားညီနောင်တို့ကိုသတ်၍ ယဇ်ပူဇော်လတ်သော် ဆိတ်လတ္တံ့”ဟု ငိုကြွေးမြည်တမ်းကြကုန်၏။
ထိုအခါ လူများအပေါင်းတို့သည် မြို့ပြင်သို့ထွက်အံ့သောငှာ မရသည်ဖြစ်၍ မြို့တွင်း၌သာလျှင် တောင်သွားမြောက်လာ ဘယ်ညာလှည့်လည်လျက် မတည်မရပ် ရင်ခတ်လက်ချီ ငိုမြည်တမ်းကြကုန်၏။
ဘုရားလောင်း မင်းသားကိုလည်း ယဇ်တွင်းသို့ ဆောင်လေကုန်၏။ ယဇ်တွင်းအနီးသို့ ရောက်သောအခါ ဧကရာဇ်မင်း၏ မိဖုရားကြီးဖြစ်သော ဘုရားလောင်းမယ်တော် ဂေါတမီသည် “အရှင်မင်းကြီး။ အကျွန်ုပ်သားကို အသက် ချမ်းသာပေးတော်မူပါ”ဟု မင်း၏ခြေရင်း၌ဝပ်၍ ငိုကြွေးမြည်တမ်းလျက်-
“အရှင်မင်းကြီး။ အကယ်၍ မြတ်လှစွာသော စန္ဒကုမာရကို သတ်တော်မူအံ့။ အကျွန်ုပ်သည် အရုပ်အဆင်း ပျက်ခြင်းသို့ရောက်သဖြင့် မဆောက်တည်နိုင် မြေမှုန့်ကြဲလိမ်းလျက် ရှက်ကြောက်မရှိသော ရူးသွပ်ခြင်းသို့ ရောက်တော့အံ့၊ အကျွန်ုပ်၏အသက်ကို ချစ်သောထက် 'အဆအရာ ရင်မှာပိုက်မွေး သားရင်သွေးကို ချစ်ကြင်နာလှ၏။ အရှင်မင်းကြီး။ အကျွန်ုပ် ရင်ခွင်ပိုက်မွေး ရင်သွေးသူရိယကို အကယ်၍ သတ်အံ့။ အကျွန်ုပ်သည် ရူးသွပ်ခြင်းသို့ ရောက်လေအံ့။ အသက်ကိုချစ်သောထက် သားကို ချစ်လှသေး၏။ အရှင်မင်းကြီး။ အကျွန်ုပ်သားသမီးတို့ကို သတ်တော်မမူပါလင့်”ဟု
ငိုကြွေးမြည်တမ်းလျက် တောင်းပန်သော်လည်း ဧကရာဇ်မင်းသည် နားမျှမထောင်နေရကား မိဖုရားကြီးဂေါတမီသည် မိမိချွေးမ စန္ဒကုမာရမင်းသား၏ မယားတို့ကို ဆိုမြည်တမ်းပြန်လို၍ “အို၊ ချွေးမကောင်းတို့၊ သင်တို့ချစ်လင် အိမ်ရှေ့ရှင်သည် သင်တို့ကို အမျက်ထွက်၍ သွားအံ့သည်တကား။ မသွားရအောင် သင်တို့ အဘယ့်ကြောင့် မတားကုန်သနည်း”ဟု အိမ်ရှေ့မင်းမိဖုရားကြီး ဃဋ္ဋိကာ, ဥပရိက္ခီ, ပေါက္ခရဏီ, ဘာရိကာ ဤ၄-ယောက်တို့၏လည်ကိုဖက်လျက်-
“ငါ့သားစန္ဒကုမာရ၏ ငယ်ချစ်ငယ်ကြင်ဖြစ်သော သင်တို့ချွေးမ ၄-ယောက်သည် အချင်းချင်း နှစ်လိုဖွယ်သောစကားကို ဆိုကုန်လျက် စန္ဒကုမာရမင်းသား, သူရိယမင်းသားတို့၏အထံ၌ ကခြင်း, သီခြင်းဖြင့် ငါ့သားများကို အဘယ့်ကြောင့် မမွေ့လျော်စေကုန်သနည်း။ လင်၏မွေ့လျော်ခြင်းကို ဖြစ်စေတတ်သော ကခြင်း,သီခြင်းအမှု၌ သင်တို့ ၄-ယောက်နှင့်တူသော သူတို့သည် မရှိကုန်”ဟုဆို၏။
ချွေးမ ၄-ယောက်တို့နှင့်အတူ ငိုကြွေးမြည်တမ်းပါသော်လည်း ဧကရာဇ်မင်းသည် တစ်စုံတစ်ခုသော စကားကိုမျှ မယူသည်ဖြစ်၍ ခဏ္ဍဟာလပုဏ္ဏားကို ကျိန်ဆဲလိုရကား ဘုရားလောင်းမယ်တော် ဂေါတမီသည်-
“ဟယ်၊ ခဏ္ဍဟာလပုဏ္ဏား။ ငါ့သားစန္ဒကုမာရကို သတ်အံ့သောငှာ နင် ဆောင်သည်ရှိသော် ငါ၏နှလုံး စိုးရိမ်ခြင်းပြင်းစွာဖြစ်၏။ ဤငါ၏စိုးရိမ်ခြင်းသည် နင့်အမိဝမ်း၌ ဝင်စေသတည်း။”
“ဟယ်၊ ခဏ္ဍဟာလပုဏ္ဏား။ ငါ့သား သူရိယကုမာရကို သတ်အံ့သောငှာ နင် ဆောင်သည်ရှိသော် ငါ၏ စိုးရိမ်ခြင်း၊ ပူဆွေးခြင်း ဖြစ်၏။ ဤငါ၏စိုးရိမ်ခြင်း, ပူဆွေးခြင်းသည် နင့်အမိဝမ်း၌ ဝင်စေသတည်း။”
“ဟယ်၊ ခဏ္ဍဟာလပုဏ္ဏား။ ငါ့သားစန္ဒကုမာရကို သတ်အံ့သောငှာ နင် ထုတ်သည်ရှိသော် ငါ၏ပူပန်ခြင်းဖြစ်၏။ ထို ငါ၏ပူပန်ခြင်းသည် နင့်မယားဝမ်း၌ ဝင်စေသတည်း။”
“ဟယ်၊ ခဏ္ဍဟာလပုဏ္ဏား။ ငါ၏သားသူရိယကို သတ်အံ့သောငှာ ထုတ်သည်ရှိသော် ငါ၏ပူပန်ခြင်းဖြစ်၏။ ထိုငါ၏ ပူပန်ခြင်းသည် နင့်မယားဝမ်း၌ ဝင်စေသတည်း။”
“ဟယ်၊ ခဏ္ဍဟာလပုဏ္ဏား။ နင်သည် ခြင်္သေ့မင်း၏ ရဲရင့်ခြင်းနှင့်တူသော ငါ့သားတော်တို့ကို အပြစ်မဲ့သတ်ဘိ၏။ နင့်အမိသည် သား,လင်တို့ကို မမြင်ရသည် ဖြစ်စေသတည်း။”
“ဟယ်၊ ခဏ္ဍဟာလပုဏ္ဏား။ ပြည်သားပြည်သူအပေါင်းတို့၏ မျက်ရစ်သဖွယ်ဖြစ်သော ငါ့သားတော်တို့ကို နင် သတ်ဘိ၏။ နင့်အမိသည် သား,လင်တို့ကို မမြင်ရသည် ဖြစ်စေသတည်း။”
“ဟယ်၊ ခဏ္ဍဟာလပုဏ္ဏား။ ခြင်္သေ့မင်း၏ ရဲရင့်ခြင်းနှင့်တူသော သားတော်တို့ကို အပြစ်မရှိ နင်သတ်ဘိ၏။ နင့်မယားသည် သား,လင်တို့ကို မမြင်ရသည် ဖြစ်စေသတည်း။”
“ဟယ်၊ ခဏှာဟာလပုဏ္ဏား။ ပြည်သားပြည်သူ လူအပေါင်းတို့၏ မျက်ရှုဖြစ်သော သားတော်များကို နင်သတ်ဘိ၏။ နင့်မယားသည် သားကိုလည်းကောင်း, လင်ကိုလည်းကောင်း မမြင်ရသည် ဖြစ်စေသတည်း”ဟု ဘုရားလောင်းမယ်တော် ဂေါတမီသည် ကျိန်ဆဲ၏။
ဘုရားလောင်းအိမ်ရှေ့မင်းသည် ယဇ်တွင်းသို့ရောက်သောအခါ ခမည်းတော်ကို တောင်းပန်ပြန်လို၍-
“ခမည်းတော်မင်းကြီး။ အကျွန်ုပ်တို့ကို သတ်တော်မမူပါလင့်။ ခဏ္ဍဟာလပုဏ္ဏားအား ကျွန်အဖြစ်ဖြင့် ပေးတော်မူပါလော့။ ထိုသို့မပြုမူ ဆင်ထိန်းမ မြင်းထိန်း, ဆင်စာရိတ်, မြင်းစာရိတ်, ဆင်းချေးကျုံး၊ မြင်းချေးကျုံး ထားတော်မူပါလော့။ ထိုသို့မဟုတ်မူ ပြည်မှမူလည်း နှင်ထုတ်တော်မူလော့။ ခွက်လက်စွဲလျက် တောင်းစား၍ အသက်မွေးပါကုန်အံ့။”
“ခမည်းတော်မင်းကြီး ဆင်းရဲသောမိန်းမတို့သည် သားလိုချင်သည်ဖြစ်၍ နတ်တို့ကို တောင်းပန်ကုန်၏။ အချို့သော မိန်းမတို့သည် ချင်ခြင်းကိုစွန့်သောကြောင့်လည်း သားမရကုန်။ ခမည်းတော်တို့သည် ချင်ခြင်းရှိသည်ဖြစ်၍ သားကို တောင့်တသောကြောင့် အကျွန်တို့ကို ရသည်မဟုတ်လော။ ထိုသို့ချစ်မြတ်နိုးသဖြင့် ရအပ်သောသားတို့ကို အပြစ်မဲ့ အဘယ့်ကြောင့် သတ်တော်မူပါအံ့နည်း။ သားကိုရခြင်းသည်ကား အလွန် ဆင်းရဲငြိုငြင်သဖြင့်ရ၏။ ထိုသို့ ငြိုငြင်စွာရသော အကျွန်ုပ်တို့ကို ယဇ်မပူဇော်လင့်။ အကျွန်ုပ်တို့ကိုသတ်၍ အမိတစ်ယောက်တည်း အထီးကျန်သည်ကို မပြုလင့်”ဟု
မင်းသားအိမ်ရှေ့ရှင် ဦးတင်လက်မြှောက် အကြိမ်ကြိမ်လျှောက်သော်လည်း နှုတ်ထောက်မပြန် လှန်၍မကြည့်နေလျှင်၊ မင်းကြီးခြေရင်း၌ ဝပ်၍ မင်းသား ငိုကြွေးလျက်-
ကိုယ့်အသက်ထက် ဆထက်ကြည်လင် ချစ်ခင်လှပေသောမယ်တော်သည် ဆင်းရဲငြိုငြင်သဖြင့် သနားမြတ်လေး မွေးကျွေးသုတ်သင် ပြုပြင်တော်မူပေ၏။ မယ်တော်သည် သားကို အောက်မေ့တော်မူပေ၏။ အကျွန်ုပ်သည် မယ်တော်၏ခြေတော်ကို ရိုသေစွာရှိခိုးပါ၏။ အကျွန်ုပ်အဖသည် အကျွန်ုပ်တို့ကိုသတ်၍ နတ်ပြည်စည်းစိမ်ကို ရစေသတည်း။”
“မယ်တော်။ ယခု အကျွန်ုပ်ကို ဖက်တော်မူပါလော့။ ခြေတော်ကိုလည်း ရှိခိုးအံ့သောငှာ ပေးတော်မူပါလော့။ ယခု မယ်တော်၏ စိုးရိမ်ပူဆွေးခြင်းကိုပြု၍ မယ်တော်နှင့် သေကွဲ ကွဲရတော့အံ့။ မယ်တော် အကျွန်ုပ်ကို ဖက်ပါလော့။ ခြေတော်ကိုလည်း ရှိခိုးအံ့သောငှာ ပေးပါလော့။ ပြည်သူတို့၏ စိုးရိမ်ပူဆွေးခြင်းကိုပြု၍ ကွေကွင်းရတော့အံ့”
ထိုအခါ ဘုရားလောင်းမယ်တော် ဂေါတမီသည် သား ငိုမြည်တမ်းသံကို သည်းမခံနိုင်သည်ဖြစ်၍ ငိုမြည်တမ်းလိုရကား-
“ချစ်သားစန္ဒကုမာရ။ ယခု ကြာချပ်နှင့်တူသော ဦးရစ်ပေါင်းကို ပေါင်းလော့။ ဂေါ်သဇင်, စကား, ပန်းမြတ်များကို ရွှေသားသခင် ပန်ဆင်ဦးလော့။ ဤတန်ဆာတို့ကား သင်ဆင်မြဲသော တန်ဆာတို့တည်း။ အကျော်စန္ဒကူး လိမ်းသပ်အပ်သော သားမြတ်ရတနာသည် များစွာသောမှူးမတ်ပရိသတ်အလယ်၌ ရှုဖွယ်တင့်တယ်ရှိ၏။ ထိုစန္ဒကူး အကျော်တို့ကို သားတော် သတ်မှတ်လိမ်းသပ်ပါဦး။ သင့်အား နောင်သောအခါ မလိမ်းရလတ္တံ့။ ယခု အဆုံးသောလိမ်းသပ်ခြင်းဖြင့် လိမ်းသပ်ဦးလော့။”
“ချစ်သား။ အကြင်ပုဆိုးတို့ကို ဝတ်သည်ရှိသော် မင်းပရိသတ်အလယ်၌ ရှုဖွယ်တင့်တယ်ရှိ၏။ ထိုရှုဖွယ်တင့်အပ် မြတ်သောပုဆိုးတို့ကို အဆုံးစွန်သောဝတ်ခြင်းဖြင့် ဝတ်ပါဦးလော့။ ပုလဲမျိုး, ပတ္တမြားမျိုး အဖိုးထိုက်သောမျက်မြတ်တို့ဖြင့် စီရင်အပ်သော ရွှေလက်ကောက်, ရွှေနားတောင်း, ရွှေဘယက်တို့ကို ဆင်သည်ရှိသော် မင်းပရိသတ်အလယ်၌ တင့်တယ်၏။ ထိုတန်ဆာတို့ကို ဆင်ပါဦးလော့”ဟု ဆို၍ ငိုမြည်တမ်း၏။
အိမ်ရှေ့မင်း၏မိဖုရားကြီးသည် စန္ဒာဒေဝီ အမည်ရှိ၏။ ထိုစန္ဒာဒေဝီ မိဖုရားကြီးသည် ယောက္ခမဖြစ်သော ဧကရာဇ်မင်း၏ခြေရင်း၌ဝပ်၍ ငိုကြွေးမြည်တမ်းလျက်-
“ရေမြေစိုးချင်း မင်းတကာတို့၏ သခင်အရှင် ဖြစ်တော်မူသော မင်းတရားကြီးသည် ရင်တော်၌ဖြစ်သော သားရတနာကိုစင်လျက် မကြင်မနာ အဘယ့်ကြောင့် သတ်ပါအံ့နည်း”ဟု ဆို၏။
ထိုချွေးမ စန္ဒာဒေဝီစကားကို မင်းကြီးကြားလျှင်-
“ချွေးမ စန္ဒာဒေဝီ။ ငါသည် သားကိုလည်းကောင်း, မိမိကိုယ်ကိုလည်းကောင်း, သင်တို့ချွေးမများကိုလည်းကောင်း, မယားကိုလည်းကောင်း ချစ်၏။ ထိုသို့ချစ်လျက်ပင် နတ်ပြည်ကို လိုသောကြောင့် သတ်အံ့သတည်း”ဟု ဆို၏။
စန္ဒာဒေဝီလည်း-
“အရှင်မင်းကြီး။ လူကိုသတ်၍ နတ်ပြည်သို့ရောက်မည်မှန်လျှင် အကျွန်ုပ်လင် စန္ဒကုမာရမင်းသားကို မသတ်မီ အကျွန်ုပ်ကို ရှေးဦးစွာ သတ်တော်မူပါ။ အကျွန်ုပ်လင်၏ ဆင်းရဲခြင်းကို မမြင်လိုပါပြီ။ လင်၏ ဆင်းရဲခြင်းဖြင့် အကျွန်ုပ်နှလုံးသားကို ခွဲတော် မမူပါလင့်။”
“အရှင်မင်းကြီး၏ သားတော် စန္ဒကုမာရမင်းသားသည် ဝတ်စားမဆင်မပြင်ဘဲလျက် မျက်စိအစု ရှု၍မခန်းသော စကားပန်းသဖွယ် တင့်တယ်လှပါ၏။ အရှင်မင်းကြီး။ ရှေးဦးစွာ ယခု အကျွန်ုပ်ကို သတ်တော်မူပါ။ တမလွန်၌ ကြည်ဖြူချစ်ခင် သက်လုံးကြင်၍ မြဲလျှင်မကွာ ဖြစ်လိုပါ၏။ အရှင်မင်းကြီး။ ပြန့်ပြောစွာကောင်းမှု ပြုတော်မူပါလော့။ အကျွန်ုပ်တို့ ၂-ယောက် နောင်တမလွန်ဘဝသို့ အတူတကွ သွားကုန်ပါအံ့”ဟုဆို၏။
မင်းကြီးလည်း-
“ယနေ့ မွေးစသောသမင်ငယ်မ၏ မျက်လုံးသဖွယ် တင့်တယ်သော မျက်စိရှိသော ချွေးမ စန္ဒာဒေဝီ၊ သင့်ကို အဘယ့်ကြောင့် သတ်အံ့နည်း။ သင်၏သေခြင်းကို သင် အလိုမရှိလင့်။ ဂေါတမီမိဖုရား၏ သားဖြစ်သော သင်၏ချစ်လင် စန္ဒကုမာရကို ယဇ်ပူဇော်သည်ရှိသော် ကျန်ရစ်သော သားတော်အငယ် သင်၏မတ်သည် များစွာရှိသေး၏။ ထိုမတ်အများတွင် သင်နှစ်သက်ရာ တော်သင့်ထိုက်တန်သောမတ်နှင့် အိမ်ရှေ့မင်း မိဖုရားကြီးအဖြစ်ဖြင့် သင့်ကို မွေ့လျော်စံပျော်စေအံ့”ဟုဆို၏။
ဤစကားကို မင်းကြီးဆိုလျှင် စန္ဒာဒေဝီ အိမ်ရှေ့မိဖုရားသည် သွေးခြည်တမ်းလု နုလှသောရင်သားကို လက်ဝါးလက်ဆုပ် ခတ်ပုတ်ရိုက်တီးလျက် “အလမတ္ထော ဇီဝိတေန၊ ပါယာမိ ဝိသံ ပရိဿာမိ”ဟူသော ဂါထာဝက်ဖြင့်ဆို၍ သည်းစွာငိုကြွေးမြည်တမ်း၏။
“အသက်ကဲ့သို့ နှစ်လိုချင်ခင်ကြင်နာလှသော အရှင့်သားနှင့် ကွေကွင်းလျက် အသက်ရှည်သဖြင့် အဘယ်အကျိုး ရှိအံ့နည်း။ အဆိပ်ကိုစား၍ သေအံ့။ ဤမင်းကြီး၏ အဆွေအမျိုး လမ်းရိုးညွှန်တတ်သော အမတ်ကောင်း, ခင်ပွန်းကောင်း မရှိလေသလော။ ရင်သွေးအစစ်ဖြစ်သော သားကိုသတ်အံ့ဟု ပြုသည်ကို ပြည်သူတို့ မည်သူမျှ မဆိုကြပါကုန်တကား။ ခြေချင်းလက်ကောက် လျှံတောက်ပြီးပြက် ဘယက်တန်ဆာ, ရတနာရွှေကုံး မင်းသုံးမင်းဝတ်ဖြင့် တင့်တယ်စွာဆင်ကုန်သော အကျွန်ုပ်၏သားတို့သည် ရှိကုန်၏။ ထိုအကျွန်ုပ်သားတို့ကို ယဇ်ပူဇော်တော်မူပါလော့၊ ဂေါတမီ အရှင်မသား စန္ဒကုမာရကို လွှတ်တော်မူပါ။”
“အရှင်မင်းကြီး။ အကျွန်ုပ်ကိုယ်ကို အပိုင်းပိုင်းဖြတ်၍ အစု ၁ဝဝ-ပြုပြီးလျှင် ၇-ပါးသောအရပ်တို့၌ ပူဇော်တော်မူပါ။ ခြင်္သေ့မင်း၏ ရဲရင့်ခြင်းနှင့်တူသော အိမ်ရှေ့ရောက်ပြီး သားကြီးရတနာကို သတ်တော်မမူပါလင့်၊ အရှင်မင်းကြီး။ အကျွန်ုပ်ကို အဖို့ ၁ဝဝ-ပြု၍ ၇-ပါးသော အရပ်တို့၌ ပူဇော်တော်မူပါလော့။ ပြည်သားပြည်သူ လူအပေါင်း၏ မျက်ရစ်သဖွယ် ငယ်ချစ်ကျွမ်းဝင် အကျွန်ုပ်လင်ကို အရှင်မင်းကြီး သတ်တော်မမူပါလင့်”ဟု
စန္ဒာဒေဝီမိဖုရားသည် မင်းကြီး၏ အနီး၌နေ၍ ဤမျှလောက်သော ငိုမြည်တမ်းခြင်းဖြင့် ငိုကြွေးတောင်းပန်ပါသော်လည်း တစ်ခုသောသက်သာရာကိုမျှ မရသည်ဖြစ်၍ အိမ်ရှေ့မင်းထံသွားပြီးလျှင် ငိုကြွေးလျက်နေ၏။
ထိုအခါ စန္ဒာဒေဝီကို ဘုရားလောင်းအိမ်ရှေ့မင်းသည် “အသက်ကဲ့သို့ ချစ်ခင်မြတ်နိုးပေသော စန္ဒာဒေဝီ၊ ရှေးအထက်က အသက်ရှင်စဉ် သင်တို့နှင့် ချမ်းသာစွာ စံပျော်သောအခါ အမှုကြီး,အမှုငယ် အသွယ်သွယ်သောအကြောင်း ကောင်းမကောင်း ရာ,မရာကို ပညာဖြင့် အခွင့်လျော်အောင် ဆောင်ရွက်ပြောဆိုနိုင်ပေသည်ဖြစ်၍ သင့်အား အမှုနှင့်အင်တန် ဆင်ရန်တန်ဆာ ရတနာဆုလာဘ်ကို အထပ်ထပ် ငါ ပေးတော်မူသည်။ ဤယခု သင့်အား ငါပေးခြင်းသည်ကား အဆုံးစွန်သော ပေးခြင်းတည်း။ သင်သည် ငါ၏ကိုယ်၌ဆင်သော တန်ဆာကိုယူလော့”ဟု ကိုယ်တော်၌ဆင်သော တန်ဆာကို ပေးတော်မူ၏။
စန္ဒာဒေဝီမိဖုရားသည် အိမ်ရှေ့မင်းစကားကိုကြားလျှင် ထိုဂါထာတို့ဖြင့် တစ်ဖန် မြည်တမ်းပြန်၏။
“ရှေးသောအခါ အရှင်မင်းသားတို့၏လည်ကုပ်၌ ပွင့်ကုန်သော ပန်းတို့သည်လည်းကောင်း, ဆန်းကြယ်စွာ သီကုံးသော ပန်းကုံးတို့သည်လည်းကောင်း ကျကုန်၏။ ယခုကား မကြာမြင့်မီ အရှင့်သား လည်တော်၌ ထက်စွာသွေးပြီးသော သန်လျက်ဓားအသွားဖြင့် ကျလတ္တံ့။ ငါသည် အကြင်မျှကာလပတ်လုံး နှလုံးကွဲ၍ မသေသေး။ ထိုနှလုံး မကွဲသေးသော ကာလပတ်လုံး ယူကျုံးမရ ဒုက္ခအပေါင်းဖြင့် နှောင်ဖွဲ့ဘိ၏တကား။”
“ကာသိကရာဇ်တိုင်းဖြစ် ပုဆိုးကိုဝတ်လျက် ရွှေနားတောင်းဖြင့် တင့်တယ်စွာ နံ့သာအကျော်လိမ်းသပ်၍ မြတ်သောခဲဖွယ်ဘောဇဉ်ကို သုံးဆောင်ကုန်သဖြင့် တင့်တယ်လျောက်ပတ် မြတ်လှကုန်သော ငါတို့သခင် အရှင်မင်းသားတို့သည် မိခင်ဘိုးဘွား, သားမယား ပြည်သားပြည်သူ လူအပေါင်းတို့၏ စိုးရိမ်ခြင်းကိုပြု၍ ယခု ထွက်ခဲ့ကုန်၏”
ဤသို့ စန္ဒာဒေဝီမိဖုရားသည် ပြင်းစွာ ငိုကြွေးမြည်တမ်း၏။ ထိုငိုကြွေးစဉ်လျှင် ယဇ်တွင်း၌ စီရင်ရန် အမှုခပ်သိမ်းကို ပြီးစေပြီးလျှင် အိမ်ရှေ့မင်းကို ယဇ်တွင်းသို့ဆောင်ယူခဲ့၍ တွင်းပေါ်၌ လည်တော်ကို ညွတ်စေလျက် နေစေ၏။
သစ္စာကြောင့် သိကြားမင်း ဆင်း၍ကယ်ဆယ်ခန်း
ထိုအခါ ခဏ္ဍဟာလပုဏ္ဏားသည် ရွှေခွက်ကို မင်းသားလည်တော်အောက်၌ ညွတ်စေပြီးလျှင် သန်လျက်ကိုထမ်း၍ “အိမ်ရှေ့မင်း၏လည်ကို ဖြတ်အံ့”ဟုရပ်၏။ ထိုခဏ္ဍဟာလပုဏ္ဏား၏ ကြောက်မက်ဖွယ်အမူအရာကို စန္ဒာဒေဝီမိဖုရားမြင်လျှင် “ငါ့အား တစ်ပါးသောကိုးကွယ်ရာ မရှိပြီ။ သစ္စာစကားသာ ကိုးကွယ်ရာ ဖြစ်တော့သည်။ ငါ၏သစ္စာဖြင့် ချစ်စွာသောလင်သည် ချမ်းသာစေသတည်း”ဟု လက်အုပ်ချီ၍ ပရိသတ်တို့အလယ်၌ လှည့်လျက်-
“ပညာမရှိသော ခဏ္ဍဟာလပုဏ္ဏားသည် အကြင် မမှန်သောသဘောဖြင့် မကောင်းမှုကိုပြု၏။ ထိုခဏ္ဍဟာလပုဏ္ဏား မကောင်းမှုကိုပြု၏ဟုဆိုသော ငါ၏ ဟုတ်မှန်သောသစ္စာစကားဖြင့် ငါ၏လင်နှင့်အတူတကွ အသက်ထက်ဆုံး နေရစေသတည်း။ အကြင် ဘီလူး, ဖုတ်, မြိတ်, မြေစောင့်နတ်တို့သည် ရှိကုန်၏။ ထိုနတ်တို့သည် ငါ့အား ကံကျွေးပြုကြပါကုန်။ အကြင်နတ်တို့သည် ဤအရပ်သို့ လာကုန်လတ်၍ ငါ၏ကိုးကွယ်ရာကို ပြုကြပါကုန်။ သင်တို့အား စောင့်သောတရားကို တောင်းပန်ပါ၏။ ငါသည် လင်မှ ဘေးရန်ကို အောင်စေသတည်း”ဟု သစ္စာပြုပြီးလျှင် နတ်တို့ကို တောင်းပန်၏။
ထိုအခါ သိကြားမင်းသည် စန္ဒာဒေဝီမိဖုရား မြည်တမ်းသောအသံကိုကြား၍ ဆင်ခြင်လတ်သော် ထိုအကြောင်းကိုသိပြီး၍ ထိုခဏ ရဲရဲတောက်သောသံလှံတံကို လှည့်လည်လျက် ဧကရာဇ်မင်းကိုကြားစေ၍ ခြိမ်းခြောက်လိုရကား-
“ဟယ်၊ မင်းယုတ်။ ငါ့ကို သင် မသိလော။ သင့်ဦးခေါင်းကို ထောင်းထောင်းပြတ်အောင် ရိုက်ခတ်အံ့။ ဦးခေါင်းပြတ်ခြင်းကိုကြောက်လျှင် အပြစ်ကင်းသော စန္ဒကုမာရမင်းသားကို မသတ်လင့်။”
“ဟယ်၊ မင်းယုတ်။ နတ်ပြည်ကို တောင့်တသဖြင့် အပြစ်မရှိသော သား,မယား, သူဌေးသူကြွယ်တို့ကို သတ်သည်ကို အဘယ်မှာ သင် မြင်ဖူးသနည်း”ဟုဆို၏။
ထိုသို့ခြိမ်းခြောက်သော သိကြားမင်းစကားကို ဧကရာဇ်မင်း, ခဏ္ဍဟာလပုဏ္ဏားတို့သည် ကြောက်မက်ဖွယ်သောအရောင်အဝါ ဘုန်းအာဏာနှင့်လာသော မဖြစ်ဖူးမြဲသောအကြောင်းကို သိမြင်လျှင် ပြင်းစွာ ထိတ်လန့်ကြောက်ရွံ့သည်ဖြစ်၍ မင်းသား၊ မင်းသမီးမှစ၍ ခပ်သိမ်းစုံသောသူတို့ကို အနှောင့်အဖွဲ့မှ လွတ်စေ၏။ ထိုမင်းမိဖုရား, မင်းသား, မင်းသမီး, သူဌေးသူကြွယ်အပေါင်းတို့သည် အနှောင်အဖွဲ့မှ လွတ်ပြီးသော် အညီအညွတ် စည်းဝေးကြကုန်၍ ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြကုန်၏။ ထိုယဇ်တွင်း၌ စည်းဝေးကုန်သော လူအပေါင်းတို့သည် အုတ်ခဲ တစ်ယောက်တစ်ခုစီဖြင့် 'ခဏ္ဍဟာလပုဏ္ဏားအား ဒဏ်ပေးခြင်းကိုပြု၏။ ထိုအုတ်ခဲဒဏ်ဖြင့် ခဏ္ဍဟာလပုဏ္ဏား သေလေ၏။
ခဏ္ဍဟာလကို သတ်ပြီးလျှင် လူအပေါင်းတို့သည် ဧကရာဇ်မင်းကို “သတ်အံ့”ဟုပြုကြကုန်၏။ ဘုရားလောင်း အိမ်ရှေ့မင်းသည် အဖ ဘဝရှင် မင်းဧကရာဇ်ကိုဖက်၍ လူအပေါင်းအား အဖ၏ အသက် ချမ်းသာကြောင်းကို တောင်းပန်တော်မူ၏။ ပြည်သားပြည်သူ လူအပေါင်းတို့သည်လည်း-
“ဤမင်းယုတ်အား အသက်ကိုသာ ချမ်းသာပေးအံ့။ ထီးနန်း ပြည်စည်းစိမ်ကို ငါတို့ မပေး။ မြို့တွင်းသို့ မဝင်စေရ။ မြို့ပြင်၌ ဒွန်းစဏ္ဍာပြု၍ နေစေကုန်အံ့”ဟုဆိုလျက် မင်းဝတ်တန်ဆာကို ပယ်ခွာချွတ်ယူ၍ သစ်ခေါက်ဆိုးကို ဝတ်စေပြီးလျှင် နနွင်းဆိုးပုဆိုးညစ်ကို ဦးခေါင်းရစ်၍ ဒွန်းစဏ္ဍားလုပ်ပြီးသော် ဒွန်းစဏ္ဍားနေရာအရပ်သို့ ပို့စေ၏။
အကြင်သူတို့သည် သူ့ကိုသတ်၍ မိမိမူလည်း ယဇ်ပူဇော်အံ့။ သူတစ်ပါးကိုမူလည်း ပူဇော်စေအံ့။ သူတစ်ပါးပူဇော်သည်ကိုလည်း ဝမ်းမြောက်အံ့။ ထိုသူတို့သည် ငရဲသို့သာ သွားရကုန်၏။
ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော မြတ်စွာဘုရားသည် ဤသို့ ဟောတော်မူ၏။
“ချစ်သားရဟန်းတို့။ ခပ်သိမ်းသောသူတို့သည် မကောင်းမှုကိုပြုသောကြောင့် အောက်ငရဲသို့ ဝင်ရလေကုန်၏။ မကောင်းမှုကိုပြုသောကြောင့် ဤလူ့ပြည်မှ သေသည်ရှိသော် နတ်ပြည်သို့ မရောက်ကုန်”ဟု ဟောတော်မူ၏။
စန္ဒကုမာရမင်းသားကို ထီးနန်း အပ်နှင်းခန်း
ပြည်သားပြည်သူ လူအပေါင်းတို့သည်လည်း မင်းနှင့် ပုဏ္ဏား ဤသူယုတ်၂-ယောက်တို့ကို ပယ်ရှားစီရင်ပြီးသော် ထိုမြို့ရှေ့၌ပင်လျှင် ရာဇာဘိသေကမင်္ဂလာ ဆောင်ရာဖြစ်သော အဆောက်အဦတို့ကို ရှေးမူထုံးဟောင်း ရှိသည်အတိုင်း စီရင်ခင်းကျင်းပြီးလျှင် စန္ဒကုမာရအိမ်ရှေ့မင်းကို အဘိသိက်သွန်း၍ ထီးနန်းနှင်းကုန်၏။ ခပ်သိမ်းကုန်သော မင်းညီ,မင်းသား မင်းသမီး, မင်းမိဖုရား၊ ပြည်သားပြည်သူ လူအပေါင်းတို့သည် တီးမှုတ်ကခုန် မြူးထူးကြကုန်လျက် များစွာသော ပူဇော်သက္ကာကိုပြု၍ အဘိသိက်သွန်းကြကုန်၏။ ဘုမ္မစိုး၊ ရုက္ခစိုးစသော နတ်တို့သည်လည်းကောင်း၊ သုဇာတာစသော နတ်သမီးတို့သည် လည်းကောင်း၊ များစွာကုန်သော နတ်အပေါင်းတို့သည်လည်းကောင်း ကောင်းချီးပေးကုန်လျက် ဝမ်းမြောက်ဝမ်းသာ ပူဇော်သက္ကာ ပြုကြကုန်၏။ ပြည်တော်တွင်း၌လည်း အောင်စည်လည်စေ၏။ အနှောင်အဖွဲ့ မှလည်း လွတ်စေ၏။
ဤသို့ စန္ဒကုမာရမင်းကြီးသည် ပုပ္ဖဝတီပြည်၌ ရွှေထီးရွှေနန်း သိမ်းမြန်းစိုးစံတော်မူ၏။ ခမည်းတော် ဧကရာဇ်မင်းအားလည်း ပေးမြဲသောဝတ်ကို ဖြစ်စေတော်မူ၏။ ပြည်တွင်းသို့သာ မဝင်စေရ။ ဝတ်ရုံစားရုံ မျိုးရိက္ခာကုန်လျှင် ဥယျာဉ်ကစားစသည် ထွက်တော်မူခိုက် အထံတော်သို့ဝင်၍ ပေးစေ၏။ အဖဖြစ်သည်ဟူ၍ကား ရှိခိုးတော်မမူ။ လက်ယှက်ရုံသာပြု၍ “အရှင်။ အသက်ရှည်စေသတည်း”ဟု ဆိုတော်မူ၏။ “အကြောင်းရှိမူကား ကြားစေ”ဟု အမိန့်တော်ရှိ၏။ မျိုးရိက္ခာလည်း မပြတ်ပေးတော်မူ၏။
ဘုရားလောင်း စန္ဒကုမာရမင်းကြီးသည် တရားသဖြင့် ပြည်စည်းစိမ်ကို စိုးစံတော်မူ၍ အသက်အဆုံး၌ နတ်ပြည်သို့ လားတော်မူလေ၏။
ဇာတ်တော်အဆုံး၌ သစ္စာ ၄-ပါး ဝေဖန်ခန်း
ဤသို့ ဓမ္မဒေသနာတော်ကို ဟောတော်မူပြီး၍ သစ္စာ၄-ပါးကို ပြတော်မူ၏။
အဘယ်သို့ ပြသနည်း ဟူမူကား ဝဋ်တရား၌ ကျင်လည်ရကုန်သော သတ္တဝါအပေါင်းတို့သည် ဤစန္ဒကုမာရမင်းသားကဲ့သို့ စည်းစိမ်အသက် ပျက်စီးကြောင်း မကောင်းသောသူတို့၏အကြံဖြင့် ကိုယ်၏ဆင်းရဲခြင်း၊ ကိုယ်နှင့်စပ်သောသူတို့၏ ဆင်းရဲခြင်း၊ မကောင်းသောအဆွေခင်ပွန်းနှင့် ပေါင်းဖော်ခြင်း၊ ချစ်သောသူတို့နှင့် ကွေကွင်းရခြင်း၊ မချစ်သောသူတို့နှင့် အတူတကွနေရခြင်း၊ သူတစ်ပါးတို့ စွပ်စွဲခြင်း၊ ရန်သူကြီး ၅-ပါးတို့ ဖျက်ဆီးခြင်းစသော ဆင်းရဲသံသရာ၌ တပြောင်းပြန်ပြန် အဖန်တလဲလဲ ပဋိသန္ဓေနေရခြင်း, အိုရခြင်း, သေရခြင်းစသော ဝဋ်ဆင်းရဲ သဘောတရားသည် စင်စစ် ဆင်းရဲဧကန် မှန်သောကြောင့် “ဒုက္ခသစ္စာ” မည်၏။
ထိုဆင်းရဲခြင်းတည်းဟူသော ဒုက္ခသစ္စာသည်ကား ဝတ္ထုကာမ, ကိလေသာကာမအားဖြင့် ပြားသော ရူပါရုံ၌ တပ်မက်မောခြင်း, သဒ္ဒါရုံ၌ တပ်မက်မောခြင်း, ဂန္ဓာရုံ၌ တပ်မက်မောခြင်း, ရသာရုံ၌ တပ်မက်မောခြင်း, ဖောဋ္ဌဗ္ဗာရုံ ၌ တပ်မက်မောခြင်း တည်းဟူသော ကာမတဏှာ၊ ဘဝ၌တပ်ခြင်းဟုဆိုအပ်သော ဘဝတဏှာ၊ သတ္တဝါတို့သည် သေလျှင် ဘဝပြတ်တော့သည်ဟု ဥစ္ဆေဒိဋ္ဌိနှင့်ယှဉ်၍ ဘဝပြတ်ခြင်း၌တပ်တတ်သော ဝိဘဝတဏှာ၊ ဤသို့ ဝဋ်တရား၌ တပ်တတ်သော လောဘစေတသိက်ဟု ဆိုအပ်သော တဏှာဥပါဒါန်တရားကြောင့်သာ ဖြစ်၏။ ထိုသို့ တပ်တတ်သော လောဘစေတသိက်သည် ဝဋ်ဆင်းရဲ၌ ကျင်လည်ရခြင်း၏ အကြောင်းဖြစ်သောကြောင့် “သမုဒယသစ္စာ” မည်၏။
ခန္ဓာ ၅-ပါးတို့၏ မဖြစ်ခြင်း၊ ပြုပြင်ခြင်း, စီရင်ခြင်းမှကင်းသော အသင်္ခတဓာတ် မြတ်သောနိဗ္ဗာန်သည် ထိုဒုက္ခ သမုဒယတရားတို့၏ ချုပ်ရာငြိမ်းရာဖြစ်သောကြောင့် “နိရောဓသစ္စာ” မည်၏။
ထိုဒုက္ခ သမုဒယတို့၏ချုပ်ရာ ငြိမ်းရာဖြစ်သော နိဗ္ဗာန်သို့ရောက်ကြောင်းအကျင့်ကား ခပ်သိမ်းသော သင်္ခါရတို့၏ အမြဲမရှိသောအဖြစ်၊ ခပ်သိမ်းသောသင်္ခါရတို့၏ ဆင်းရဲအတိသာ သုခမရှိသောအဖြစ်၊ ခပ်သိမ်းသောတရားတို့၏ အတ္တ ဟုဆိုအပ်သော အနှစ်မရှိ အနတ္တသာရှိသည်၏အဖြစ်၊ ဤသို့ လက္ခဏာယာဉ် ၃-ပါးကို မဖောက်မပြန် ဟုတ်မှန်တိုင်းမြင်တတ်သော “သမ္မာဒိဋ္ဌိမဂ္ဂင်”။
ကောင်းသောအာရုံသို့သာ မိမိစိတ္တုပ္ပါဒ်ကို တက်စေခြင်း, ကောင်းသောအာရုံကိုသာ ကြံခြင်းဟုဆိုအပ်သော “သမ္မာသင်္ကပ္ပမဂ္ဂင်"။
မဟုတ်မမှန်သောစကားကို ပြောဆိုခြင်း, ချောပစ်ကုန်းတိုက်သောစကားကို ပြောဆိုခြင်း, အကျိုးမရှိသောစကားကို ပြောဆိုခြင်း၊ ဤဝစီဒုစရိုက် ၄-ပါးမှကြဉ်၍ အသက်မွေးခြင်းအကြောင်းကို မငဲ့သဖြင့် ကောင်းသောစကားကိုသာ ပြောဆိုခြင်းဟု ဆိုအပ်သော “သမ္မာဝါစာ မဂ္ဂင်”။
အသက်မွေးခြင်းအကြောင်း၌ မငဲ့သဖြင့် သူ့အသက်ကိုသတ်ခြင်း, သူ့ဥစ္စာကိုခိုးယူခြင်း, ကာမဂုဏ်တို့၌ မှားသောအားဖြင့် လွန်ကျူးခြင်း ဤကာယဒုစရိုက် ၃-ပါးမှကြဉ်၍ ကောင်းသောအမှုကိုပြုခြင်းဟု ဆိုအပ်သော “သမ္မာကမ္မန္တမဂ္ဂင်”။
အသက်မွေးခြင်းအကြောင်းကိုငဲ့၍ ထိုဝစီဒုစရိုက် ၄-ပါး, ကာယဒုစရိုက် ၃-ပါးမှ ကြဉ်၍ ကောင်းသောအသက်မွေးခြင်းဟုဆိုအပ်သော “သမ္မာအာဇီဝ မဂ္ဂင်”။
မကောင်းသောလုံ့လကို ကြဉ်၍ ကောင်းသောလုံ့လကိုပြုခြင်းဟု ဆိုအပ်သော “သမ္မာဝါယာမ မဂ္ဂင်”။
ကုသိုလ်တရား၌ မမေ့မလျော့ရအောင် ကောင်းစွာအောက်မေ့ခြင်းဟုဆိုအပ်သော “သမ္မာသတိမဂ္ဂင်”။
မကောင်းသောအာရုံသို့ မပျံ့မလွင့်စေမူ၍ ကောင်းသော အာရုံ၌ ကောင်းစွာဆောက်တည်ခြင်းဟု ဆိုအပ်သော “သမ္မာသမာဓိမဂ္ဂင်”။
ဤသို့ မဂ်စိတ်၌ သမ္ပယုတ်ဖြစ်သော မဂ္ဂင်တရား ၈-ပါးသည် နိဗ္ဗာသို့ရောက်ကြောင်း အကျင့်ဖြစ်သောကြောင့် “မဂ္ဂသစ္စာ” မည်၏။
ဇာတ်တော်ပေါင်းခန်း
ဤသို့ သစ္စာ ၄-ပါးကို ပြတော်မူပြီး၍ ရှေးအမိန့်တော်ရင်း ဒေသနာကို မပျောက်အောင် ဝတ္ထုနှင့်လျော်စွာ စပ်တော်မူလိုရကား- “ချစ်သားရဟန်းတို့။ ယခုသာလျှင် ဒေဝဒတ်သည် ငါတစ်ယောက်ကိုမှီ၍ များစွာသောသူတို့ကို သတ်အံ့သောငှာ လုံ့လပြုသည် မဟုတ်။ ရှေး၌လည်း ပြုဖူးသတည်း”ဟု မိန့်တော်မူပြီးလျှင် ဇာတ်တော်ကိုပေါင်းတော်မူ၏။
Commentaires