top of page
Writer's pictureCanda Kumara

နတ်တို့ တမ်းတ လူ့ဘဝ

နတ်တို့ တမ်းတ လူ့ဘဝ

""""""""""""""""""""""""


နတ်တို့က ဘာကြောင့် လူ့ဘုံ လူ့လောကကို တမ်းတ မြတ်နိုး တမ်းဖိုးထားကြတာလဲ?

လူ့ပြည်မှာ နတ်တို့ မက်မောလောက်အောင် ဘာတွေရှိနေလို့လဲ? လူ့ဘုံ လူ့လောကက လူတွေကလည်း နတ်ဘုံ နတ်လောကကို ဒေဝတာနုဿတိ ကမ္မဋ္ဌာန်းနဲ့ မက်မောနေကြတယ်။ လူတွေက ဘာကြောင့် နတ်ဘုံ နတ်လောကကို မက်မောနေကြရသလဲ?


အဖြေကတော...နတ်ပြည်က နတ်တွေက ကွန်မြူနစ်ဝါဒ irreligiousness တွေများပါတယ်။ နတ်ပြည်မှာ စူဠာမဏိစေတီရှိတယ်ဆိုပေမယ့် နတ်တွေက ပင်လယ်ကသစ်ပင်ရင်းနဲ့ နန္ဒဝန်ဥယျာဉ်တို့ဆီကိုသာ အများသွားလေ့ရှိကြပါတယ်။ ဇာတ်တော် တော်တော်များများမှာလည်း နတ်တွေက ပင်လယ်ကသစ်ပင်နဲ့ နန္ဒဝန် ဥယျာဉ်တို့ဆီကိုပဲ သွားကြတာ ပျော်ကြတာတို့ကို တွေ့ရပါတယ်။ နတ်တို့သနင်း သိကြားမင်းလည်း ကွန်မြူနစ်ဝါဒသမား irreligiousness ပါပဲ။ ဓဇဂ္ဂသုတ်တော်မှာ သိကြားမင်းက "အသုရာတို့ကို ကြောက်ရင် ငါ သိကြားမင်း၏ အောင်လံကို ကြည့်, ငါ့ကို သတိမရရင် ပဇာပတိဿနတ်မင်း၏ အောင်လံကို ကြည့်, ပဇာပတိဿနတ်မင်းကို သတိမရရင် ဝရုဏဿနတ်မင်၏ အောင်လံကိုကြည့်, ဝရုဏဿနတ်မင်းကို သတိမရရင် ဤသာနဿနတ်မင်း၏ အောင်လံကိုကြည့်" နတ်ပြည်မှာရှိတဲ့ သိကြားမင်းတောင် ဘုရားနှင့်တကွ စူဠာမဏိစေတီတော်ကို သတိမရပါဘူး။ နတ်တွေက ဘာကြောင့် ဘုရား တရားတို့ကို မေ့ပျောက်နေကြရတာလဲ?နတ်ပြည်မှာ စား,ဝတ်,နေရေး ကျန်းမာရေး ဆင်းရဲဒုက္ခတွေမရှိလို့ နတ်တွေဟာ ဣဋ္ဌာရုံနဲ့ ကာမဂုဏ်တွေနဲ့ပဲ အမြဲပျော်နေကြပါတယ်။


ဘုရားရှင် တာဝတိံသာသို့ ကြွပြီး သာသနာပြုခဲ့တဲ့အချိန်က ခုနစ်ဝါမြောက်ကတည်းကဖြစ်ပါတယ်။ ဘူတပုဗ္ဗံ ဆိုပေမယ့် နတ်ပြည်မှာ စူဠာမဏိစေတီ တည်တော်မူပြီးနောက် ဘုရားရှင် သာဝတ္ထိပြည်မှာ သီတင်းသုံးနေတော်မူစဉ်ကာလပဲဖြစ်ပါတယ်။ နတ်တွေက ပန်းခြံသွား ပင်လယ်ရေကစား အပျော်ကြူး မြူးထူးအချိန်ကုန်နေကြတာကို ကြည့်ပြီး ဘာသာရေး အထုံပါရမီပါတဲ့ နတ်သူတော်ကောင်းတွေက စိတ်မချမ်းမသာဖြစ်ကြပြီး "လူပြည်မှာဆို စား,ဝတ်,နေရေး ကျန်းမာရေးနဲ့ ဒီလို ပျော်မြူးခွင့် ရကြမှာ မဟုတ်ဘူး"လို့ သတိရနေကြပါတယ်။ လူ့ပြည်မှာ ဆိုပေမယ့် မျိုးရိုးစဉ်ဆက် ဘာသာရေးကိုင်းရှိုင်း ဝါသနာ မပါ၊ စား,ဝတ်,နေရေး ကျန်းမာရေး ပူပင်စရာမလိုရင် ဘုရား တရား သံဃာ ရတနာသုံးဖြာကို မေ့နေတတ်ကြပါတယ်။


ဘုရားဖူးလာတဲ့ တကာတစ်ယောက်က မေးဖူးပါတယ် "ဦးဇင်း ဒီခေတ် သားသမီးတွေက ဘာသာတရား သိပ် ဝါသနာ မပါကြဘူး"။ ဦးဇင်က ပြန်ဖြေလိုက်ပါတယ် "တကာကြီးရယ် သူတို့က ဒုက္ခနဲ့ မတွေ့သေးလို့ပါ"။


ဘာသာ တရား ကိုင်းရှိုင်းတယ်ဆိုတာ အသက်ကြီးတာ ငယ်တာနဲ့ မဆိုင်ပဲ ဒုက္ခသစ္စာကို မြင်နိုင်မှုအပေါ်မှာပဲ မူတည်ပါတယ်။ သိကြားမင်းကိုယ်တိုင် ဗောဓိပင်ရင်း ရောက်နေခဲ့ပေမယ့် မာရ်နတ်လာလို့ ထွက်ပြေးလာရတာ သူသိပါတယ်၊ ဒါပေမယ့် ဇိနမည်သော ဘုရားရှင်ဟာ ငါသိကြားမင်းထက် သတ္တိကောင်းတယ်'ဆိုတာကို သူ မေ့သွားပုံရပါတယ်။ အဲ့လောက် ဘုရား တရား သံဃာအပေါ်မှာ ပမာဒတရားတွေ များနေကြတဲ့ နတ်ပြည်မှာ သူတော်ကောင်း နတ်တွေက ဘယ် ပျော်နိုင်ကြပါမလဲ။ လူ့ပြည်မှာ ဘုရားပွင့်တာရယ်၊ တရားဟောတာရယ်၊ သံဃာရှိတာရယ်၊ စား,ဝတ်,နေရေး ကျန်းမာရေး အအို အနာ အသေ မျက်ဝါးထင်ထင်မြင်နေကြရတာတွေက တရားမှတ် ဘာဝနာပွားတတ်သူတွေအတွက် အလိုလိုနေရင်း ကုသိုလ်ရနေကြပါတယ်။


တစ်ခါတစ်လေမှာ... သာမန်လူ မျက်စိနဲ့ မမြင်နိုင်တဲ့ ကွမ်းစားတာ၊ ဆေးလိပ်သောက်တာ၊ ရေသောက်တာ၊ ထမင်းစားတာ၊ ဟင်းရည်သောက်တာ၊ ရှေ့က သေနေကြတဲ့ ငါးခွက် ဟင်းခွက်တွေ မြင်နေရတာ၊ နေတာ၊ ထိုင်တာ၊ ပြောဟောတာ အကုန်လုံးမှာလည်း အဓိဋ္ဌာန်ဝတ် ဆောက်တည်ကြလျက် ရှိနေတတ်ကြပါတယ်။


ဆရာတော်တစ်ပါး ပရိတ်ဟောတဲ့အခါ ကွမ်းစားနေလို့ ပရိတ်နာ တကာ တကာမတွေက ဗလဝါရမ္မဏ ဗဟုကိစ္စနဲ့ ဟောနေတဲ့ ပရိတ်အပေါ်မှာ စိတ်က ရောက်နေပါ့မလားလို့ စိတ်ပူပြီး ကွမ်းမဘုဉ်းပေးဖို့ လျှောက်ကြပါတယ်။ ဆရာတော် ပြန်မိန့်တာကတော့ "ငါ ပရိတ်ဟောရင် ကွမ်းစားပြီးဟောမှ ပရိတ်စူးတယ်"လို့ ပြန်ဖြေလိုက်ပါတယ်။ အကယ်၍များ အဲ့ဒီ ဆရာတော်က ကွမ်းစားနေစဉ့် ကွမ်းရဲ့ ဖြစ်ပျက်မှု၊ ကွမ်းဝါးနေတဲ့ အခေါက် အရည်အတွက်နဲ့အမျှ ဂုဏ်တော်ပွား အဓိဋ္ဌာန် ဝင်တတ်တဲ့ အလေ့အကျင့်သာ ရှိနေမယ်ဆိုရင် "ကွမ်းစားပြီး ပရိတ်ဟောမှ စူးတယ်"ဆိုတာ အမှန်ပဲဖြစ်ပါလိမ့်မယ်။


လူ့ပြည် လူ့လောက၌ ဒုက္ခကို အမြဲ ရှုကြည့်တတ်ရင် နာရီတိုင်း မိနစ်တိုင်း စက္ကန့်တိုင်း ကုသိုလ်ယူနေလို့ ရပါတယ်၊ ဒီလို ဖြစ်ရပ်မျိုး နတ်ပြည်မှာ မရှိနိုင်ပါဘူး။ လူ့ပြည်ထဲက လူတွေက ဒုက္ခတွေကို ညီးညူးပြီး နတ်တို့ဘဝကို တမ်းတနေကြပါတယ်။ ဒုက္ခကို ညီးညူးနေမယ့်အတူ ဒုက္ခ၏ လက္ခဏ ရသ ပစ္စုပ္ပဋ္ဌာန် ပဒဋ္ဌာန်တို့ကိုရှုကာ ကုသိုလ်သာ ယူနေတတ်ကြမယ်ဆိုရင် မိမိ ခံစားနေရတဲ့ ဒုက္ခနာကြင်မှုတွေဟာ မိမိရဲ့ ခွန်အားတွေပါပဲ။


လူ့ဘဝရဲ့ ကုသိုလ်ဖြစ်မှု အလယ်အလတ် ဒုက္ခနာကြင်မှုမျိုးတွေကို မရနိုင်ကြတဲ့သူတွေကတော့ နတ်သား ငရဲသားတွေပဲဖြစ်ပါတယ်။ လူ့ဘဝ၌ အလယ်အလတ် အရှုတန် ဒုက္ခနာကြင်မှုမျိုးကိုသာ မလိုချင်ဘူးဆိုရင် ငရဲပြည်ကိုရောက်ရင် ဒီထက် ပိုဆိုးသွားမယ်၊ နတ်ပြည်ကိုရောက်ရင်လည်း ဥယျာဉ် ပန်းခြံ ပင်လယ်ကမ်းနားကိုပဲ နေ့တိုင်း သွားနေပါလိမ့်မယ်။


မာလဘာရီ နတ်သားနဲ့ ပတိပူဇိကာအမျိုးသမီးကဲ့သို့၊ မာလဘာရီ နတ်သားက ပန်းဆွတ်လျက် အချိန်ကုန်နေစဉ် ပတိပူဇိကာ အမျိုးသမီးကတော့ ကုသိုလ်နဲ့ပဲ အချိန်ကုန်နေခဲ့ပါတယ်။ နတ်ပြည်က နတ်တွေနဲ့ လူ့ပြည်က လူတွေ ကုသိုလ်ယူချိန် ဘယ်က ပို များသလဲဆိုတော့ လူ့ပြည်ကိုပဲ ပြောရမှာပါ။


လူတိုင်း လူတိုင်း ကုသိုလ်လုပ်တိုင်းမှာ ရောဂါကင်းဖို့ ချမ်းသာဖို့ကိုပဲ ဆုတောင်းတတ်ကြပါတယ်။ ရေစက်ချမှာဆိုရင် ဇောတိက ဇဋိလ ရွှေပဒေသာ ငွေပဒေသာ မရှိစကား-မပြောရ-မကြားရ ဒါကိုပဲ လိုချင်ကြပါတယ်။ မိမိ လှူဒါန်းမှု အစုစုကိုလည်း ဆရာတော်တွေက ချီးမွှမ်း အနုမောဒနာ ဝမ်းမြောက်ပြမှပဲ တကာ/မတွေကလည်း ပျော်ရွှင်တတ်ကြပါတယ်။ အကယ်၍များ ကိုယ်က မိမိ ဆုတောင်းသလိုသာ နတ်ချမ်းသာ လူ့ချမ်းသာကို ရခဲ့မယ်ဆိုရင် ကိုယ်ဟာ "ဘုရား တရား ကုသိုလ်ကိုများကို သတိရနေမိမှာလား, အစာဟောင်းကိုပဲ စားနေမိမှာလား" ပြန် တွေးကြည့်ဖို့ လိုပါတယ်။


နတ်ပြည်၌ ဖြစ်တဲ့ ပျော်ရွှင်ခြင်း မြူးထူးခြင်း နတ်စည်းစိမ်ကိုတောင် ဒုက္ခသစ္စာမြင်ပြီး မပျော်ရွှင်နိုင်ကြတဲ့ နတ်တွေကတော့ တကယ် ရိုးသားတဲ့စိတ်နဲ့ လူ့ပြည်ကို လာချင်ကြတာ အမှန်ပါပဲ။


လူ့ပြည်မှာနေလျက် ကုသိုလ်လုပ် နတ်ချမ်းသာကို လိုချင်တောင့်တနေကြတဲ့ လူသားတွေကတော့ နတ်ပြည်သို့ ရောက်ရင် ရောက်ချင်း စူဠာမဏိစေတီသို့ မသွားပဲ နန္ဒဝန်ဥယျာဉ်သို့သာ သွားကြမှာ အသေအချာပါပဲ။


ဘုန်းကြီးကျောင်းက တဆင့် နိုင်ငံခြား ရောက်သွားရင်၊ နိုင်ငံခြားက ပိုက်ဆံထုပ်နဲ့ ပြန်လာချိန် ဘုန်းကြီးကျောင်းသို့ မသွားပဲ ဇိမ်ခံ ဟိုတယ်ထဲ ရောက်သွားသလိုပဲ ဖြစ်နေမှာပါ။


"နတ်တို့ တမ်းတ လူ့ဘဝ"ဆိုတာကတော့ ဘုရား တရား သံဃာ ရတနာသုံးပါးအပေါ် အထုံပါတဲ့ သူတော်ကောင်းနတ်တွေကိုပဲ ဆိုလိုတာပါ။


CANDA KUMARA

15 views0 comments

Recent Posts

See All

ဆုတောင်း အမျှဝေ

ဆုတောင်း၊ အမျှဝေ ဆုတောင်း ဤသို့ပြုရ မြတ်ပုညကြောင့် ချမ်းမြအေးကြည် ဘေးမဲ့မည်သည် ရွှေပြည်ထုတ်ချောက် လမ်းမကောက်ပဲ ရောက်ရပါလို ထိုထိုဘဝ...

Comments


bottom of page