ဘိက္ခုနီ သာသနာတော်ကို ထူထောင်သူ တစ်ဦး၏ ပင်ကိုယ် သဒ္ဓါတရား မဟာပဇာပတိ ဂေါတမီဝတ္ထု (မြန်မာပြန်) စူဠဝါ၊ နှာ-၄၄၂၊ ပုဒ်-၄၀၂။ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် သက္ကတိုင်း ကပိလဝတ်ပြည် နိဂြောဓာရုံကျောင်း၌ သီတင်းသုံးနေတော်မူသောအခါ မဟာပဇာပတိဂေါတမီသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် မြတ်စွာဘုရားအား- ''အသျှင်ဘုရား တောင်းပန်ပါ၏၊ မာတုဂါမသည် မြတ်စွာဘုရား ဟောထားတော်မူသော ဓမ္မဝိနယ 'သာသနာတော်' ၌ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၍ ရဟန်းပြုလိုပါ၏''ဟု လျှောက်၏။ ဂေါတမီ မသင့်၊ မြတ်စွာဘုရား ဟောထားတော်မူသော ဓမ္မဝိနယ 'သာသနာတော်' ၌ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်၍ မာတုဂါမ၏ ရဟန်းဖြစ်ခြင်းကို သင်သည် မနှစ်သက်အပ်ဟု မိန့်တော်မူ၏။ နှစ်ကြိမ်မြောက်လည်း။ပ။ သုံးကြိမ်မြောက်လည်း မဟာပဇာပတိဂေါတမီသည် မြတ်စွာဘုရားအား 'အသျှင်ဘုရား တောင်းပန်ပါ၏၊ မာတုဂါမသည် မြတ်စွာဘုရား ဟောထားတော်မူသော ဓမ္မဝိနယ 'သာသနာတော်'၌ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၍ ရဟန်းပြုလိုပါ၏''ဟု လျှောက်၏။ ဂေါတမီ မသင့်၊ မြတ်စွာဘုရား ဟောထားတော်မူသော ဓမ္မဝိနယ 'သာသနာတော်' ၌ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်၍ မာတုဂါမ၏ ရဟန်းဖြစ်ခြင်းကို သင်သည် မနှစ်သက်အပ်ဟု မိန့်တော်မူ၏။ ထိုအခါ မဟာပဇာပတိဂေါတမီသည် ''မြတ်စွာဘုရား ဟောထားတော်မူသော ဓမ္မဝိနယ 'သာသနာ တော်' ၌ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်၍ မာတုဂါမ၏ ရဟန်းဖြစ်ခြင်းကို မြတ်စွာဘုရားသည် ခွင့်မပြု''ဟု ဆင်းရဲခြင်း နှလုံးမသာခြင်းရှိသည်ဖြစ်၍ မျက်ရည်ယိုထွက်သော မျက်နှာရှိသည်ဖြစ်၍ ငိုကြွေးလျက် မြတ်စွာဘုရားကို ရှိခိုးပြီးနောက် အရိုအသေပြုကာ ဖဲခွါသွားလေ၏။ ထိုအခါ မြတ်စွာဘုရားသည် ကပိလဝတ်ပြည်၌ မွေ့လျော်တော်မူသရွေ့ သီတင်းသုံးနေတော်မူပြီးလျှင် အစဉ်အတိုင်း ဒေသစာရီ လှည့်လည်သော် ဝေသာလီပြည်သို့ ရောက်တော်မူ၍ ထိုဝေသာလီပြည် မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သော ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ မဟာပဇာပတိဂေါတမီသည် ဆံတို့ကို ဖြတ်ပြီးလျှင် ဖန်ရည်ဆိုး အဝတ်တို့ကို ဝတ်၍ သာကီဝင်မင်းသမီးများစွာတို့နှင့်အတူ ဝေသာလီပြည်သို့ ဖဲသွားလေသော် အစဉ်အတိုင်း ဝေသာလီပြည် မဟာဝုန်တော ပြာသာဒ်ဆောင်ပေါက်သော ကျောင်းသို့ ချဉ်းကပ်မိ၏။ ထိုအခါ မဟာပဇာပတိဂေါတမီသည် ဖူးဖူးရောင်သော ခြေတို့ဖြင့်လည်းကောင်း၊ မြူပြွမ်းသော ကိုယ်ဖြင့်လည်းကောင်း ဆင်းရဲခြင်း နှလုံးမသာခြင်းရှိသည် ဖြစ်၍ မျက်ရည်ယိုစီးသော မျက်နှာရှိသည် ဖြစ်၍ ငိုကြွေးလျက် တံခါးမုခ်ပြင်ပ၌ ရပ်တည်၏၊ အသျှင်အာနန္ဒာသည် ဖူးဖူးရောင်သော ခြေတို့ဖြင့်လည်းကောင်း၊ မြူပြွမ်းသောကိုယ်ဖြင့်လည်းကောင်း ဆင်းရဲခြင်း နှလုံးမသာခြင်းရှိသည်ဖြစ်၍ မျက်ရည်ယိုစီးသော မျက်နှာရှိသည်ဖြစ်၍ ငိုကြွေးလျက် တံခါးမုခ်ပြင်ပ၌ ရပ်တည်နေသော မဟာပဇာပတိဂေါတမီကို မြင်လျှင် ''ဂေါတမီ သင်သည် အဘယ့်ကြောင့် ဖူးဖူးရောင်သော ခြေတို့ဖြင့်လည်းကောင်း၊ မြူပြွမ်းသော ကိုယ်ဖြင့်လည်းကောင်း ဆင်းရဲခြင်း နှလုံးမသာခြင်းရှိသည်ဖြစ်၍ မျက်ရည်ယိုစီးသော မျက်နှာရှိသည်ဖြစ်၍ ငိုကြွေးလျက် တံခါးမုခ်ပြင်ပ၌ ရပ်တည်နေသနည်း''ဟု မေး၏။ အသျှင်အာနန္ဒာ မြတ်စွာဘုရား ဟောထားတော်မူသော ဓမ္မဝိနယ 'သာသနာတော်' ၌ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်၍ မာတုဂါမ၏ ရဟန်းဖြစ်ခြင်းကို မြတ်စွာဘုရား ခွင့်မပြုသောကြောင့် ရပ်တည်နေ ပါသည်''ဟု လျှောက်၏။ ဂေါတမီ သို့ဖြစ်လျှင် ငါသည် မြတ်စွာဘုရားကို မြတ်စွာဘုရားဟောထားတော်မူသော ဓမ္မဝိနယ 'သာသနာတော်' ၌ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်၍ မာတုဂါမ၏ ရဟန်းဖြစ်ခြင်းကို တောင်းပန်စဉ် ဤနေရာ၌ တစ်ခဏမျှ နေပါဦးဟု ပြောဆို၏။ ထို့နောက် အသျှင်အာနန္ဒာသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်ပြီးသော်... ''အသျှင်ဘုရား ဤမဟာပဇာပတိဂေါတမီသည် 'မြတ်စွာဘုရား ဟောထားတော်မူသော ဓမ္မဝိနယ 'သာသနာတော်' ၌ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်၍ မာတုဂါမ၏ ရဟန်းဖြစ်ခြင်းကို မြတ်စွာဘုရားသည် ခွင့်မပြု'ဟု ဖူးဖူးရောင်သော ခြေတို့ဖြင့်လည်းကောင်း၊ မြူပြွမ်းသော ကိုယ်ဖြင့်လည်းကောင်း ဆင်းရဲခြင်း နှလုံးမသာခြင်းရှိသည် ဖြစ်၍ မျက်ရည်ယိုစီးသော မျက်နှာရှိသည်ဖြစ်၍ ငိုကြွေးလျက် တံခါးမုခ် ပြင်ပ၌ ရပ်တည်နေပါ၏။ တောင်းပန်ပါသည် အသျှင်ဘုရား၊ မြတ်စွာဘုရား ဟောထားတော် မူသော ဓမ္မဝိနယ'သာသနာတော်' ၌ မာတုဂါမသည် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်၍ ရဟန်းအဖြစ်ကို ရစေချင်ပါသည်''ဟု လျှောက်၏။ အာနန္ဒာ မသင့်၊ မြတ်စွာဘုရား ဟောထားတော်မူသော ဓမ္မဝိနယ 'သာသနာတော်' ၌ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်၍ မာတုဂါမ၏ ရဟန်းဖြစ်ခြင်းကို သင်သည် မနှစ်သက်အပ်ဟု မိန့်တော်မူ၏။ နှစ်ကြိမ်မြောက်လည်း။ပ။ သုံးကြိမ်မြောက်လည်း အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား တောင်းပန်ပါသည်။ ''အသျှင်ဘုရား၊ မြတ်စွာဘုရား ဟောထားတော်မူသော ဓမ္မဝိနယ 'သာသနာတော်' ၌ မာတုဂါမသည် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်၍ ရဟန်းအဖြစ်ကို ရစေချင် ပါသည်''ဟု လျှောက်၏။ အာနန္ဒာ မသင့်၊ မြတ်စွာဘုရား ဟောထားတော်မူသော ဓမ္မဝိနယ 'သာသနာတော်' ၌ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်၍ မာတုဂါမ၏ ရဟန်းဖြစ်ခြင်းကို သင်သည် မနှစ်သက်အပ်ဟု မိန့်တော်မူ၏။ ထို့နောက် အသျှင်အာနန္ဒာသည် ''မြတ်စွာဘုရား ဟောထားတော်မူသော ဓမ္မဝိနယ 'သာသနာ တော်' ၌ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်၍ မာတုဂါမ၏ ရဟန်းဖြစ်ခြင်းကို မြတ်စွာဘုရားသည် ခွင့်မပြု''ဟု သိ၍ ငါသည် အခြားအကြောင်းဖြင့် မြတ်စွာဘုရား ဟောထားတော်မူသော ဓမ္မဝိနယ 'သာသနာတော်' ၌ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်၍ မာတုဂါမ၏ ရဟန်းဖြစ်ခြင်းကို တောင်းပန်ရသော် ကောင်းလေစွဟု ကြံစည်ပြီးနောက် မြတ်စွာဘုရားအား....... ''အသျှင်ဘုရား မာတုဂါမသည် မြတ်စွာဘုရား ဟောထားတော်မူသော ဓမ္မဝိနယ 'သာသနာ တော်'၌ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်၍ သောတာပတ္တိဖိုလ်ကိုလည်းကောင်း၊ သကဒါဂါမိဖိုလ်ကိုလည်းကောင်း၊ အနာဂါမိဖိုလ်ကိုလည်းကောင်း၊ အရဟတ္တဖိုလ်ကိုလည်းကောင်း မျက်မှောက် ပြုခြင်းငှာ ထိုက်တန်ပါ၏လော''ဟု လျှောက်၏။ အာနန္ဒာ မာတုဂါမသည် မြတ်စွာဘုရား ဟောထားတော်မူသော ဓမ္မဝိနယ 'သာသနာတော်'၌ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်၍ သောတာပတ္တိဖိုလ်ကိုလည်းကောင်း၊ သကဒါဂါမိဖိုလ်ကိုလည်းကောင်း၊ အနာဂါမိဖိုလ်ကိုလည်းကောင်း၊ အရဟတ္တဖိုလ်ကိုလည်းကောင်း မျက်မှောက် ပြုခြင်းငှာ ထိုက်တန်၏''ဟု မိန့်တော်မူ၏။ အသျှင်ဘုရား မာတုဂါမသည် မြတ်စွာဘုရားဟောထားတော်မူသော ဓမ္မဝိနယ 'သာသနာတော်' ၌ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်၍ သောတာပတ္တိဖိုလ်ကိုလည်းကောင်း၊ သကဒါဂါမိဖိုလ်ကိုလည်းကောင်း၊ အနာဂါမိဖိုလ်ကိုလည်းကောင်း၊ အရဟတ္တဖိုလ်ကိုလည်းကောင်း မျက်မှောက်ပြုခြင်းငှာ ထိုက်တန်ပါမူ၊ အသျှင်ဘုရား မဟာပဇာပတိဂေါတမီသည် ကျေးဇူးများပါ၏၊ မြတ်စွာဘုရား၏ မိထွေးတော်ပါတည်း၊ ခြေဖြင့် သွားနိုင်ချိန်အထိ မွေးမြူသူပါတည်း၊ နို့တိုက်သူပါတည်း၊ မယ်တော် နတ်ရွာစံပြီးနောက် မြတ်စွာ ဘုရားကို နို့တိုက်ပါ၏၊ တောင်းပန်ပါသည် အသျှင်ဘုရား၊ မြတ်စွာဘုရား ဟောထားတော်မူသော ဓမ္မဝိနယ 'သာသနာတော်'၌ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၍ ရဟန်းအဖြစ် ရစေချင်ပါသည်ဟု လျှောက်၏။ 🌷🌹🌷🌹ဂရုဓံ ရှစ်ပါး 🌹🌷🌹🌷 စူဠဝါ၊ နှာ-၄၄၄၊ ပုဒ်-၄၀၃။ ဂါထာ ဝဿသတံ အဘိက်ခုကံ၊ ပစ်စာသီသာ ပဝါရဏာ။ မာနူပသမ္ပဒေသာ၊ နိက္ကောသာ နောဝါဒေါဂရု။ အာနန္ဒာ မဟာပဇာပတိဂေါတမီသည် ဂရုဓံရှစ်ပါးတို့ကို အကယ်၍ ဝန်ခံသည် ဖြစ်အံ့၊ ထိုဝန်ခံခြင်းသည်ပင် ထိုဂေါတမီအတွက် ပဉ္စင်းခံမှု ဖြစ်စေလော့။ ၁။ ဘိက္ခုနီမသည် ပဉ္စင်းဖြစ်၍ ဝါတစ်ရာရှိသော်လည်း ထိုနေ့ပဉ္စင်းဖြစ်သော ရဟန်းအား ရှိခိုးခြင်း ခရီးဦးကြိုဆိုခြင်း လက်အုပ်ချီခြင်း ရိုသေခြင်းအမှုကို ပြုရမည်၊ ဤတရားကိုလည်း ရိုသေ၍ လေးစား၍ မြတ်နိုး၍ ပူဇော်၍ အသက်ထက်ဆုံး မလွန်ကျူးအပ်။ ၂။ ဘိက္ခုနီမသည် ရဟန်းယောက်ျားမရှိသော ကျောင်း၌ ဝါမဆိုအပ်၊ ဤတရားကိုလည်း ရိုသေ၍ လေးစား၍ မြတ်နိုး၍ ပူဇော်၍ အသက်ထက်ဆုံး မလွန်ကျူးအပ်။ ၃။ ဘိက္ခုနီမသည် လခွဲတိုင်း လခွဲတိုင်း ဘိက္ခုသံဃာထံမှ ဥပုသ်ကို မေးခြင်း၊ အဆုံးအမခံရန် ချဉ်းကပ် ခြင်းဟူသော ဤတရားနှစ်ပါးတို့ကို လိုလားတောင့်တရမည်၊ ဤတရားကိုလည်း ရိုသေ၍ လေးစား၍ မြတ်နိုး၍ ပူဇော်၍ အသက်ထက်ဆုံး မလွန်ကျူးအပ်။ ၄။ ဘိက္ခုနီမသည် ဝါကျွတ်လတ်သော် နှစ်ဖက်သံဃာ၌ မြင်ခြင်း၊ ကြားခြင်း၊ ယုံမှားခြင်းဟူသော အကြောင်းသုံးမျိုးတို့ဖြင့် ဖိတ်ကြားရမည်၊ ဤတရားကိုလည်း ရိုသေ၍ လေးစား၍ မြတ်နိုး၍ ပူဇော်၍ အသက်ထက်ဆုံး မလွန်ကျူးအပ်။ ၅။ ဘိက္ခုနီမသည် သံဃာဒိသိသ်အာပတ်သို့ ရောက်လတ်သော် နှစ်ဖက်သံဃာ၌ ပက္ခမာနတ်ကို ကျင့်ရမည်၊ ဤတရားကိုလည်း ရိုသေ၍ လေးစား၍ မြတ်နိုး၍ ပူဇော်၍ အသက်ထက်ဆုံး မလွန်ကျူးအပ်။ ၆။ နှစ်နှစ်တို့ပတ်လုံး တရားခြောက်ပါးတို့၌ အကျင့်ကို ကျင့်ပြီးသော သိက္ခမာန်အား နှစ်ဖက်သော သံဃာ၌ ပဉ္စင်းခံခြင်းကို ရှာရမည်၊ ဤတရားကိုလည်း ရိုသေ၍ လေးစား၍ မြတ်နိုး၍ ပူဇော်၍ အသက် ထက်ဆုံး မလွန်ကျူးအပ်။ ၇။ ဘိက္ခုနီမသည် ရဟန်းယောက်ျားကို တစ်စုံတစ်ခုသော အကြောင်းဖြင့် မဆဲရေးအပ်၊ မရေရွတ်အပ်၊ ဤတရားကိုလည်း ရိုသေ၍ လေးစား၍ မြတ်နိုး၍ ပူဇော်၍ အသက်ထက်ဆုံး မလွန်ကျူးအပ်။ ၈။ ရဟန်းဖြစ်သည့်နေ့မှစ၍ ရဟန်းယောက်ျားတို့ အပေါ်၌ ဘိက္ခုနီမတို့၏ ပြောဆိုခွင့်ကို ပိတ်ပင် အပ်၏၊ ဘိက္ခုနီမတို့အပေါ်၌ ရဟန်းယောက်ျားတို့၏ ပြောဆိုခွင့်ကို မပိတ်ပင်အပ်၊ ဤတရားကိုလည်း ရိုသေ၍ လေးစား၍ မြတ်နိုး၍ ပူဇော်၍ အသက်ထက်ဆုံး မလွန်ကျူးအပ်။ အာနန္ဒာ မဟာပဇာပတိဂေါတမီသည် ဤဂရုဓံရှစ်ပါးတို့ကို အကယ်၍ ဝန်ခံသည် ဖြစ်အံ့၊ ထို ဝန်ခံခြင်းသည်ပင် ထိုဂေါတမီအတွက် ပဉ္စင်းခံခြင်း ဖြစ်စေလော့ဟု မိန့်တော်မူ၏။ ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားထံ၌ ဂရုဓံရှစ်ပါးတို့ကို သင်ယူပြီးနောက် မဟာပဇာပတိဂေါတမီထံသို့ ချဉ်းကပ်ပြီးလျှင်- ''ဂေါတမီ သင်သည် ဂရုဓံရှစ်ပါးတို့ကို အကယ်၍ ဝန်ခံသည် ဖြစ်အံ့၊ ထိုဝန်ခံခြင်းသည်ပင် သင့်အတွက် ပဉ္စင်းခံမှု ဖြစ်လတ္တံ့။ (၁) ဘိက္ခုနီမသည် ပဉ္စင်းဖြစ်၍ ဝါတစ်ရာရှိသော်လည်း ထိုနေ့ပဉ္စင်းဖြစ်သော ရဟန်းအား ရှိခိုးခြင်း ခရီးဦးကြိုဆိုခြင်း လက်အုပ်ချီခြင်း ရိုသေခြင်းကို ပြုရမည်၊ ဤတရားကိုလည်း ရိုသေ၍ လေးစား၍ မြတ်နိုး၍ ပူဇော်၍ အသက်ထက်ဆုံး မလွန်ကျူးအပ်။ (၂) ဘိက္ခုနီမသည် ရဟန်းယောက်ျားမရှိသော ကျောင်း၌ ဝါမဆိုအပ်၊ ဤတရားကိုလည်း ရိုသေ၍ လေးစား၍ မြတ်နိုး၍ ပူဇော်၍ အသက်ထက်ဆုံး မလွန်ကျူးအပ်။ (၃) ဘိက္ခုနီမသည် လခွဲတိုင်း လခွဲတိုင်း ဘိက္ခုသံဃာထံမှ ဥပုသ်ကိုမေးခြင်း၊ အဆုံးအမခံရန် ချဉ်းကပ်ခြင်းဟူသော ဤတရားနှစ်ပါးတို့ကို လိုလားတောင့်တရမည်၊ ဤတရားကိုလည်း ရိုသေ၍ လေးစား၍ မြတ်နိုး၍ ပူဇော်၍ အသက်ထက်ဆုံး မလွန်ကျူးအပ်။ (၄) ဘိက္ခုနီမသည် ဝါကျွတ်လတ်သော် နှစ်ဖက်သံဃာ၌ မြင်ခြင်း၊ ကြားခြင်း၊ ယုံမှားခြင်းဟူသော အကြောင်းသုံးမျိုးတို့ဖြင့် ဖိတ်ကြားရမည်၊ ဤတရားကိုလည်း ရိုသေ၍ လေးစား၍ မြတ်နိုး၍ ပူဇော်၍ အသက်ထက်ဆုံး မလွန်ကျူးအပ်။ (၅) ဘိက္ခုနီမသည် သံဃာဒိသိသ်အာပတ်သို့ ရောက်လတ်သော် နှစ်ဖက်သံဃာ၌ ပက္ခမာနတ်ကို ကျင့်ရမည်၊ ဤတရားကိုလည်း ရိုသေ၍ လေးစား၍ မြတ်နိုး၍ ပူဇော်၍ အသက်ထက်ဆုံး မလွန်ကျူး အပ်။ (၆) နှစ်နှစ်တို့ပတ်လုံး တရားခြောက်ပါးတို့၌ အကျင့်ကို ကျင့်ပြီးသော သိက္ခမာန်အား နှစ်ဖက်သော သံဃာ၌ ပဉ္စင်းခံခြင်းကို ရှာရမည်၊ ဤတရားကိုလည်း ရိုသေ၍ လေးစား၍ မြတ်နိုး၍ ပူဇော်၍ အသက်ထက်ဆုံး မလွန်ကျူးအပ်။ (၇) ဘိက္ခုနီမသည် ရဟန်းယောက်ျားကို တစ်စုံတစ်ခုသော အကြောင်းဖြင့် မဆဲရေးအပ်၊ မရေရွတ်အပ်၊ ဤတရားကိုလည်း ရိုသေ၍ လေးစား၍ မြတ်နိုး၍ ပူဇော်၍ အသက်ထက်ဆုံး မလွန်ကျူးအပ်။ (၈) ရဟန်းဖြစ်သည့် နေ့မှစ၍ ရဟန်းတို့အပေါ်၌ ဘိက္ခုနီမတို့၏ ပြောဆိုခွင့်ကို ပိတ်ပင်အပ်၏၊ ဘိက္ခုနီမတို့အပေါ်၌ ရဟန်းယောက်ျားတို့၏ ပြောဆိုခွင့်ကို မပိတ်ပင်အပ်၊ ဤတရားကိုလည်း ရိုသေ၍ လေးစား၍ မြတ်နိုး၍ ပူဇော်၍ အသက်ထက်ဆုံး မလွန်ကျူးအပ်။ ''ဂေါတမီ သင်သည် ဤဂရုဓံရှစ်ပါးတို့ကို ဝန်ခံမူ၊ ထိုဝန်ခံခြင်းသည်ပင် သင့်အတွက် ပဉ္စင်းခံမှု ဖြစ်လတ္တံ့''ဟု ပြောဆို၏။ "အသျှင်ဘုရားအာနန္ဒာ ငယ်ရွယ်နုပျိုလျက် တန်ဆာဆင်လေ့ရှိသော ဦးခေါင်းဆေးလျှော်ပြီးသော မိန်းမသည်လည်းကောင်း၊ ယောက်ျားသည်လည်းကောင်း ကြာပန်းကိုဖြစ်စေ မိုးဆွေပန်းကိုဖြစ်စေ စစ်သိမ်ပန်း (လန်ဘူးပန်း)ကို ဖြစ်စေ ရ၍ လက်နှစ်ဖက်တို့ဖြင့် ယူကာ မြတ်သော အင်္ဂါဖြစ်သော ဦးခေါင်း၌ ထားရာသကဲ့သို့၊ အသျှင်ဘုရားအာနန္ဒာ ဤအတူပင် အကျွန်ုပ်သည် ဤဂရုဓံရှစ်ပါးတို့ကို ဝန်ခံပါ၏၊ အသက်ထက်ဆုံး မလွန်ကျူးပါ"ဟု လျှောက်၏။ ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်ပြီးသော် ''အသျှင်ဘုရား မဟာပဇာပတိဂေါတမီသည် ဂရုဓံရှစ်ပါးတို့ကို ဝန်ခံပါ၏၊ မြတ်စွာဘုရား၏ မိထွေးတော်သည် ရဟန်းဖြစ်ပါပြီ''ဟု လျှောက်၏။ အာနန္ဒာ မာတုဂါမသည် မြတ်စွာဘုရား ဟောထားတော်မူသော ဓမ္မဝိနယ 'သာသနာတော်' ၌ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်၍ ရဟန်းအဖြစ်ကို မရပါလျှင် မြတ်သောအကျင့် 'သာသနာတော်'သည် ကြာမြင့်စွာ တည်တံ့ရာ၏၊ အနှစ်တစ်ထောင်ပတ်လုံး သူတော်ကောင်းတရားသည် တည်ရာ၏။ အာနန္ဒာ မာတုဂါမသည် မြတ်စွာဘုရား ဟောထားတော်မူသော ဓမ္မဝိနယ 'သာသနာတော်'၌ လူ့ဘောင်မှ ရဟန်း ဘောင်သို့ ဝင်၍ ရဟန်းအဖြစ်ကို ရသောကြောင့် ယခုအခါ၌ မြတ်သောအကျင့် 'သာသနာတော်'သည် ကြာမြင့်စွာ တည်တံ့မည် မဟုတ်၊ အာနန္ဒာ ယခု နှစ်ငါးရာတို့သာလျှင် သူတော်ကောင်းတရားသည် တည် လတ္တံ့။ အာနန္ဒာ မာတုဂါမများ၍ ယောက်ျားနည်းသော အမှတ်မရှိသော အိမ်တို့ကို အိုး၌ မီးထွန်း၍ ခိုးတတ်သော ခိုးသူတို့သည် ဖျက်ဆီးလွယ်ကုန်သကဲ့သို့၊ အာနန္ဒာ ဤအတူပင် အကြင်ဓမ္မဝိနယ 'သာသနာတော်'၌ မာတုဂါမသည် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၍ ရဟန်းအဖြစ်ကို ရ၏၊ ထိုမြတ်သော အကျင့် 'သာသနာတော်'သည် ကြာမြင့်စွာ မတည်တံ့နိုင်။ အာနန္ဒာ ပြည့်စုံဖြစ်ထွန်းသော သလေးခင်း၌ ဖလံဖြူမည်သော ရောဂါမျိုး ကျရောက်သော် ထို သလေးခင်းသည် ကြာမြင့်စွာ မတည်တံ့သကဲ့သို့၊ အာနန္ဒာ ဤအတူပင့်အကြင်ဓမ္မဝိနယ 'သာသနာတော်'၌ မာတုဂါမသည် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၍ ရဟန်းအဖြစ်ကို ရ၏၊ ထိုမြတ်သော အကျင့် 'သာသနာတော်'သည် ကြာမြင့်စွာ မတည်တံ့နိုင်။ အာနန္ဒာ ပြည့်စုံဖြစ်ထွန်းသော ကြံခင်း၌ အူနီမည်သော ရောဂါမျိုး ကျရောက်သော် ထိုကြံခင်းသည် ကြာမြင့်စွာ မတည်တံ့သကဲ့သို့၊ ဤအတူပင် အကြင်ဓမ္မဝိနယ 'သာသနာတော်' ၌ မာတုဂါမသည် လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်၍ ရဟန်းအဖြစ်ကို ရ၏၊ ထိုမြတ်သော အကျင့် 'သာသနာတော်'သည် ကြာမြင့်စွာ မတည်တံ့နိုင်။ အာနန္ဒာ ယောက်ျားသည် ရေကန်ကြီး၏ ကန်ဘောင်ရိုးကို ရေမလွန်ခြင်းငှါ စောစောက ကြိုတင်၍ ကန်သင်းဖွဲ့သကဲ့သို့၊ ဤအတူပင် ငါသည် ဘိက္ခုနီမတို့အတွက် ဂရုဓံရှစ်ပါးတို့ကို ပညတ်ပြီးခဲ့ပြီ၊ အသက် ထက်ဆုံး မလွန်ကျူးအပ်ကုန်ဟု မိန့်တော်မူ၏။ ဘိက္ခုနီမတို့၏ ဂရုဓံတရားရှစ်ပါး ပြီး၏။ 📚📚📚ဘိက္ခုနီဥပသမ္ပဒါကို ခွင့်ပြုခြင်း📚📚📚 ၄၀၄။ ထိုအခါ မဟာပဇာပတိဂေါတမီသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်တည်ကာ.... ''အသျှင်ဘုရား အကျွန်ုပ်သည် ဤသာကီဝင်မင်းသမီးတို့နှင့် စပ်လျဉ်း၍ အဘယ်သို့ ပြုကျင့်ပါအံ့နည်း''ဟု လျှောက်၏။ ထိုအခါ မြတ်စွာဘုရားသည် မဟာပဇာပတိဂေါတမီကို တရားစကားဖြင့် အကျိုးစီးပွါးကို သိမြင်စေလျက် တရားကို ဆောက်တည်စေကာ တရားကျင့်သုံးရန် ထက်သန် ရွှင်လန်းစေ၏။ ထို့နောက် မဟာပဇာပတိဂေါတမီသည် မြတ်စွာဘုရားက တရားစကားဖြင့် အကျိုးစီးပွါးကို သိမြင်စေလျက် တရားကို ဆောက်တည်စေကာ တရားကျင့်သုံးရန် ထက်သန် ရွှင်လန်းစေပြီးဖြစ်ရကား မြတ်စွာဘုရားကို ရှိခိုး၍ အရိုအသေပြုကာ ဖဲခွါသွားလေ၏။ ထို့နောက် မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် တရားစကားကို ဟောတော်မူပြီးလျှင် ရဟန်းတို့ကို..... ''ရဟန်းတို့ ရဟန်းယောက်ျားတို့သည် ရဟန်းမိန်းမတို့ကို ပဉ္စင်းခံပေးရန် ခွင့်ပြု၏''ဟု မိန့်တော်မူ၏။ ထိုအခါ ထိုဘိက္ခုနီမတို့သည် မဟာပဇာပတိဂေါတမီအား..... ''အသျှင်မသည် ပဉ္စင်းမဖြစ်သေး၊ အကျွန်ုပ်တို့သာ ပဉ္စင်းဖြစ်ကုန်၏၊ ရဟန်းယောက်ျားတို့က ရဟန်းမိန်းမတို့ကို ပဉ္စင်းခံပေးရမည်ဟု မြတ်စွာဘုရား ပညတ်တော်မူ၏''ဟု ဆိုကြကုန်၏။ ထိုအခါ မဟာပဇာပတိဂေါတမီသည် အသျှင်အာနန္ဒာထံသို့ ချဉ်းကပ်၍ ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်လျက် အသျှင်အာနန္ဒာအား..... ''အသျှင်ဘုရား အာနန္ဒာ ဤဘိက္ခုနီမတို့သည် အကျွန်ုပ်ကို 'အသျှင်မသည် ပဉ္စင်းမဖြစ်သေး၊ အကျွန်ုပ်တို့သာ ပဉ္စင်းဖြစ်ကုန်၏၊ ရဟန်းယောက်ျားတို့က ရဟန်းမိန်းမကို ပဉ္စင်းခံပေးရမည်'ဟု မြတ်စွာဘုရား ပညတ်တော်မူ၏''ဟု ပြောဆိုကြပါသည်ဟူ၍ လျှောက်၏။ ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ထိုင်လျက်...... ''အသျှင်ဘုရား မဟာပဇာပတိဂေါတမီက အသျှင်အာနန္ဒာ ဤဘိက္ခုနီမတို့သည် အကျွန်ုပ်ကို 'အသျှင်မသည် ပဉ္စင်းမဖြစ်သေး၊ အကျွန်ုပ်တို့သာ ပဉ္စင်းဖြစ်ကုန်၏၊ ရဟန်းယောက်ျားတို့က ရဟန်းမိန်းမတို့ကို ပဉ္စင်းခံပေးရမည်'ဟု မြတ်စွာဘုရား ပညတ်တော်မူ၏ဟု ပြောဆိုကြပါသည်ဟူ၍ လျှောက်ပါ့သည်''ဟု လျှောက်၏။ အာနန္ဒာ မဟာပဇာပတိဂေါတမီသည် ဂရုဓံရှစ်ပါးတို့ကို ဝန်ခံသည့်နေ့ကစ၍ ထိုဝန်ခြံခင်းသည်ပင် ပဉ္စင်းခံခြင်းပြီးတော့၏"ဟု မိန့်တော်မူ၏။ ၄၀၅။ ထို့နောက် မဟာပဇာပတိဂေါတမီသည် အသျှင်အာနန္ဒာထံသို့ ချဉ်းကပ်၍ အသျှင်အာနန္ဒာကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်လျက်..... ''အသျှင်ဘုရား အာနန္ဒာ အကျွန်ုပ်သည် မြတ်စွာဘုရားအား တစ်ခုသော ဆုကို တောင်းပါ၏၊ အသျှင်ဘုရား မြတ်စွာဘုရားသည် ရဟန်းယောက်ျားတို့အားလည်းကောင်း၊ ရဟန်းမိန်းမတို့အားလည်းကောင်း သီတင်းကြီး အစဉ်အတိုင်း ရှိခိုးခြင်း ခရီးဦးကြိုခြင်း လက်အုပ်ချီခြင်း အရိုအသေပြုခြင်းတို့ကို ခွင့်ပြုတော်မူသော် ကောင်းပါ၏ဟု လျှောက်၏။ ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားထံသို့ ချ ဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်လျက်..... ''အသျှင်ဘုရား မဟာပဇာပတိဂေါတမီက 'အသျှင်အာနန္ဒာ အကျွန်ုပ်သည် မြတ်စွာဘုရားအား တစ်ခုသော ဆုကို တောင်းပါ၏၊ အသျှင်ဘုရား မြတ်စွာဘုရားသည် ရဟန်းယောက်ျားတို့အားလည်းကောင်း၊ ရဟန်းမိန်းမတို့အားလည်းကောင်း သီတင်းကြီး အစဉ်အတိုင်း ရှိခိုးခြင်း ခရီးဦးကြိုခြင်း လက် အုပ်ချီခြင်း အရိုအသေပြုခြင်းတို့ကို ခွင့်ပြုတော်မူသော် ကောင်းပါ၏'ဟု လျှောက်ပါသည်''ဟု လျှောက်၏။ အာနန္ဒာ မာတုဂါမအား ရှိခိုးခြင်း ခရီးဦးကြိုခြင်း လက်အုပ်ချီခြင်း အရိုအသေပြုခြင်းတို့ကို ခွင့်ပြုနိုင်သော အကြောင်းအရာသည် မဖြစ်နိုင်ပေ။ အာနန္ဒာ မကောင်းသဖြင့် ဟောအပ်သော တရားရှိကုန်သော ဤသာသနာတော်မှ တစ်ပါးဖြစ်သော တိတ္ထိတို့ ပင်လျင်လည်း မာတုဂါမအား ရှိခိုးခြင်း ခရီးဦးကြိုခြင်း လက်အုပ်ချီခြင်း အရိုအသေပြုခြင်းတို့ကို မလုပ်ကြကုန်။ မာတုဂါမအား ရှိခိုးခြင်း ခရီးဦးကြိုခြင်း လက်အုပ်ချီခြင်း အရိုအသေပြုခြင်းတို့ကို မြတ်စွာဘုရားသည် အဘယ်မှာ ခွင့်ပြုနိုင်အံ့နည်းဟု မိန့်တော်မူ၏။ ထို့နောက် မြတ်စွာဘုရားသည် ဤအကြောင်းအရာကြောင့် တရားစကားကို ဟောတော်မူပြီးလျှင် ရဟန်းတို့ကို..... ''ရဟန်းတို့ မာတုဂါမအား ရှိခိုးခြင်း ခရီးဦးကြိုခြင်း လက်အုပ်ချီခြင်း အရိုအသေပြုခြင်းတို့ကို မပြုလုပ်အပ်၊ ပြုလုပ်သော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏''ဟု မိန့်တော်မူ၏။ ထိုအခါ မဟာပဇာပတိဂေါတမီသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသောနေရာ၌ ရပ်တည်လျက်...... ''အသျှင်ဘုရား ရဟန်းမိန်းမတို့၏ အကြင်သိက္ခာပုဒ်တို့သည် ရဟန်းယောက်ျားတို့နှင့် ဆက်ဆံကုန်၏၊ ထိုသိက္ခာပုဒ်တို့နှင့် စပ်လျဉ်း၍ အကျွန်ုပ်တို့သည် အဘယ်သို့ ပြုကျင့်ရပါအံ့နည်း''ဟု လျှောက်၏။ "ဂေါတမီ ရဟန်းမိန်းမတို့၏ အကြင်သိက္ခာပုဒ်တို့သည် ရဟန်းယောက်ျားတို့နှင့် ဆက်ဆံကုန်၏၊ ထို သိက္ခာပုဒ်တို့နှင့် စပ်လျဉ်း၍ ရဟန်းယောက်ျားတို့ ကျင့်သကဲ့သို့ ကျင့်ကြကုန်လော့"ဟု မိန့်တော်မူ၏။ ''အသျှင်ဘုရား ရဟန်းမိန်းမတို့၏ အကြင်သိက္ခာပုဒ်တို့သည် ရဟန်းယောက်ျားတို့နှင့် မဆက်ဆံကုန်၊ ထိုသိက္ခာပုဒ်တို့နှင့် စပ်လျဉ်း၍ အကျွန်ုပ်တို့သည် အဘယ်သို့ ကျင့်ရပါအံ့နည်း''ဟု လျှောက်၏။ ဂေါတမီ ရဟန်းမိန်းမတို့၏ အကြင်သိက္ခာပုဒ်တို့သည် ရဟန်းယောက်ျားတို့နှင့် မဆက်ဆံကုန်၊ ထို သိက္ခာပုဒ်တို့နှင့် စပ်လျဉ်း၍ ပညတ်တော်မူသည့်အတိုင်း ကျင့်ကုန်လော့ဟု မိန့်တော်မူ၏။ ၄၀၆။ ထိုအခါ မဟာပဇာပတိဂေါတမီသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်တည်လျက်...... ''အသျှင်ဘုရား တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် အကျဉ်းအားဖြင့် အကျွန်ုပ်အား တရားကို ဟောတော်မူပါလော့၊ အကျွန်ုပ်သည် မြတ်စွာဘုရား၏ ယင်းတရားကို နာပြီးလျှင် ဆိတ်ငြိမ်ရာသို့ ကပ်လျက် မမေ့မလျော့ လုံ့လပြုကာ စိတ်ကို စေလွှတ်လျက် နေလိုပါသည်''ဟု လျှောက်၏။ ဂေါတမီ သင်သည် အကြင်တရားတို့ကို ဤတရားတို့ကား စွဲလမ်းခြင်းငှာ ဖြစ်ကုန်၏၊ စွဲလမ်းမှု ကင်းခြင်းငှာ မဖြစ်ကုန်၊ ဝဋ်၌ ယှဉ်ရန်သာ ဖြစ်ကုန်၏၊ ဝဋ်၌ မယှဉ်ရန် မဖြစ်ကုန်၊ ကိလေသာ တိုးပွါး ရန်သာ ဖြစ်ကုန်၏၊ ဖျက်ဆီးရန် မဖြစ်ကုန်၊ အလိုကြီးရန်သာ ဖြစ်ကုန်၏၊ အလိုနည်းရန် မဖြစ်ကုန်၊ မရောင့်ရဲရန်သာ ဖြစ်ကုန်၏၊ ရောင့်ရဲရန် မဖြစ်ကုန်၊ အပေါင်းအဖော်နှင့် နေရန်သာ ဖြစ်ကုန်၏၊ ဆိတ်ငြိမ်ရန် မဖြစ်ကုန်၊ ပျင်းရိရန်သာ ဖြစ်ကုန်၏၊ ကြိုးစားအားထုတ်ရန် မဖြစ်ကုန်၊ မွေးမြူနိုင်ခဲရန်သာ ဖြစ်ကုန်၏၊ မွေးမြူလွယ်ရန် မဖြစ်ကုန်ဟု သိငြားအံ့၊ ထိုတရားတို့ကို စင်စစ်အားဖြင့် ''ဤကား တရားမဟုတ်၊ ဤကား ဝိနည်းမဟုတ်၊ ဤကား မြတ်စွာဘုရား အဆုံးအမ မဟုတ်''ဟု မှတ်လေလော့။ ဂေါတမီ သင်သည် အကြင်တရားတို့ကို ဤတရားတို့ကား စွဲလမ်းမှု ကင်းခြင်းငှာ ဖြစ်ကုန်၏၊ စွဲလမ်းခြင်းငှာ မဖြစ်ကုန်၊ ဝဋ်၌ မယှဉ်ရန်သာ ဖြစ်ကုန်၏၊ ဝဋ်၌ ယှဉ်ရန် မဖြစ်ကုန်၊ ကိလေသာကို ဖျက်ဆီးရန်သာ ဖြစ်ကုန်၏၊ တိုးပွါးရန် မဖြစ်ကုန်၊ အလိုနည်းးရန်သာ ဖြစ်ကုန်၏၊ အလိုကြီးရန် မဖြစ် ကုန်၊ ရောင့်ရဲရန်သာ ဖြစ်ကုန်၏၊ မရောင့်ရဲရန် မဖြစ်ကုန်၊ ဆိတ်ငြိမ်ရန်သာ ဖြစ်ကုန်၏၊ အပေါင်းအဖော်နှင့် နေရန် မဖြစ်ကုန်၊ ကြိုးစား အားထုတ်ရန်သာ ဖြစ်ကုန်၏၊ ပျင်းရိရန် မဖြစ်ကုန်၊ မွေးမြူလွယ်ရန်သာ ဖြစ်ကုန်၏၊ မွေးမြူနိုင်ခဲရန် မဖြစ်ကုန်ဟု သိငြားအံး၊ ဂေါတမီ ထိုတရားတို့ကို စင်စစ်အားဖြင့် ''ဤကား တရားတည်း၊ ဤကား ဝိနည်းတည်း၊ ဤကား မြတ်စွာဘုရား အဆုံးအမတည်း''ဟု မှတ်လေလော့ဟု မိန့်တော်မူ၏။ ၄၀၇။ ထိုအခါ ဘိက္ခုနီမတို့အား ပါတိမောက်ကို မပြအပ်သေး၊ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ ဘိက္ခုနီမတို့အား ပါတိမောက်ကို ပြခြင်းငှါ ခွင့်ပြု၏ဟု မိန့်တော်မူ၏။ ထိုအခါ ရဟန်းယောက်ျားတို့အား ''အဘယ်သူသည် ဘိက္ခုနီမတို့အား ပါတိမောက်ကို ပြအပ်သနည်း''ဟု အကြံဖြစ်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ ရဟန်းယောက်ျားတို့သည် ရဟန်းမိန်းမတို့အား ပါတိမောက်ကို ပြရန် ခွင့်ပြု၏ဟု မိန့်တော်မူ၏။ ထိုအခါ ရဟန်းယောက်ျားတို့သည် ရဟန်းမိန်းမကျောင်းသို့ ချဉ်းကပ်၍ ရဟန်းမိန်းမတို့အား ပါတိမောက်ကို ပြကုန်၏။ ''ဤရဟန်းမိန်းမတို့သည် ဤရဟန်းယောက်ျားတို့၏ မယားကြီးတို့တည်း၊ ဤရဟန်းမိန်းမတို့သည် ဤရဟန်းယောက်ျားတို့၏ မယားငယ်တို့တည်း၊ ယခု ဤရဟန်းယောက်ျားတို့သည် ဤရဟန်း မိန်းမတို့နှင့် အတူတကွ မွေ့လျော်ပျော်ပါးကုန်လတ္တံ့''ဟု လူတို့သည် ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ ရဟန်း ယောက်ျားတို့သည် ရဟန်းမိန်းမတို့အား ပါတိမောက်ကို မပြအပ်၊ ပြသော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏။ ရဟန်းတို့ ဘိက္ခုနီမတို့က ဘိက္ခုနီမတို့အား ပါတိမောက်ကို ပြရန် ငါဘုရား ခွင့်ပြု၏ဟု မိန့်တော် မူ၏။ ''ပါတိမောက်ကို ဤသို့ ပြရမည်''ဟု ဘိက္ခုနီမတို့သည် မသိကုန်။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ ''ပါတိမောက်ကို ဤသို့ ပြကုန်လော့''ဟု ရဟန်း ယောက်ျားတို့သည် ရဟန်းမိန်းမတို့အား ပြောကြားခြင်းငှါ ခွင့်ပြု၏ဟု မိန့်တော်မူ၏။ ၄၀၈။ ထိုအခါ ဘိက္ခုနီမတို့သည် အာပတ်ကို မကုစားကုန်။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ ဘိက္ခုနီမတို့သည် အာပတ်ကို မကုစားဘဲ မနေအပ်၊ မကုစားသော ဘိက္ခုနီမအား ဒုက္ကဋ်အာပတ် သင့်၏ဟု မိန့်တော်မူ၏။ ''အာပတ်ကို ဤသို့ ကုစားရမည်''ဟု ဘိက္ခုနီမတို့သည် မသိကုန်။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ ''အာပတ်ကို ဤသို့ ကုစားကုန်လော့''ဟု ရဟန်းယောက်ျားတို့သည် ရဟန်းမိန်းမတို့အား ပြောကြားခြင်း ငှါ ခွင့်ပြု၏ဟု မိန့်တော်မူ၏။ ထို့နောက် ''အဘယ်သူသည် ဘိက္ခုနီမတို့၏ အာပတ်ကို ခံယူအပ်သနည်း''ဟု ရဟန်းတို့အား အကြံဖြစ်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ ရဟန်းယောက်ျားတို့သည် ရဟန်းမိန်းမတို့၏ အာပတ်ကို ခံယူခြင်းငှါ ခွင့်ပြု၏ဟု မိန့်တော်မူ၏။ ထိုအခါ ဘိက္ခုနီမတို့သည် လမ်းမ၌လည်းကောင်း၊ ထုတ်ချင်းပေါက်လမ်း၌လည်းကောင်း၊ လမ်းဆုံ၌လည်းကောင်း၊ ရဟန်းကို မြင်သော် သပိတ်ကို မြေ၌ ချ၍ လက်ဝဲတစ်ဖက် ပခုံးထက်၌ ကိုယ်ဝတ်ကို စံပယ်တင်ကာ ဆောင့်ကြောင့်ထိုင်လျက် လက်အုပ်ချီ၍ အာပတ်ကို ကုစားကုန်၏။ ''ဤရဟန်းမိန်းမတို့သည် ဤရဟန်းယောက်ျားတို့၏ မယားကြီးတို့တည်း၊ ဤရဟန်းမိန်းမတို့သည် ဤရဟန်းယောက်ျားတို့၏ မယားငယ်တို့တည်း၊ ညဉ့်၌ လွန်ကျူးကြပြီးလျှင် ယခုမှ ကန်တော့ကုန်၏''ဟု လူတို့သည် ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက် ကြကုန်၏။ ရဟန်းတို့ ရဟန်းယောက်ျားတို့သည် ရဟန်းမိန်းမတို့၏ အာပတ်ကို မခံယူအပ်၊ ခံယူသော ရဟန်းတို့အား ဒုက္ကဋ်အာပတ် သင့်၏။ ရဟန်းတို့ ဘိက္ခုနီမတို့သည် ဘိက္ခုနီမတို့၏ အာပတ်ကို ခံယူခြင်းငှါ ခွင့်ပြု၏ဟု မိန့်တော်မူ၏။ ''အာပတ်ကို ဤသို့ ခံယူရမည်''ဟု ဘိက္ခုနီမတို့သည် မသိကုန်။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ ''အာပတ်ကို ဤသို့ ခံယူလော့''ဟု ရဟန်းယောက်ျားတို့သည် ရဟန်းမိန်းမတို့အား ပြောကြားခြင်းငှါ ခွင့်ပြု၏ဟု မိန့်တော်မူ၏။ ၄၀၉။ ထိုအခါ ဘိက္ခုနီမတို့အား ကံကို မပြုအပ်သေး။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ ဘိက္ခုနီမတို့အား ကံကို ပြုခြင်းငှါ ခွင့်ပြု၏ဟု မိန့်တော်မူ၏။ ထိုအခါ ရဟန်းယောက်ျားတို့အား ''အဘယ်သူသည် ဘိက္ခုနီမတို့အား ကံကို ပြုအပ်သနည်း''ဟု အကြံဖြစ်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ ရဟန်းယောက်ျားတို့သည် ရဟန်းမိန်းမတို့အား ကံကို ပြုခြင်းငှါ ခွင့်ပြု၏ဟု မိန့်တော်မူ၏။ ထိုအခါ ကံပြုခံရသော ဘိက္ခုနီမတို့သည် လမ်းမ၌လည်းကောင်း၊ ထုတ်ချင်းပေါက်လမ်း၌လည်းကောင်း၊ လမ်းဆုံ၌လည်းကောင်း ရဟန်းယောက်ျားကို မြင်လတ်သော် သပိတ်ကို မြေ၌ ချ၍ လက်ဝဲ တစ်ဖက် ပခုံးထက်၌ ကိုယ်ဝတ်ကို စံပယ်တင်လျက် ဆောင့်ကြောင့်ထိုင်ကာ လက်အုပ်ချီ၍ ''စင်စစ် ဤသို့ ပြုအပ်၏''ဟု မှတ်ထင်ကုန်၍ ကန်တော့ကုန်၏။ လူတို့သည် ''ဤရဟန်းမိန်းမတို့သည် ဤရဟန်း ယောက်ျားတို့၏ မယားကြီးတို့တည်း၊ ဤရဟန်းမိန်းမတို့သည် ဤရဟန်းယောက်ျားတို့၏ မယားငယ်တို့ တည်း၊ ညဉ့်၌ လွန်ကျူးကြပြီးလျှင် ယခုမှ ကန်တော့ကုန်၏''ဟု ထိုအတူလျှင် ကဲ့ရဲ့ကုန်၏၊ ရှုတ်ချကုန်၏၊ အပြစ်ပြ ပြောဆိုကြကုန်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ ရဟန်းယောက်ျားတို့သည် ရဟန်းမိန်းမတို့အား ကံကို မပြုအပ်၊ ပြုသော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏။ ရဟန်းတို့ ဘိက္ခုနီမတို့သည် ဘိက္ခုနီမတို့အား ကံကို ပြုခြင်းငှါ ခွင့်ပြု၏ဟု မိန့်တော်မူ၏။ ''ဤသို့ ကံကို ပြုရမည်''ဟု ဘိက္ခုနီမတို့သည် မသိကုန်။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ ''ဤသို့ ကံကို ပြုကုန်လော့''ဟု ရဟန်းယောက်ျားတို့သည် ရဟန်းမိန်းမတို့အား ပြောကြားခြင်းငှါ ခွင့်ပြု၏ဟု မိန့်တော်မူ၏။ ၄၁၀။ ထိုအခါ ဘိက္ခုနီမတို့သည် သံဃာ့အလယ်၌ မျက်ကွယ် မျက်မှောက် ငြင်းခုံလျက် ဆန့်ကျင့်ဘက် ပြောကြား စကားများခြင်းသို့ ရောက်သည်ဖြစ်၍ အချင်းချင်း နှုတ်လှံထိုးလျက် နေကုန်၏၊ ထို အဓိကရုဏ်းကို မငြိမ်းစေနိုင်ကုန်။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ ရဟန်းယောက်ျားတို့သည် ရဟန်းမိန်းမတို့၏ အဓိကရုဏ်းကို ငြိမ်းစေခြင်းငှါ ခွင့်ပြု၏ဟု မိန့်တော်မူ၏။ ထိုအခါ ရဟန်းယောက်ျားတို့သည် ရဟန်းမိန်းမတို့၏ အဓိကရုဏ်းကို ငြိမ်းစေကုန်၏၊ ထိုအဓိကရုဏ်းကို ဆုံးဖြတ်လတ်သော် ကံသို့ ရောက်သည်လည်း ဖြစ်ကုန်သော အာပတ်သို့ ရောက်သည်လည်း ဖြစ်ကုန်သော ဘိက္ခုနီမတို့ကို မြင်ကုန်၏၊ ဘိက္ခုနီမတို့သည် ''အသျှင်ဘုရားတို့ တောင်းပန်ပါ၏၊ အသျှင်တို့သည်ပင် ဘိက္ခုနီမတို့အား ကံကို ပြုပါကုန်လော့၊ အသျှင်တို့သည်ပင် ဘိက္ခုနီမတို့၏ အာပတ်ကို ခံယူပါကုန်လော့၊ ရဟန်းယောက်ျားတို့သည် ရဟန်းမိန်းမတို့၏ အဓိကရုဏ်းကို ငြိမ်းစေရမည်''ဟု မြတ်စွာဘုရားသည် ပညတ်ထားပါသည်ဟု လျှောက်ကုန်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ''ရဟန်းတို့ ရဟန်းယောက်ျားတို့သည် ရဟန်းမိန်းမတို့ကို ကံသို့တင်၍ ရဟန်းမိန်းမတို့အား လွှဲအပ်ခြင်းငှါ၊ ဘိက္ခုနီမတို့သည် ဘိက္ခုနီမတို့အား ကံကို ပြုခြင်းငှါ၊ ရဟန်းယောက်ျားတို့သည် ရဟန်း မိန်းမတို့အား အာပတ်သို့ တင်၍ ရဟန်းမိန်းမတို့အား လွှဲအပ်ခြင်းငှါ၊ ဘိက္ခုနီမတို့သည် ဘိက္ခုနီမတို့၏ အာပတ်ကို ခံယူခြင်းငှါ ခွင့်ပြု၏''ဟု မိန့်တော်မူ၏။ ထိုအခါ ဥပ္ပလဝဏ်ဘိက္ခုနီမ၏ အနီးနေတပည့်ဖြစ်သော ဘိက္ခုနီမသည် ခုနစ်နှစ်တို့ပတ်လုံး ဝိနည်းကို သင်ယူလျက် မြတ်စွာဘုရားသို့ အစဉ်လိုက်၏၊ သတိလွတ်ကင်းသော ထိုဘိက္ခုနီမအား သင်ယူပြီး သင်ယူပြီးသော ဝိနည်းသည် ပျောက်ပျက်၏။ ''မြတ်စွာဘုရားသည် သာဝတ္ထိပြည်သို့ ကြွလိုသတတ်''ဟု ထိုဘိက္ခုနီမသည် ကြား၏။ ထိုအခါ ထိုဘိက္ခုနီမအား ''ငါသည် ခုနစ်နှစ်တို့ပတ်လုံး ဝိနည်းကို သင်ယူလျက် မြတ်စွာဘုရားသို့ အစဉ်လိုက်ခဲ့၏၊ ထိုငါ့အား သတိလွတ်သောကြောင့် သင်ယူပြီး သင်ယူပြီးသော ဝိနည်းသည် ပျောက်ပျက်ခဲ့၏။ မာတုဂါမသည် အသက်ထက်ဆုံး မြတ်စွာဘုရားသို့ အစဉ်လိုက်ရန် ခဲယဉ်း၏၊ ငါသည် အဘယ်သို့ ကျင့်ရအံ့နည်း''ဟု အကြံဖြစ်၏။ ထိုအခါ ထိုဘိက္ခုနီမသည် ဘိက္ခုနီမတို့အား ဤအကြောင်းကို ပြောကြား၏၊ ရဟန်းမိန်းမတို့သည် ရဟန်းယောက်ျားတို့အား ဤအကြောင်းကို လျှောက်ကုန်၏၊ ရဟန်းတို့သည် မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ကြကုန်၏။ ရဟန်းတို့ ရဟန်းယောက်ျားတို့သည် ရဟန်း မိန်းမတို့အား ဝိနည်းကို ပို့ချခြင်းငှါ ခွင့်ပြု၏ဟု မိန့်တော်မူ၏။ ပဌမအခန်း ပြီး၏။
top of page
bottom of page
Comments