တော်သလင်း လပြည့်နေ့ မှတ်ဖွယ်
ကုရုဓမ္မ နှင့် ဂရုဓမ္မ
ကုရုဓမ္မ ဟူသည် ကုရုတိုင်း နယူဒေလှီတိုင်းသားများကျင့်ရာ ငါးပါးသီလ
ဂရုဓမ္မ ဟူသည် ဘိက္ခုနီမတို့ ကျင့်ရာ ဂရုဓမ် ၈ ပါး
တော်သလင်းလပြည့် ဂရုဓမ္မအခါတော်နေ့
မြန်မာ့တစ်ဆယ့်နှစ်လအနက် တော်သလင်းလပြည့်နေ့သည် ကုရုဓမ္မအခါတော်နေ့ဟု ထင်ရှားသောလပြည့်နေ့ဖြစ်၏။ ဂေါတမမြတ်စွာဘုရားသည် ကုရုဓမ္မဇာတ်တော်ကို ဟောကြားခြင်းအား အကြောင်းပြု၍ တော်သလင်းလပြည့်နေ့ကို ကုရုဓမ္မ အခါတော်နေ့အဖြစ် ဗုဒ္ဓဘာသာဝင်များ သတ်မှတ် ကျင်းပကြသည်။ ကုရုဓမ္မ၏ အဓိပ္ပာယ်မှာ ကုရုတိုင်းသားများ စောင့်ထိန်းသော ငါးပါးသီလ စောင့်ထိန်းခြင်းဟု အဓိပ္ပါယ် ရရှိ၏။ သူတော်ကောင်းတို့ အလေးဂရုထား၍ ကျင့်သုံးအပ်သောကြောင့် ဂရုဓမ္မသီလဟုလည်း ခေါ်ဆိုပါသည်။ ငါးပါးသီလပျက်စီးသူသည် နား၊ မျက်စိ ချို့ယွင်းသူကဲ့သို့ ဆင်းရဲဒုက္ခ ရောက်တတ်၏။ အသက်ရှင်လျက်နှင့် သေသူနှင့် မခြားပါပေ။
ခြေပြတ်၊ လက်ပြတ်၊ ဦးခေါင်းပြတ်သော သူနှင့် တူ၏။ သေသောအခါ အပါယ်ငရဲသို့ ကျတတ်၏။ စောင့်ထိန်းသူကား နတ်ရွာနိဗ္ဗာန်သို့ ဆိုက်ရောက်နိုင်ကြောင်း အဋ္ဌကထာဆရာများ မိန့်ဆိုကြ၏။
သာဓကဇာတ်တော်အဖြစ် တိကနိပါတ် ဂရုဓမ္မဇာတ်ကို ဥဒါဟရုဏ်ဆောင်ပါမည်။ ရှေးက ကလိင်္ဂတိုင်းနှင့် ကုရုတိုင်းတို့ ထီးပြိုင်နန်းပြိုင် မင်းပြုကြရာ ကလိင်္ဂတိုင်းပြည်၌ မိုးလေဝသ မကောင်းသဖြင့် သီးနှံများမဖြစ်ထွန်းပေ။ ကလိင်္ဂတိုင်းသားတို့ ငတ်မွတ်ခေါင်းပါးသော ဒုဗ္ဘိက္ခန္တရကပ်ဘေးကြီးကို ရင်ဆိုင်ကြရ၏။ ကုရုတိုင်းကား မိုးလေမှန်ကန်၍ သီးနှံများ ဖြစ်ထွန်းကာ သာယာအေးချမ်းလျက် ရှိ၏။ ထိုအခါ ကလိင်္ဂတိုင်းသားတို့သည် ပြည်နီးချင်းဖြစ်သော ကုရုတိုင်း၌ အဥ္စနဝဏ္ဏ ဆင်တော်ရှိခြင်းကြောင့်ဟု ဘုရင့်ထံလျှောက်ထားကြ၏။
ကုရုတိုင်းသို့ သံတမန်များ စေလွှတ်၏။ ကောရဗျမင်းကြီးက ငွေအသပြာနှင့် မလဲလှယ်ဘဲ လှူဒါန်းသည်။ ဆင်တော်ကလိင်္ဂတိုင်းသို့ရောက်သော်လည်း မိုးမရွာပေ။ အကြောင်းကို ရှာဖွေရာ ကုရုပြည့်ရှင်နှင့်ပြည်သူများ သီလစောင့်သောကြောင့်ဟု လျှောက်ထားကြရာ ပြည့်ရှင်မင်းကြီးက ကောရဗျမင်းထံ ကုရုမင်းတို့ ကျင့်သုံးဆောက်တည်သော "ကုရုဓမ္မသီလ"ကို တောင်းယူစေ၏။
ကောရဗျမင်းကြီးအပါအဝင် တစ်ကျိပ်တစ်ယောက်သောပုဂ္ဂိုလ်တို့၏ သီလအပေါ် အလေးအနက်ခံယူပုံကား အံ့မခန်း မြင့်မြတ်လှပေသည်။ ကောရဗျမင်းသည် ကလိင်္ဂတိုင်းမှ သီလတရား တောင်းခံသည့်အခါ မိမိသီလကို ပြန်လည် ဆန်းစစ်၏။ မိမိသီလ၌ အားရနှစ်သက်ခြင်းမရှိ။ ကောရဗျမင်းသည် ကြတ္တိကာနက္ခတ်နှင့် ယှဉ်သောပွဲသဘင်၌ ကန်ပေါင်ရိုးရှိ စိတ္တရာဇာနတ်မင်း၏ နတ်ကွန်းအနီး ရပ်လျက် မြားတို့ကို ပစ်လွှတ်ရာ အခြားအရပ်သို့ ကျသောမြားတို့ကို မြင်ရသော်လည်း ရေပြင်သို့ ပစ်လိုက်သော မြားကိုကား ပေါ်လာသည်ကို မမြင်ရသောကြောင့် ငါပစ်လိုက်သော မြားသည် ရေထဲက ငါးကို ထိမှန်နေသလော၊ အကယ်၍ ငါးကို ထိမှန်သွားပါမူ ငါ၏ ဂရုဓမ္မသီလ၌ ပါဏာတိပါတသိက္ခာပုဒ် ပျက်စီးလေပြီလောဟု ယုံမှားသံသယဖြစ်၏ဟု ဆို၏။
အလှူခံအမတ်တို့က အရှင်မင်းမြတ် သေစေလိုသော စေတနာရှိသည် မဟုတ်သောကြောင့် အရှင်မင်းမြတ် သီလပျက်သည်ဟု မဆိုနိုင်ပါ။ အရှင်မင်းမြတ်ကဲ့သို့ သံသယကြီးစွာ ထိန်းသိမ်းအပ်သော ဂရုဓမ္မတရားသည် အလွန် သန့်စင်မွန်မြတ်သော တရားဖြစ်၍ ချီးမြှောက်တော်မူပါဟု လျှောက်ထားကြ၍ ရွှေပေလွှာထက်၌ ရေးကူးကြရ၏။ သို့သော် ဘုရင်မင်းမြတ်က ငါ့သီလ၌ ငါအားမရ။ ငါ၏ မယ်တော်သည် ကုရုဓမ္မကို လေးစားစွာ စောင့်ရှောက်ပါသည်ဟု မယ်တော်ထံ စေလွှတ်၏။
မယ်တော်ကြီးက အမောင်တို့၊ ငါသည် ကုရုဓမ္မသီလကို စောင့်သည်ကားမှန်၏။ သို့ရာတွင် ငါသည် သံသယရှိနေ၏။ ငါ၌သားနှစ်ဦးရှိရာ သားအကြီးမှာ ဓနဥ္စယကောရဗျမင်း၊ သားငယ်မှာ အိမ်ရှေ့မင်းဖြစ်၏။ အခတစ်ပါး၌ မဟာမိတ်ဖြစ်သော တိုင်းတစ်ပါးဘုရင်က မင်းကြီးထံသို့ တစ်သိန်းတန် စန္ဒကူးနံ့သာနှစ် တစ်ခုနှင့် တစ်ထောင်တန် ရွှေပန်းကုံး တစ်သွယ် လက်ဆောင်ပို့လိုက်၏။ မင်းကြီးက ပူဇော်ကန်တော့သဖြင့် လက်ခံယူပြီး ချွေးမကြီးက မိဖုရားခေါင်ကြီးဖြစ်၍ ပြည့်စုံသည်၊ ချွေးမငယ်က အိမ်ရှေ့ မိဖုရားမျှသာဖြစ်၍ မပြည့်စုံ၊ တစ်သိန်းတန် စန္ဒကူးနံ့သာနှစ်ကိုပေးမည်ဟု ဆင်ခြင်၍ ပေးခဲ့ဖူးရာ ငါသည် မျက်နှာလိုက်၍ ပေးရာရောက်နေသလော၊ ငါ၏ ကုရုဓမ္မသည် ညှိုးနွမ်း ပျက်ပြယ်လေသလောဟုဆို၏။ သံတမန်တို့လည်း ကိုယ်ပိုင်ပစ္စည်းကိုပေးကမ်းရာတွင် ဤမျှလောက် သံသယရှိနေသော မယ်တော်ဘုရာကြီး၌ အသို့လျှင် သီလပျက်အံ့နည်းဟု သီလကို တောင်းယူ ရေးမှတ်ကြ၏။ သို့သော် မိမိသီလ၌ မကျေနပ်သေးသော မယ်တော်ကြီးက ချွေးမကြီးထံ သွားရောက်ရန် စေလွှတ်ပြန်သည်။
မိဖုရား ခေါင်ကြီးကလည်း မိမိသီလ၌သံသယဖြစ်နေပြန်သည်။ တစ်နေ့ မင်းကြီးဆင်တော်စီး၍ တိုင်းခန်းလှည့်စဉ် မိဖုရားကြီးက နန်းလေသာ ပြတင်းမှ ရှုကြည့်ရာ မင်းကြီး၏ နောက်ဘက်က အိမ်ရှေ့မင်းသားကို မြင်လျှင် တပ်မက်စိတ်ဖြင့် အကယ်၍ ငါသည် အိမ်ရှေ့မင်းနှင့် ချစ်ကျွမ်းဝင်ပါမူကား နောင်တော် နတ်ရွာစံသောအခါ အိမ်ရှေ့ မင်းသားသည် ပြည့်ရှင်မင်း ဖြစ်၍ ငါ့ကို သိမ်းပိုက်ကာ ချီးမြှောက်ရာ၏ဟု ကြံစည်မိလေသည်။ မိမိသီလ၌ သံသယ မကင်းသော မိဖုရားခေါင်ကြီးအား စိတ်တော်မှားယွင်းကာမျှဖြင့် ကာမေသုမိစ္ဆာစာရကံ မမြောက်ပါဟု သံတမန်တို့ ဆိုလင့်ကစား မိဖုရားကြီးက အိမ်ရှေ့မင်းသားထံ စေလွှတ်လိုက်ပြန်၏။
အိမ်ရှေ့မင်းသားက ညချမ်းအချိန်တွင် နောင်တော် ဘုရင်းမင်းမြတ်ထံ ညညီလာခံ အခစားသွားလျှင် နောင်ဘုရားထံ၌ ညစာပွဲတည်၍ နန်းတော်မှာပင် ညအိပ်မည်ဆိုလျှင် မြင်းဇက်ကြိုးနှင့် နှင်တံကို ရထားဦးတွင်ထားခဲ့ရ၏။ ပြန်မည်ဆိုလျှင် ကြိုးနှင့် နှင်တံကို ရထားပေါ်၌ ထားပြီး အမှုထမ်းများက စောင့်ဆိုင်းရ၏။ တစ်နေ့တွင် ယခုပင်ပြန်မည်ဟု နှလုံးသွင်း၍ မြင်းဇက်ကြိုးနှင့် နှင်တံကို ရထားပေါ်၌ ထားခဲ့၏။ နန်းတော်သို့ ဝင်မိလျှင် မိုးရွာလာ၍ နောင်ဘုရားက ညစာပွဲတော်တည်ပြီး နံနက်မှ ပြန်ရန် မိန့်ဆို၍ နန်းတော်၌ အိပ်စက်ခဲ့မိရာ ရထားမှူးနှင့် အခြွေအရံတို့ကို မပြောမိ၍ တစ်ညလုံး မိုးရေထဲ၌ စောင့်ကြရကြောင်း၊ မိမိ၏ သီလပျက်ပြီလောဟု သံသယရှိကြောင်း ပြောဆိုလေသည်။
တစ်ဖန် အိမ်ရှေ့စံညွှန်ပြချက်ဖြင့် ပုရောဟိတ်ကြီးထံရောက်၍ ကုရုဓမ္မသီလကို တောင်းခံကြရာ ငါသည် တစ်နေ့သောအခါ မင်းတရားထံသို့ ညီလာခံတက်ရန် ခြေကျင်လျှောက်သွားနေစဉ် တိုင်းတစ်ပါး မင်းက ယာဉ်ရထား တစ်စီးကို မင်းကြီးထံ လက်ဆောင်ဆက်သရန် ရောက်လေရာ လမ်း၌ ဆုံစည်းမိ၏။ ငါသည် အသက်ကြီးလေပြီ၊ မင်းကြီးသည် ဤရထားကို ငါ့အား ချီးမြှင့်လျှင် ကောင်းလေစွဟူသော စိတ်အကြံဖြစ်မိ၏။
နန်းတော်ရောက်သည့်အခါ ဘုရင်က ဤရထားသည်အလွန်ကောင်းမွန်သဖြင့် ပုရောဟိတ်ကြီးနှင့်သာ ထိုက်တန်ပါသည်ဟု ချီးမြှင့်၏။ ပုရောဟိတ်ကြီးက အကြိမ်ကြိမ် ငြင်းပယ်၏။ ကုရုဓမ္မတရားကို စောင့်ပါလျက် သူတစ်ပါး ပစ္စည်း၌ တပ်မက် လိုချင်သော လောဘစိတ်ကြောင့် မိမိသီလအပေါ် သို့လောသို့လောသံသယဝင်နေသော ပုရောဟိတ်ကြီးအား မနောကံမျှဖြင့် သီလ မပျက်နိုင်ကြောင်းဆို၍ ရေးကူးကြလေသည်။
ထို့နောက် ပုရောဟိတ်ကြီး လမ်းညွှန်မှုဖြင့် မြေတိုင်းအမတ်ထံ ရောက်ကြပြန်၏။ လယ်မြေ တိုင်းထွာချိန်တွင် ကြိုးကို လယ်ရှင်က တစ်ဖက်၊ မြေတိုင်း အမတ်က တစ်ဖက် ကိုင်ရ၏။ မြေတိုင်း အမတ်ဘက်က တုတ်ကို စိုက်ရမည့် နေရာသည် ပုစွန်လုံးတွင်းနှင့်တည့်တည့် ကျနေ၏။
တုတ်စိုက်လိုက်လျှင် ပုစွန်လုံးတွင်းထဲ ရှိပါက သေလိမ့်မည်။ တွင်းဝနှင့် လွတ်အောင် တစ်ဖက်တွင် စိုက်ပြန်ကလည်း မင်းဘဏ္ဍာတော်ကို ထိခိုက်လိမ့်မည်။ အခြားတစ်ဖက်ကို ရွှေ့ပြန်ကလည်း လယ်ရှင်၏ ဘဏ္ဍာပျက်စီး ပေလိမ့်မည်။ တွင်းထဲ၌ ပုစွန်လုံးရှိပါက မြင်ရပေလိမ့်မည်။
ရှိမည်မထင်ဟု ယူဆ၍ တုတ်ကို တွင်းတည့်တည့်သို့ စိုက်လိုက်ရာ ပုစွန်လုံးက ကရိဟုမြည်သော အသံကို ကြားရ၏။ ပုစွန်လုံး၏ ကျောကုန်းကို စိုက်မိ၍ ပုစွန်လုံး သေလေသလောဟု သံသယဖြစ်ကာ မိမိသီလ မစင်ကြယ်၊ မပေးလိုဟုဆိုသော်လည်း အမတ်တို့က မိမိသန္တာန်၌ သေစေလိုသော စေတနာ မရှိသဖြင့် ပါဏာတိပါတကံ မမြောက်ဟု ဆိုကာ ရေးကူးကြပြန်၏။
ရထားမှူးထံ ရောက်ပြန်လေပြီ။ ရထားမှူးက မင်းကြီးကို ဥယျာဉ်သို့ ပို့သော တစ်နေ့တွင် နေဝင်ခါနီး လမ်းခရီး အရောက်တွင် မိုးရွာအံ့ဆဲဆဲဖြစ်သဖြင့် မိုးလွတ်စေရန် သိန္ဓောမြင်းကို ကြာပွတ်သံပေးကာ နှင်လေသည်။
ထိုနေ့မှစ၍ ဥယျာဉ်သို့ ထွက်သော အခါတိုင်း ဤနေရာ ရောက်လျှင် သိန္ဓောမြင်းသည် ဤအရပ်၌ အန္တရာယ်ရှိရာသည်။ ထို့ကြောင့် ရထားမှူးသည် ငါတို့ကို နှင်တံဖြင့် ပြေးစေသည်ဟု ထင်မှတ်သဖြင့် အားစိုက်၍ ပြေး၏။
မြင်းများအကြောင်းမဲ့ ပြေးရသဖြင့် ပင်ပန်းခြင်းကြောင့် ကုရုဓမ္မသီလ ပျက်ပြီဟု စိတ်ဝမ်း မချမ်းသာခဲ့ရပေ။
သူဌေးကြီးထံ ရောက်ကြပြန်ရာ သူဌေးကြီးက ကျွန်ုပ်သည် တန်ဆောင်မုန်းလ ဖုံးတုန်းလုံးတုန်း အခါ၌ မိမိလယ်တောသို့ သွားရောက် ကြည့်ရှု၏။ ကောက်ညွန့် ကောက်ပန်း လုပ်၍ စပါးနှံ တစ်ခိုင်ကို လက်တစ်ဆုပ်စာမျှ ရိတ်ယူခဲ့၏။ အိမ်အရောက် ဤသို့ စဉ်းစားမိသည်။
ဤလယ်မှ ထွက်သောစပါးထဲက ပြည့်ရှင်မင်း၏ အခွန်အစုကို ကျသင့်သမျှ ပေးဆောင်ရဦးမည်၊ မပေးရသေးသော လယ်မှ ဤကောက်နှံ တစ်ဆုပ်ကို ယူခဲ့မိလေပြီဟု နောင်တရလျက် နေသည်။ အခွန်တော် မပေးလိုသော သဘော မရှိသောကြောင့် ကုရုဓမ္မသီလ မပျက်ပါဟု ဆိုလျက် တင်းခြင် အမတ်နှင့် တွေ့ပြန်သည်။
တင်းခြင် အမတ်က ဘုရင်၏ အခွန် ဆောင်ရမည့် စပါးများကို ခြင်ရာတွင် မင်း၏ အစုဖြစ်သော စပါးများကို ခြင်စေရာ မခြင်ရသေးသော စပါးများထဲမှ စပါးစေ့များကို ယူ၍ တင်းအရေအတွက်ကို မှတ်သည်။ စပါးခြင်ဆဲ၌ မိုးရွာသောကြောင့် အမှတ်အသားပြုသော စပါးစေ့များကို ခြင်ပြီးသား စပါးပုံထဲ ထည့်လိုက်မိသလား ဝေခွဲမရတော့။ အကယ်၍ ထည့်လိုက်မိလျှင် စပါးရှင်၏ စပါးကို ဆုတ်ယုတ်စေရာ ရောက်သဖြင့် ကုရုဓမ္မ ပျက်သွားပြီလောဟု သံသယပွားမိကြောင်း ဆိုသည်။
နောက်တစ်ဖန် တံခါးမှူးထံ ရောက်လျှင် တံခါးမှူးက တစ်နေ့သ၌ မြို့တံခါးပိတ်ရန် အချိန်ရောက်၍ ပြုမြဲအတိုင်း မြို့တံခါးပိတ်မည့်အကြောင်း သုံးကြိမ်ကြွေးကြော်၏။ လူဆင်းရဲ တစ်ယောက်သည် နှမငယ်နှင့် တောသို့ထင်းခွေ၊ ဟင်းရွက်ခူး သွားကြရာ တံခါးမှူး ကြွေးကြော်သံကြောင့် အဆောတလျင်တံခါးဆီသို့ လာသည်ကို မြင်၍ “သင်သည် မြို့တော်၌ ဘုရင်ရှိသည်ကိုပင် မသိသလော။ ကိုယ့်မယားကိုခေါ်၍ တော၌ ကာမဂုဏ်ဖြင့် မွေ့လျော်ကာ တစ်နေ့လုံးပျော်ပါးနေရသလောဟု ပြောလိုက်မိ၏။ နှမဖြစ်ကြောင်း သိသောအခါ ကုရုဓမ္မသီလ ပျက်ပြီလောဟု ပူပန်နေ၏။
သံတမန်တို့သည် တံခါးမှူးထံမှ သူ၏ သီလကို မရအရတောင်းယူပြီးနောက် နောက်ဆုံး အနေဖြင့် ပြည့်တန်ဆာမထံ ရောက်လာကြသည်။ ပြည့်တန်ဆာမက လုလင်တစ်ယောက်သည် တစ်နေ့ အတွက် အသပြာတစ်ထောင် ပေးပြီးနောက် ထွက်သွားရာ သုံးနှစ်တိုင် စောင့်သော်လည်း ပေါ်မလာတော့ပါ။ မိမိ၏ ကုရုဓမ္မသီလ ပျက်မည်စိုး၍ တစ်ပါးယောကျ်ားထံမှ ငွေကြေး လက်မခံပါ။ ယခုအခါ ဆင်းရဲ ကျပ်တည်းနေကြောင်း တရားသူကြီးမင်းတို့ထံ အဆုံးအဖြတ်တောင်းခံရာ သုံးနှစ်တိုင် စောင့်ပြီးဖြစ်၍ အခြားသူတို့ထံမှ အခကြေးငွေကို ယူရန် အဆုံးအဖြတ် ပေးကြ၏။ တရားရုံးအဆုံးအဖြတ် ရပြီး ထွက်လာခါစမှာပင် ယောက်ျားတစ်ယောက်က ငွေတစ်ထောင် ပေး၍ ကမ်းလှမ်းလာ၏။ ထိုငွေကို ယူတော့မည်ဟု လက်လှမ်းလိုက်သော ခဏတွင်ပင် လွန်ခဲ့သော သုံးနှစ်က လုလင်က ရောက်လာ၏။ စင်စစ် ပြည့်တန်ဆာမ၏ ကုရုဓမ္မသီလ မြဲပုံကို စုံစမ်းလို၍ သိကြားမင်း လုလင်အသွင်ဖြင့် ရောက်လာခြင်း ဖြစ်သည်။ သိကြားမင်းသည် ကိုယ်ရောင်ကိုယ်ဝါ တောက်ပစွာ ကောင်းကင်၌တည်နေ၍ မြို့သူမြို့သားများကို မင်းရင်ပြင်၌ စုဝေးစေကာ ဤပြည့်တန်ဆာမကဲ့သို့ ကုရုဓမ္မသီလကို စောင့်ထိန်းရန် သြဝါဒပေး၏။ ပြည့်တန်ဆာမမူကား မိမိသည် သိကြားမင်း ပေးသော ငွေတစ်ထောင်ကို ယူလျက် တာဝန် မကျေသေးဘဲ အခြားသူတစ်ဦးထံမှ ငွေကို ယူရန် လက်လှမ်းမိသောကြောင့် ဂရုဓမ္မသီလ ပျက်လေသလောဟု သံသယဖြစ်မိကြောင်း ပြောရာ သံတမန် အမတ်တို့က တရားသူကြီးများ အဆုံးအဖြတ်ရပြီးဖြစ်၍ လက်ဖြန့်ကာမျှဖြင့် သီလ မပျက်ပါ။ သူငယ်မ၏ သီလသည် အလွန် စင်ကြယ်ပါ၏ဟု ချီးမွမ်းကြကုန်၏။
ကလိင်္ဂပြည် ပြန်ရောက်သော် ကုရုဓမ္မတရားမြတ်ကို ပြည့်ရှင်မင်းအား ဆက်သကြပြီး မင်းနှင့် ပြည်သူအားလုံး ကုရုဓမ္မသီလကို ဆောက်တည်ကြရာ ရာသီဥတု ကောင်းမွန်သဖြင့် စပါးကောက်နှံ ဖြစ်ထွန်းကာ ကပ်ဘေးသုံးပါးလည်း အလိုအလျောက်ပျောက်ကင်း ချမ်းသာကြကုန်၏။
********************************
ဂရုဓမ္မ
မဟာပဇာပတိ ဂေါတမီဝတ္ထု (မြန်မာပြန်)
စူဠဝါ၊ နှာ-၄၄၂၊ ပုဒ်-၄၀၂။
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သက္ကတိုင်း ကပိလဝတ်ပြည် နိဂြောဓာရုံကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ မဟာပဇာပတိဂေါတမီသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် မြတ်စွာဘုရားအား-
''အသျှင်ဘုရား တောင်းပန်ပါ၏၊ မာတုဂါမသည် မြတ်စွာဘုရား ဟောထားတော်မူသော ဓမ္မဝိနယ 'သာသနာတော်' ၌ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၍ ရဟန်းပြုလိုပါ၏''ဟု လျှောက်၏။
ဂေါတမီ မသင့်၊ မြတ်စွာဘုရား ဟောထားတော်မူသော ဓမ္မဝိနယ 'သာသနာတော်' ၌ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်၍ မာတုဂါမ၏ ရဟန်းဖြစ်ခြင်းကို သင်သည် မနှစ်သက်အပ်ဟု မိန့်တော်မူ၏။
နှစ်ကြိမ်မြောက်လည်း။ပ။ သုံးကြိမ်မြောက်လည်း မဟာပဇာပတိဂေါတမီသည် မြတ်စွာဘုရားအား 'အသျှင်ဘုရား တောင်းပန်ပါ၏၊ မာတုဂါမသည် မြတ်စွာဘုရား ဟောထားတော်မူသော ဓမ္မဝိနယ 'သာသနာတော်'၌ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၍ ရဟန်းပြုလိုပါ၏''ဟု လျှောက်၏။
ဂေါတမီ မသင့်၊ မြတ်စွာဘုရား ဟောထားတော်မူသော ဓမ္မဝိနယ 'သာသနာတော်' ၌ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်၍ မာတုဂါမ၏ ရဟန်းဖြစ်ခြင်းကို သင်သည် မနှစ်သက်အပ်ဟု မိန့်တော်မူ၏။
ထိုအခါ မဟာပဇာပတိဂေါတမီသည် ''မြတ်စွာဘုရား ဟောထားတော်မူသော ဓမ္မဝိနယ 'သာသနာ တော်' ၌ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်၍ မာတုဂါမ၏ ရဟန်းဖြစ်ခြင်းကို မြတ်စွာဘုရားသည် ခွင့်မပြု''ဟု ဆင်းရဲခြင်း နှလုံးမသာခြင်းရှိသည်ဖြစ်၍ မျက်ရည်ယိုထွက်သော မျက်နှာရှိသည်ဖြစ်၍ ငိုကြွေးလျက် မြတ်စွာဘုရားကို ရှိခိုးပြီးနောက် အရိုအသေပြုကာ ဖဲခွါသွားလေ၏။
ထိုအခါ မြတ်စွာဘုရားသည် ကပိလဝတ်ပြည်၌ မွေ့လျော်တော်မူသရွေ့ သီတင်းသုံးနေတော်မူပြီးလျှင် အစဉ်အတိုင်း ဒေသစာရီ လှည့်လည်သော် ဝေသာလီပြည်သို့ ရောက်တော်မူ၍ ထိုဝေသာလီပြည် မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သော ကျောင်း၌ သီတင်းသုံးနေတော်မူ၏။
ထိုအခါ မဟာပဇာပတိဂေါတမီသည် ဆံတို့ကို ဖြတ်ပြီးလျှင် ဖန်ရည်ဆိုး အဝတ်တို့ကို ဝတ်၍ သာကီဝင်မင်းသမီးများစွာတို့နှင့်အတူ ဝေသာလီပြည်သို့ ဖဲသွားလေသော် အစဉ်အတိုင်း ဝေသာလီပြည် မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သော ကျောင်းသို့ ချဉ်းကပ်မိ၏။
ထိုအခါ မဟာပဇာပတိဂေါတမီသည် ဖူးဖူးရောင်သော ခြေတို့ဖြင့်လည်းကောင်း၊ မြူပြွမ်းသော ကိုယ်ဖြင့်လည်းကောင်း ဆင်းရဲခြင်း နှလုံးမသာခြင်းရှိသည် ဖြစ်၍ မျက်ရည်ယိုစီးသော မျက်နှာရှိသည် ဖြစ်၍ ငိုကြွေးလျက် တံခါးမုခ်ပြင်ပ၌ ရပ်တည်၏၊ အသျှင်အာနန္ဒာသည် ဖူးဖူးရောင်သော ခြေတို့ဖြင့်လည်းကောင်း၊ မြူပြွမ်းသောကိုယ်ဖြင့်လည်းကောင်း ဆင်းရဲခြင်း နှလုံးမသာခြင်းရှိသည်ဖြစ်၍ မျက်ရည်ယိုစီးသော မျက်နှာရှိသည်ဖြစ်၍ ငိုကြွေးလျက် တံခါးမုခ်ပြင်ပ၌ ရပ်တည်နေသော မဟာပဇာပတိဂေါတမီကို မြင်လျှင် ''ဂေါတမီ သင်သည် အဘယ့်ကြောင့် ဖူးဖူးရောင်သော ခြေတို့ဖြင့်လည်းကောင်း၊ မြူပြွမ်းသော ကိုယ်ဖြင့်လည်းကောင်း ဆင်းရဲခြင်း နှလုံးမသာခြင်းရှိသည်ဖြစ်၍ မျက်ရည်ယိုစီးသော မျက်နှာရှိသည်ဖြစ်၍ ငိုကြွေးလျက် တံခါးမုခ်ပြင်ပ၌ ရပ်တည်နေသနည်း''ဟု မေး၏။
အသျှင်အာနန္ဒာ မြတ်စွာဘုရား ဟောထားတော်မူသော ဓမ္မဝိနယ 'သာသနာတော်' ၌ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်၍ မာတုဂါမ၏ ရဟန်းဖြစ်ခြင်းကို မြတ်စွာဘုရား ခွင့်မပြုသောကြောင့် ရပ်တည်နေ ပါသည်''ဟု လျှောက်၏။
ဂေါတမီ သို့ဖြစ်လျှင် ငါသည် မြတ်စွာဘုရားကို မြတ်စွာဘုရားဟောထားတော်မူသော ဓမ္မဝိနယ 'သာသနာတော်' ၌ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်၍ မာတုဂါမ၏ ရဟန်းဖြစ်ခြင်းကို တောင်းပန်စဉ် ဤနေရာ၌ တစ်ခဏမျှ နေပါဦးဟု ပြောဆို၏။
ထို့နောက် အသျှင်အာနန္ဒာသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်ပြီးသော်...
''အသျှင်ဘုရား ဤမဟာပဇာပတိဂေါတမီသည် 'မြတ်စွာဘုရား ဟောထားတော်မူသော ဓမ္မဝိနယ 'သာသနာတော်' ၌ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်၍ မာတုဂါမ၏ ရဟန်းဖြစ်ခြင်းကို မြတ်စွာဘုရားသည် ခွင့်မပြု'ဟု ဖူးဖူးရောင်သော ခြေတို့ဖြင့်လည်းကောင်း၊ မြူပြွမ်းသော ကိုယ်ဖြင့်လည်းကောင်း ဆင်းရဲခြင်း နှလုံးမသာခြင်းရှိသည် ဖြစ်၍ မျက်ရည်ယိုစီးသော မျက်နှာရှိသည်ဖြစ်၍ ငိုကြွေးလျက် တံခါးမုခ် ပြင်ပ၌ ရပ်တည်နေပါ၏။ တောင်းပန်ပါသည် အသျှင်ဘုရား၊ မြတ်စွာဘုရား ဟောထားတော် မူသော ဓမ္မဝိနယ'သာသနာတော်' ၌ မာတုဂါမသည် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်၍ ရဟန်းအဖြစ်ကို ရစေချင်ပါသည်''ဟု လျှောက်၏။
အာနန္ဒာ မသင့်၊ မြတ်စွာဘုရား ဟောထားတော်မူသော ဓမ္မဝိနယ 'သာသနာတော်' ၌ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်၍ မာတုဂါမ၏ ရဟန်းဖြစ်ခြင်းကို သင်သည် မနှစ်သက်အပ်ဟု မိန့်တော်မူ၏။
နှစ်ကြိမ်မြောက်လည်း။ပ။ သုံးကြိမ်မြောက်လည်း အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား တောင်းပန်ပါသည်။
''အသျှင်ဘုရား၊ မြတ်စွာဘုရား ဟောထားတော်မူသော ဓမ္မဝိနယ 'သာသနာတော်' ၌ မာတုဂါမသည် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်၍ ရဟန်းအဖြစ်ကို ရစေချင် ပါသည်''ဟု လျှောက်၏။
အာနန္ဒာ မသင့်၊ မြတ်စွာဘုရား ဟောထားတော်မူသော ဓမ္မဝိနယ 'သာသနာတော်' ၌ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်၍ မာတုဂါမ၏ ရဟန်းဖြစ်ခြင်းကို သင်သည် မနှစ်သက်အပ်ဟု မိန့်တော်မူ၏။
ထို့နောက် အသျှင်အာနန္ဒာသည် ''မြတ်စွာဘုရား ဟောထားတော်မူသော ဓမ္မဝိနယ 'သာသနာ တော်' ၌ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်၍ မာတုဂါမ၏ ရဟန်းဖြစ်ခြင်းကို မြတ်စွာဘုရားသည် ခွင့်မပြု''ဟု သိ၍ ငါသည် အခြားအကြောင်းဖြင့် မြတ်စွာဘုရား ဟောထားတော်မူသော ဓမ္မဝိနယ 'သာသနာတော်' ၌ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်၍ မာတုဂါမ၏ ရဟန်းဖြစ်ခြင်းကို တောင်းပန်ရသော် ကောင်းလေစွဟု ကြံစည်ပြီးနောက် မြတ်စွာဘုရားအား.......
''အသျှင်ဘုရား မာတုဂါမသည် မြတ်စွာဘုရား ဟောထားတော်မူသော ဓမ္မဝိနယ 'သာသနာ တော်'၌ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်၍ သောတာပတ္တိဖိုလ်ကိုလည်းကောင်း၊ သကဒါဂါမိဖိုလ်ကိုလည်းကောင်း၊ အနာဂါမိဖိုလ်ကိုလည်းကောင်း၊ အရဟတ္တဖိုလ်ကိုလည်းကောင်း မျက်မှောက် ပြုခြင်းငှာ ထိုက်တန်ပါ၏လော''ဟု လျှောက်၏။
အာနန္ဒာ မာတုဂါမသည် မြတ်စွာဘုရား ဟောထားတော်မူသော ဓမ္မဝိနယ 'သာသနာတော်'၌ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်၍ သောတာပတ္တိဖိုလ်ကိုလည်းကောင်း၊ သကဒါဂါမိဖိုလ်ကိုလည်းကောင်း၊ အနာဂါမိဖိုလ်ကိုလည်းကောင်း၊ အရဟတ္တဖိုလ်ကိုလည်းကောင်း မျက်မှောက် ပြုခြင်းငှာ ထိုက်တန်၏''ဟု မိန့်တော်မူ၏။
အသျှင်ဘုရား မာတုဂါမသည် မြတ်စွာဘုရားဟောထားတော်မူသော ဓမ္မဝိနယ 'သာသနာတော်' ၌ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်၍ သောတာပတ္တိဖိုလ်ကိုလည်းကောင်း၊ သကဒါဂါမိဖိုလ်ကိုလည်းကောင်း၊ အနာဂါမိဖိုလ်ကိုလည်းကောင်း၊ အရဟတ္တဖိုလ်ကိုလည်းကောင်း မျက်မှောက်ပြုခြင်းငှာ ထိုက်တန်ပါမူ၊ အသျှင်ဘုရား မဟာပဇာပတိဂေါတမီသည် ကျေးဇူးများပါ၏၊ မြတ်စွာဘုရား၏ မိထွေးတော်ပါတည်း၊ ခြေဖြင့် သွားနိုင်ချိန်အထိ မွေးမြူသူပါတည်း၊ နို့တိုက်သူပါတည်း၊ မယ်တော် နတ်ရွာစံပြီးနောက် မြတ်စွာ ဘုရားကို နို့တိုက်ပါ၏၊ တောင်းပန်ပါသည် အသျှင်ဘုရား၊ မြတ်စွာဘုရား ဟောထားတော်မူသော ဓမ္မဝိနယ 'သာသနာတော်'၌ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၍ ရဟန်းအဖြစ် ရစေချင်ပါသည်ဟု လျှောက်၏။
🌷🌹🌷🌹ဂရုဓံ ရှစ်ပါး 🌹🌷🌹🌷
စူဠဝါ၊ နှာ-၄၄၄၊ ပုဒ်-၄၀၃။
ဂါထာ
ဝဿသတံ အဘိက်ခုကံ၊ ပစ်စာသီသာ ပဝါရဏာ။
မာနူပသမ္ပဒေသာ၊ နိက္ကောသာ နောဝါဒေါဂရု။
အာနန္ဒာ မဟာပဇာပတိဂေါတမီသည် ဂရုဓံရှစ်ပါးတို့ကို အကယ်၍ ဝန်ခံသည် ဖြစ်အံ့၊ ထိုဝန်ခံခြင်းသည်ပင် ထိုဂေါတမီအတွက် ပဉ္စင်းခံမှု ဖြစ်စေလော့။
၁။ ဘိက္ခုနီမသည် ပဉ္စင်းဖြစ်၍ ဝါတစ်ရာရှိသော်လည်း ထိုနေ့ပဉ္စင်းဖြစ်သော ရဟန်းအား ရှိခိုးခြင်း ခရီးဦးကြိုဆိုခြင်း လက်အုပ်ချီခြင်း ရိုသေခြင်းအမှုကို ပြုရမည်၊ ဤတရားကိုလည်း ရိုသေ၍ လေးစား၍ မြတ်နိုး၍ ပူဇော်၍ အသက်ထက်ဆုံး မလွန်ကျူးအပ်။
၂။ ဘိက္ခုနီမသည် ရဟန်းယောက်ျားမရှိသော ကျောင်း၌ ဝါမဆိုအပ်၊ ဤတရားကိုလည်း ရိုသေ၍ လေးစား၍ မြတ်နိုး၍ ပူဇော်၍ အသက်ထက်ဆုံး မလွန်ကျူးအပ်။
၃။ ဘိက္ခုနီမသည် လခွဲတိုင်း လခွဲတိုင်း ဘိက္ခုသံဃာထံမှ ဥပုသ်ကို မေးခြင်း၊ အဆုံးအမခံရန် ချဉ်းကပ် ခြင်းဟူသော ဤတရားနှစ်ပါးတို့ကို လိုလားတောင့်တရမည်၊ ဤတရားကိုလည်း ရိုသေ၍ လေးစား၍ မြတ်နိုး၍ ပူဇော်၍ အသက်ထက်ဆုံး မလွန်ကျူးအပ်။
၄။ ဘိက္ခုနီမသည် ဝါကျွတ်လတ်သော် နှစ်ဖက်သံဃာ၌ မြင်ခြင်း၊ ကြားခြင်း၊ ယုံမှားခြင်းဟူသော အကြောင်းသုံးမျိုးတို့ဖြင့် ဖိတ်ကြားရမည်၊ ဤတရားကိုလည်း ရိုသေ၍ လေးစား၍ မြတ်နိုး၍ ပူဇော်၍ အသက်ထက်ဆုံး မလွန်ကျူးအပ်။
၅။ ဘိက္ခုနီမသည် သံဃာဒိသိသ်အာပတ်သို့ ရောက်လတ်သော် နှစ်ဖက်သံဃာ၌ ပက္ခမာနတ်ကို ကျင့်ရမည်၊ ဤတရားကိုလည်း ရိုသေ၍ လေးစား၍ မြတ်နိုး၍ ပူဇော်၍ အသက်ထက်ဆုံး မလွန်ကျူးအပ်။
၆။ နှစ်နှစ်တို့ပတ်လုံး တရားခြောက်ပါးတို့၌ အကျင့်ကို ကျင့်ပြီးသော သိက္ခမာန်အား နှစ်ဖက်သော သံဃာ၌ ပဉ္စင်းခံခြင်းကို ရှာရမည်၊ ဤတရားကိုလည်း ရိုသေ၍ လေးစား၍ မြတ်နိုး၍ ပူဇော်၍ အသက် ထက်ဆုံး မလွန်ကျူးအပ်။
၇။ ဘိက္ခုနီမသည် ရဟန်းယောက်ျားကို တစ်စုံတစ်ခုသော အကြောင်းဖြင့် မဆဲရေးအပ်၊ မရေရွတ်အပ်၊ ဤတရားကိုလည်း ရိုသေ၍ လေးစား၍ မြတ်နိုး၍ ပူဇော်၍ အသက်ထက်ဆုံး မလွန်ကျူးအပ်။
၈။ ရဟန်းဖြစ်သည့်နေ့မှစ၍ ရဟန်းယောက်ျားတို့ အပေါ်၌ ဘိက္ခုနီမတို့၏ ပြောဆိုခွင့်ကို ပိတ်ပင် အပ်၏၊ ဘိက္ခုနီမတို့အပေါ်၌ ရဟန်းယောက်ျားတို့၏ ပြောဆိုခွင့်ကို မပိတ်ပင်အပ်၊ ဤတရားကိုလည်း ရိုသေ၍ လေးစား၍ မြတ်နိုး၍ ပူဇော်၍ အသက်ထက်ဆုံး မလွန်ကျူးအပ်။
အာနန္ဒာ မဟာပဇာပတိဂေါတမီသည် ဤဂရုဓံရှစ်ပါးတို့ကို အကယ်၍ ဝန်ခံသည် ဖြစ်အံ့၊ ထို ဝန်ခံခြင်းသည်ပင် ထိုဂေါတမီအတွက် ပဉ္စင်းခံခြင်း ဖြစ်စေလော့ဟု မိန့်တော်မူ၏။
ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားထံ၌ ဂရုဓံရှစ်ပါးတို့ကို သင်ယူပြီးနောက် မဟာပဇာပတိဂေါတမီထံသို့ ချဉ်းကပ်ပြီးလျှင်-
''ဂေါတမီ သင်သည် ဂရုဓံရှစ်ပါးတို့ကို အကယ်၍ ဝန်ခံသည် ဖြစ်အံ့၊ ထိုဝန်ခံခြင်းသည်ပင် သင့်အတွက် ပဉ္စင်းခံမှု ဖြစ်လတ္တံ့။
(၁) ဘိက္ခုနီမသည် ပဉ္စင်းဖြစ်၍ ဝါတစ်ရာရှိသော်လည်း ထိုနေ့ပဉ္စင်းဖြစ်သော ရဟန်းအား ရှိခိုးခြင်း ခရီးဦးကြိုဆိုခြင်း လက်အုပ်ချီခြင်း ရိုသေခြင်းကို ပြုရမည်၊ ဤတရားကိုလည်း ရိုသေ၍ လေးစား၍ မြတ်နိုး၍ ပူဇော်၍ အသက်ထက်ဆုံး မလွန်ကျူးအပ်။
(၂) ဘိက္ခုနီမသည် ရဟန်းယောက်ျားမရှိသော ကျောင်း၌ ဝါမဆိုအပ်၊ ဤတရားကိုလည်း ရိုသေ၍ လေးစား၍ မြတ်နိုး၍ ပူဇော်၍ အသက်ထက်ဆုံး မလွန်ကျူးအပ်။
(၃) ဘိက္ခုနီမသည် လခွဲတိုင်း လခွဲတိုင်း ဘိက္ခုသံဃာထံမှ ဥပုသ်ကိုမေးခြင်း၊ အဆုံးအမခံရန် ချဉ်းကပ်ခြင်းဟူသော ဤတရားနှစ်ပါးတို့ကို လိုလားတောင့်တရမည်၊ ဤတရားကိုလည်း ရိုသေ၍ လေးစား၍ မြတ်နိုး၍ ပူဇော်၍ အသက်ထက်ဆုံး မလွန်ကျူးအပ်။
(၄) ဘိက္ခုနီမသည် ဝါကျွတ်လတ်သော် နှစ်ဖက်သံဃာ၌ မြင်ခြင်း၊ ကြားခြင်း၊ ယုံမှားခြင်းဟူသော အကြောင်းသုံးမျိုးတို့ဖြင့် ဖိတ်ကြားရမည်၊ ဤတရားကိုလည်း ရိုသေ၍ လေးစား၍ မြတ်နိုး၍ ပူဇော်၍ အသက်ထက်ဆုံး မလွန်ကျူးအပ်။
(၅) ဘိက္ခုနီမသည် သံဃာဒိသိသ်အာပတ်သို့ ရောက်လတ်သော် နှစ်ဖက်သံဃာ၌ ပက္ခမာနတ်ကို ကျင့်ရမည်၊ ဤတရားကိုလည်း ရိုသေ၍ လေးစား၍ မြတ်နိုး၍ ပူဇော်၍ အသက်ထက်ဆုံး မလွန်ကျူး အပ်။
(၆) နှစ်နှစ်တို့ပတ်လုံး တရားခြောက်ပါးတို့၌ အကျင့်ကို ကျင့်ပြီးသော သိက္ခမာန်အား နှစ်ဖက်သော သံဃာ၌ ပဉ္စင်းခံခြင်းကို ရှာရမည်၊ ဤတရားကိုလည်း ရိုသေ၍ လေးစား၍ မြတ်နိုး၍ ပူဇော်၍ အသက်ထက်ဆုံး မလွန်ကျူးအပ်။
(၇) ဘိက္ခုနီမသည် ရဟန်းယောက်ျားကို တစ်စုံတစ်ခုသော အကြောင်းဖြင့် မဆဲရေးအပ်၊ မရေရွတ်အပ်၊ ဤတရားကိုလည်း ရိုသေ၍ လေးစား၍ မြတ်နိုး၍ ပူဇော်၍ အသက်ထက်ဆုံး မလွန်ကျူးအပ်။
(၈) ရဟန်းဖြစ်သည့် နေ့မှစ၍ ရဟန်းတို့အပေါ်၌ ဘိက္ခုနီမတို့၏ ပြောဆိုခွင့်ကို ပိတ်ပင်အပ်၏၊ ဘိက္ခုနီမတို့အပေါ်၌ ရဟန်းယောက်ျားတို့၏ ပြောဆိုခွင့်ကို မပိတ်ပင်အပ်၊ ဤတရားကိုလည်း ရိုသေ၍ လေးစား၍ မြတ်နိုး၍ ပူဇော်၍ အသက်ထက်ဆုံး မလွန်ကျူးအပ်။
''ဂေါတမီ သင်သည် ဤဂရုဓံရှစ်ပါးတို့ကို ဝန်ခံမူ၊ ထိုဝန်ခံခြင်းသည်ပင် သင့်အတွက် ပဉ္စင်းခံမှု ဖြစ်လတ္တံ့''ဟု ပြောဆို၏။
"အသျှင်ဘုရားအာနန္ဒာ ငယ်ရွယ်နုပျိုလျက် တန်ဆာဆင်လေ့ရှိသော ဦးခေါင်းဆေးလျှော်ပြီးသော မိန်းမသည်လည်းကောင်း၊ ယောက်ျားသည်လည်းကောင်း ကြာပန်းကိုဖြစ်စေ မိုးဆွေပန်းကိုဖြစ်စေ စစ်သိမ်ပန်း (လန်ဘူးပန်း)ကို ဖြစ်စေ ရ၍ လက်နှစ်ဖက်တို့ဖြင့် ယူကာ မြတ်သော အင်္ဂါဖြစ်သော ဦးခေါင်း၌ ထားရာသကဲ့သို့၊ အသျှင်ဘုရားအာနန္ဒာ ဤအတူပင် အကျွန်ုပ်သည် ဤဂရုဓံရှစ်ပါးတို့ကို ဝန်ခံပါ၏၊ အသက်ထက်ဆုံး မလွန်ကျူးပါ"ဟု လျှောက်၏။
ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်ပြီးသော် ''အသျှင်ဘုရား မဟာပဇာပတိဂေါတမီသည် ဂရုဓံရှစ်ပါးတို့ကို ဝန်ခံပါ၏၊ မြတ်စွာဘုရား၏ မိထွေးတော်သည် ရဟန်းဖြစ်ပါပြီ''ဟု လျှောက်၏။
အာနန္ဒာ မာတုဂါမသည် မြတ်စွာဘုရား ဟောထားတော်မူသော ဓမ္မဝိနယ 'သာသနာတော်' ၌ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်၍ ရဟန်းအဖြစ်ကို မရပါလျှင် မြတ်သောအကျင့် 'သာသနာတော်'သည် ကြာမြင့်စွာ တည်တံ့ရာ၏၊ အနှစ်တစ်ထောင်ပတ်လုံး သူတော်ကောင်းတရားသည် တည်ရာ၏။ အာနန္ဒာ မာတုဂါမသည် မြတ်စွာဘုရား ဟောထားတော်မူသော ဓမ္မဝိနယ 'သာသနာတော်'၌ လူ့ဘောင်မှ ရဟန်း ဘောင်သို့ ဝင်၍ ရဟန်းအဖြစ်ကို ရသောကြောင့် ယခုအခါ၌ မြတ်သောအကျင့် 'သာသနာတော်'သည် ကြာမြင့်စွာ တည်တံ့မည် မဟုတ်၊ အာနန္ဒာ ယခု နှစ်ငါးရာတို့သာလျှင် သူတော်ကောင်းတရားသည် တည် လတ္တံ့။
အာနန္ဒာ မာတုဂါမများ၍ ယောက်ျားနည်းသော အမှတ်မရှိသော အိမ်တို့ကို အိုး၌ မီးထွန်း၍ ခိုးတတ်သော ခိုးသူတို့သည် ဖျက်ဆီးလွယ်ကုန်သကဲ့သို့၊ အာနန္ဒာ ဤအတူပင် အကြင်ဓမ္မဝိနယ 'သာသနာတော်'၌ မာတုဂါမသည် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၍ ရဟန်းအဖြစ်ကို ရ၏၊ ထိုမြတ်သော အကျင့် 'သာသနာတော်'သည် ကြာမြင့်စွာ မတည်တံ့နိုင်။
အာနန္ဒာ ပြည့်စုံဖြစ်ထွန်းသော သလေးခင်း၌ ဖလံဖြူမည်သော ရောဂါမျိုး ကျရောက်သော် ထို သလေးခင်းသည် ကြာမြင့်စွာ မတည်တံ့သကဲ့သို့၊ အာနန္ဒာ ဤအတူပင့်အကြင်ဓမ္မဝိနယ 'သာသနာတော်'၌ မာတုဂါမသည် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၍ ရဟန်းအဖြစ်ကို ရ၏၊ ထိုမြတ်သော အကျင့် 'သာသနာတော်'သည် ကြာမြင့်စွာ မတည်တံ့နိုင်။
အာနန္ဒာ ပြည့်စုံဖြစ်ထွန်းသော ကြံခင်း၌ အူနီမည်သော ရောဂါမျိုး ကျရောက်သော် ထိုကြံခင်းသည် ကြာမြင့်စွာ မတည်တံ့သကဲ့သို့၊ ဤအတူပင် အကြင်ဓမ္မဝိနယ 'သာသနာတော်' ၌ မာတုဂါမသည် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်၍ ရဟန်းအဖြစ်ကို ရ၏၊ ထိုမြတ်သော အကျင့် 'သာသနာတော်'သည် ကြာမြင့်စွာ မတည်တံ့နိုင်။
အာနန္ဒာ ယောက်ျားသည် ရေကန်ကြီး၏ ကန်ဘောင်ရိုးကို ရေမလွန်ခြင်းငှါ စောစောက ကြိုတင်၍ ကန်သင်းဖွဲ့သကဲ့သို့၊ ဤအတူပင် ငါသည် ဘိက္ခုနီမတို့အတွက် ဂရုဓံရှစ်ပါးတို့ကို ပညတ်ပြီးခဲ့ပြီ၊ အသက် ထက်ဆုံး မလွန်ကျူးအပ်ကုန်ဟု မိန့်တော်မူ၏။
ဘိက္ခုနီမတို့၏ ဂရုဓံတရားရှစ်ပါး ပြီး၏။
Opmerkingen