#ဘုရားဆင်းထုတော်အပေါ်_ရာဂစိတ်ဖြစ်ရခြင်းအကြောင်းရင်း
ဘုရားဆင်းထုတော်များအနက် မြန်မာ့လက်ရာ ဘုရားဆင်းထုတော်အပေါ် ပိုမို ရာဂစိတ် ဖြစ်တတ်ပါသည်။
ရာဂစိတ်ဖြစ်ရခြင်း အကြောင်းရင်းမှာ....
၁။ မုဆိတ်ကြင်စွယ်မပါရှိပဲ အသားအရည် နူးညံ့သိမ်မွေ့နေခြင်း။
၂။ ဘုရားရုပ်ထုတော်အပေါ် ဘုရားတကာများက အတိုင်းထက်အလွန် ဆေးသုပ် အလှဆင်ထားခြင်း
၃။ ဘုရားသွန်းလုပ်သူ ပန်းပုဆရာ၏ လက်ရာ ပြောင်မြောက်ခြင်းတို့ကြောင့် ဘုရားဆင်းထုများအပေါ် ရာဂစိတ် ဖြစ်ပေါ်လာတတ်ပါသည်။
#မုဆိတ်ကြင်စွယ်_မပါရခြင်း_အကြောင်းမှာ
မြန်မာတို့ရဲ့ ရိုးရာ ရုပ်ပုံသာဖြစ်သည့်အတွက် ဘုရားဆင်းထုတော်၌ မုဆိတ်ကြင်စွယ် မပါရှိပါ။
ရှင် ရဟန်းပြုလျင် "ဆံ မုတ်ဆိတ်ကို ရိပ်ပယ်ပြီး၍"ဟု ပါသည့်အတွက်ကြောင့်လည်း ဝိနည်းတော်နဲ့အညီ မုတ်ဆိတ်ကြင်စွယ် မပါရှိရခြင်းသာ ဖြစ်ပါတယ်။
#ဘုရားသွန်း_ပန်းပုဆရာ_လက်ရာမြောက်ခြင်းမှာ
ဘုရားရုပ်ထုတော်ကို မျက်လွှာအောက်ချ သတ္တဝါအနန္တအား မိတ္တာကရုဏာသက်နေပုံ ဖြစ်၍ မျက်နှာတော်မှာ အေးချမ်းသာယာနေခြင်းကြောင့် နူးညံ့သိမ်မွေ့နေသလို ဖြစ်နေတတ်ပါသည်။
ဘုရားကို သွန်းလုပ်သည့်အခါ လက္ခဏာတော်ကြီး ၃၂ ပါးနှင့် လက္ခဏာတော်ငယ် ၈၀ တို့ဖြင့် သွန်းလုပ် ထုဆစ်ရပါသည်။
ဆံမှ အစ ခြေဖျားအထိ လက္ခဏာတော် ကြီးငယ်တို့ဖြင့် တန်ဆာဆင်ထားလျင် အလှဆင်ထားသော အမျိုးသမီးတစ်ဦးနဲ့ တူနေတတ်သည့်အတွက် ဘုရားရှင် ရုပ်ပုံတော်အပေါ် တစ်ချို့က ရာဂစိတ် ဖြစ်ပေါ်လာတတ်ပါသည်။
အရှင် ဝက္ကလိ ရဟန်းတော် မထေရ်မြတ်သည် ဘုရားရှင်၏ ရုပ်ရည် တင့်တယ်စံပါယ်ခြင်းအပေါ် သာယာလျက် မျက်စိမမှိတ် ကြည့်ရှုဖူးမြော်နေသည့်အတွက် ဘုရားရှင်ကိုယ်တော်တိုင် "အပုပ်ကောင်"ဟု တပ်မက်သာယာမှုကင်းအောင် အသုဘကမ္မဋ္ဌာန်းပေးကာ အတင်းအဓမ္မ မောင်းထုတ်လိုက်ရလေသည်။ အရှင်ဝက္ကလိမထေရ်၏ အတွင်းစိတ်ကို မခန့်မှန်းနိုင်ပေမယ့် ဘုရားရှင်၏ ရုပ်ရည်ရူပကာယအပေါ် စွဲလမ်းနှစ်သက်ခဲ့တယ်ဆိုတာကိုတော့ သိနိုင်ပါတယ်။
အရှင် မဟာကစ္စည်းမထေရ်ကို မြင်၍ သောရေယျ သူဋ္ဌေးသားသည် ရေကစားနေရင်း ရဟန်းအပေါ် ရာဂစိတ်ဖြင့် ပြစ်မှားမိ၍ ချက်ချင်း ဝိပါက်လိုက်ကာ မိန်းမဖြစ်သွားပါသည်။
ပုထုဇဉ် သဘာဝမို့ လှပသော ယောက်ျားကို မြင်လျင် ယောက်ျားအချင်းချင်းပင် တပ်မက်စိတ် ဖြစ်ပေါ်လာတတ်သည်က လောကထဲ ရှိနေတတ်ပါသည်။
ပတ်ဝန်းကျင် သူငယ်ချင်းတွေရဲ့ ပြောစကားကို တစ်ခါ ကြားဖူးပါသည်။
"အဲ့ဒီကိုယ်တော်က အရမ်းချောတာပဲ ငါတို့ ယောက်ျားအချင်းချင်းတောင် ချောလွန်းလို့ ချစ်မိတယ် အမျိုးသမီးတွေသာဆိုရင် မချစ်ပဲ နေနိုင်ပါ့မလား"ဆိုတဲ့ ပြောစကားသံကို ကြားဖူးပါသည်။
ဆရာတော်ကြီး တစ်ပါးကလည်း အိန္ဒိယ ဗုဒ္ဓဂယာ စေတီအထဲက ဘုရားဆင်းထုတော်ကို "ကုလားမနဲ့တူးတယ်"ဟု ဦးဇင်းအား ဖွင့်ပြောဖူးပါသည်။ ဦးဇင်းကလည်း "ဘုရားရုပ်ထု ထုလျင် လက္ခဏာတော်ကြီး လက္ခဏာတော်ငယ်တို့ကိုပါ ထည့်သွင်း ထုဆစ်ရသည့်အတွက် မျက်ခုံး မျက်ဆံ မျက်တောင် နခမ်းကအစ အကုန်လုံးက အလှဆင်ထားတဲ့ အမျိုးသမီးတစ်ဦးနဲ့ တူနေရတာပါ"ဟု ပြန်လည် လျှောက်ထားဖူးပါသည်။
သေချာ စစ်ဆေးကြည့်လျင်
လောကမှာ နေရာတကာ မြင်နေကျ ယောက်ျား မိန်းမတို့ရဲ့ လူနေမှု စနစ်ကိုပဲ အကဲခတ်ကြည့်ပါက....
ယောက်ျားသည် အလှဆင် အလှပြင်လေ့ မရှိကြပါ၊
အမျိုးသမီးတိုင်းက အလှဆင် အလှပြင်လျက် နေထိုင်တတ်သည့်အတွက် ဘုရားရုပ်ထု၏ လက္ခဏာတော်ကြီးငယ် ဆေးချယ်ထားသည်နှင့် အလားသဏ္ဌာန် တူနေတတ်ပါသည်။
ကုလားပြည်က ဘုရားထက် မြန်မာပြည်က ဘုရားဆင်ထူးတော်တို့သည် ပိုပြီး ဆေးချယ်ခံရ၍ လက္ခဏာတော်ကြီးငယ် ပေါ်လွင် ပြတ်သားနေတတ်ပါသည်။
#ဘုရားဆင်းထုအပေါ်_ရာဂစိတ်ဖြစ်ပေါ်ပါက_အပြစ်ကျနိုင်_မကျနိုင်ကို_ဆုံးဖြတ်ရလျင်
အရှင်မဟာကစ္စည်းမထေရ်နှင့် သောရေယျ သူဋ္ဌေးသား ဥပမာကိုသာ ပုံနှိုင်းပြရပါမည်။ သို့သော်လည်း ရာဂစိတ်ဖြစ်ပေါ်တိုင်းလည်း အပြစ်ဖြစ်သည်မဟုတ်ဟု ဆိုရပါမည်။
ဥမ္မာဒန္တီ အမျိုးသမီးအပေါ် ရာဂစိတ်ဖြစ်ပေါ်တိုင်းသာ အပြစ်ကျကြမည်ဆိုရင် အပါယ်က တက်လာကြမှာ မဟုတ်ပါဘူး။
တစ်ချို့ အမျိုးသား အမျိုးသမီးတွေက သူများက ကိုယ့်အပေါ် တပ်မက်မှုဖြစ်လာအောင် တမင်တကာ အလှဆင် ဆွဲဆောင် ဆုတောင်းနေတတ်ပါသည်။ တစ်ချို့ဆို ဘဝအဆက်ဆက်က တစ်ဖက်သားအပေါ် တပ်မက်စိတ်ဖြင့် ကြည့်ခဲ့ဖူးသော အကုသိုလ်ကံကြောင့်လည်း ယခုဘဝတွင်ပင် အကြည့်ခံရနိုင်သည့် အဖြစ်မျိုးလည်း ရှိတတ်ပါသည်။
ယောက်ျားပင်ဖြစ်စေ မိန်းမပင်ဖြစ်စေ "လူအများက ငါ့ကို တပ်မက်ပါစေ"ဟူသော စိတ်ဓာတ်မျိုးဖြင့် နှလုံးသွင်းထားလျင် ယင်းပုဂ္ဂိုလ်အပေါ် ရာဂစိတ်ဖြစ်မိပါက အပြစ်မကျနိုင်ပါ။ အစကတည်းကပင် လူအများ၏ ရာဂစိတ် ဖြစ်ပေါ်တတ်မှုအပေါ် ခွင့်လွှတ်ပြီးသားသာဖြစ်သည့်အတွက် အပြစ်မကျနိုင်ပါဟု ဆိုလိုသည်။
ရာဂသည် လောဘဖြစ်၍ လောဘသည် အကုသိုလ်ကံဖြစ်သော်လည်း ပုထုဇဉ်ရဲ့ သဘာဝတရားမို့ အပြစ်ကျသည်ဟု မဆိုသာနိုင်ပါ။
အကယ်၍ ကိလေသာ ကင်းစင်သူ၊ တပ်မက်မှု ကင်းစင်လျက် ဟန်မူရာမနှောသူများနှင့် ငါ့ကို ဘယ်သူမှ ကြိုက်စရာ ချစ်စရာမလိုဟု စိတ်သဘောထားဖြင့် ရိုးရိုးအအ နေထိုင်ပါက သူ့အပေါ် မည်သူမျှလည်း ကြိုက်စိတ် ချစ်စိတ်ဖြစ်ကြမှာ မဟုတ်ပါဘူး။ ရာဂစိတ် ဖြစ်ခံရမိတယ်ဆိုရင်တောင် ဝိပါက် ကံကြမ္မာလို့ပဲ ဆိုရမှာပါ။
'မျက်နှာမြင် ချစ်ခင်ပါစေ၊ အသံကြား သနားပါစေ'ကအစ တပ်မက်ကြပါစေ"ဟု စိတ်ဆန္ဒဖြင့် အဆင်အပြင်အားလုံး၏ အကျိုးပေးမှုသည်ပင် ရာဂစိတ် ဖြစ်ပေါ်မှုများကို တွန်းအားပေးနေသည်။
#ဘုရားဆင်းထုအပေါ်_ရာဂစိတ်_မဖြစ်အောင်_ထိန်းသိမ်းနည်း
ရာဂစရိုက်သည် သဒ္ဓါစရိုက်၏ မကောင်းသော မျိုးကွဲသာဖြစ်သည်။ မလ္လိကာ မိဘုရားသည် သဒ္ဓါရှိသလောက် ရာဂ ထက်သန်သည်၊ ဝိသာခါသည်လည်း သဒ္ဓါရှိသလောက် ရာဂအားကြီးသည်။
ဘုရားဆင်းထုတော်အပေါ် ရာဂစိတ်ဖြစ်ပေါ်ခြင်းသည် မိမိ၏ သဒ္ဓါလွန်ခြင်းအပေါ်မှာလည်း မူတည်နေနိုင်ပါသည်။
မိမိမှာ အမှန်တကယ် သဒ္ဓါစိတ်လွန်ကဲနေသလား ရာဂစိတ်သာ ဖြစ်ပေါ်နေသလားဆိုသည်ကို မိမိကိုယ်တိုင် ဝေဖန်ဆန်းစစ်သင့်သည်။
အကယ်၍ သဒ္ဓါကို အခြေခံ၍ ရာဂစိတ်ဖြစ်ပေါ်လာပါက ဂုဏ်တော်ပွားရပါမည်။
အကယ်၍ ကိလေသာ ကာမရာဂကြောင့်သာ ရာဂစိတ်ဖြစ်ပေါ်ပါက အသုဘကမ္မဋ္ဌာန်းနှင့် ကောဋ္ဌာသ ပွားရပါမည်။
အကယ်၍သာ ဘုရားရုပ်ထု အစွဲအလမ်းအပေါ် ခွဲခြားလျက် ရာဂစိတ် ဖြစ်ပေါ်လာပါက ပန်းချီ ပန်းပုဆရာများ၏ လက်ရာပြောင်မြောက်မှုနှင့် သတ္တဝါအနန္တအပေါ် မေတ္တာသက်နေသည့် အေးချမ်းသော မျက်နှာတော်နှင့်တကွ ဘုရားရှင်၏ လက္ခဏာတော်ကြီး လက္ခဏာတော်ငယ်တို့ဖြင့် တင့်တယ် သပ္ပါယ်စွာ စန်းမြန်နေသည်ဟု အာရုံပြုရပါမည်။
ဘုရားရှင်အပေါ် ရာဂစိတ်ဖြစ်ပေါ်သူတိုင်း အလွယ်ကူဆုံး နည်းလမ်းမှာ ပဋ္ဌာန်းရောင်ခြည်တော်အဖွင့်များဖြင့် ဘုရားရှင်အား နေ့တိုင်း ကန်တော့သင့်ပါသည်။
Canda Kumara
ရဟန္တာအရှင်မြတ်အား ပြစ်မှားခြင်းကြောင့်
မိန်းမဖြစ်ရခြင်း
မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် သောရေယျပြည်၌ သောရေယျမည်သော သူဌေးသားတစ်ဦးသည် ရှိ၏။ တစ်နေ့သောအခါ ထိုသူဌေးသားသည် သူငယ်ချင်းအပေါင်းအပါများနှင့်အတူ ပရိသတ်များခြံရံလျက် ရေကစားဖို့ရန် သောရေယျပြည်မှ မြို့အပြင်သို့ ထွက်ခဲ့လေသည်။
ထိုအချိန်တွင် မြတ်စွာဘုရားရှင်၏ သာသနာတော်၌ ရုပ်ရည်အဆင်းအရာတွင် အသပ္ပါယ်ဆုံး(အလှဆုံး) အဖြစ် ဧတဒဂ်ရတော်မူသော အရှင်မဟာကစ္စည်းမထေရ်သည်လည်း ထိုသောရေယျပြည်ကို ဂေါစရဂါမ်ပြု၍ သီတင်းသုံးနေတော်မူ၏။
သောရေယျသူဌေးသား ရေကစားထွက်လာသည့်
နေ့တွင် အရှင်မဟာကစ္စည်းမထေရ်သည်လည်း
သောရေယျပြည်တွင်းသို့ ဆွမ်းခံဝင်စိမ့်သောငှါ
မြို့အပြင်တွင် သင်္ကန်းရုံ၍ နေတော်မူ၏။ အရှင်မဟာကစ္စည်းမထေရ်၏ လွန်စွာ အဆင်းလှပပုံကို
မြင်မူသော သောရေယျသူဌေးသားသည် ”ဤမထေရ်၏ အဆင်းရူပကာယကား လွန်စွာလှပတော်မူ၏။ ဤမထေရ်သည် ငါ၏မိန်းမ ဖြစ်မူ ကောင်းလေစွ။ ဤမထေရ်၏ အသားအရည်သည်လည်း ငါ့မိန်းမ၏ အသားအရည်ဖြစ်မူကား ကောင်းလေစွ''ဟု မနောကံဖြင့် ပြစ်မှားမိလေသည်။ ထိုပြစ်မှားသော ခဏ၌ပင် သောရေယျသူဌေးသား၌ ယောက်ျားတို့နိမိတ်ပုံသဏ္ဍာန်များ ကွယ်ပျောက်၍ မိန်းမတို့၏ နိမိတ်ပုံသဏ္ဍာန်များ ထင်ရှားလာကာ မိန်းမလုံးလုံး ဖြစ်သွားလေသည်။
ထိုအခါတွင် သောရေယျသည် သောရေယျပြည်သို့ မပြန်ဝံ့တော့ဘဲ တက္ကသိုလ်ပြည်သို့သွားသော လှည်းသားများနှင့်အတူ လိုက်ပါဖို့ရန် လှည့်အနားသို့ ချဉ်းကပ်သွားလေသည်။ လှည်းသားများက လမ်းလျှောက်လာရ၍ ခြေထောက်များ ပေါက်ပြဲနေသော အမျိုးသမီးတစ်ဦးကို မြင်ရာ သနားကရုဏာသက်ဝင်မိ၍ ''ဤအမျိုးသမီးကား မည်သူ၏သမီးဖြစ်သနည်း။ ငါတို့လည်း ဤအမျိုးသမီးကို မသိကြပါလား'' ဟုပြောလေရာ အမျိုးသမီးက ''အရှင်တို့ မပြောကြပါလင့်။ ကိုယ့်လှည်းကိုယ်သာ မောင်းကြပါ။ ကျွန်မသည် ခြေကျင်သာ လျှောက်ပါအံ့''ဟု ဆိုလေသည်။
လမ်းခရီး အတော်အတန် လျှောက်မိလေသောအခါ အမျိုးသမီးသည် လက်စွပ်ကိုပေး၍ လှည်းစီးခွင့်ပေးပါရန် ခွင့်တောင်းရာ လှည်းသားများက ခွင့်ပြုလေသည်။ လှည်းသားများသည် ''ဤအမျိုးသမီးကား ရုပ်ရည်အဆင်းနှင့် ပြည့်စုံ၏။ အသက်အရွယ်အားဖြင့်လည်း ငယ်သေး၏။ တက္ကသိုလ်ပြည်ရှိ ငါတို့၏ သူဌေး၌လည်း မိန်းမ မရှိသေး။ ဤအမျိုးသမီးကို ငါတို့၏ သူဌေးအတွက် ဆောက်ယူသွားသော် ငါတို့လည်း လက်ဆောင်ပဏ္ဏာများစွာ ရလတံ့''ဟု တွေးကာ လှည်းပေါ်သို့ တင်ခေါ်သွားပြီး တက္ကသိုလ်ပြည်ရောက်သောအခါ သူဌေးအား အပ်နှင်းလိုက်လေသည်။
သောရေယျပြည်ရှိ သောရေယျ၏ မိဘများသည်လည်း သောရေယျအိမ်ပြန်မလာသဖြင့် သေပြီဟုထင်ကာ ရက်လည်ဆွမ်းများကပ်၍ အမျှအတန်း ပေးဝေလေသည်။ သောရေယျသူဌေးသားမှ ဖြစ်လာသော အမျိုးသမီးသည် တက္ကသိုလ်ပြည်ရှိ သူဌေးသားနှင့် အိမ်ထောင်ကျရာ သားနှစ်ယောက်ပင် ဖွားမြင်လေသည်။ တစ်နေ့သောအခါတွင် သောရေယျပြည်မှ တခြားသော သူဌေးသားတစ်ယောက်သည် တက္ကသိုလ်ပြည်သို့ ရောက်လာရာ အဆွေခင်ပွန်း ဖြစ်ဖူးသော အမျိုးသမီးက ထိုသူဌေးသားကို မှတ်မိသဖြင့် အိမ်သို့ခေါ်ကာ ဖော်ဖော်ရွေရွေဆက်ဆံပြီး ထမင်းများ တည်ခင်းကျွေးမွေးလေသည်။ ထမင်းများသုံးဆောင်ပြီးသောအခါ၌ အမျိုးသမီးသည် မိမိမှာ အရင်က သောရေယျမည်သော သူဌေးသားဖြစ်ကြောင်း၊ သောရေယျပြည်မှထွက်၍ ရေကစားဖို့ရန်လာစဉ် အရှင်မဟာကစ္စည်းမထေရ်ကို မနောကံဖြင့် ပြစ်မှားမိကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ တစ်ဘဝအတွင်းဝယ် မိန်းမဘဝသို့ ပြောင်းခဲ့ရကြောင်း အလုံးစုံကို ပြောကြားလေရာ သောရေယျပြည်ရှိ သူဌေးသားသည် များစွာစိတ်မကောင်းဖြစ်မိသည်ဖြစ်၍ အရင်ကကဲ့သို့ အမျိုးသားစင်စစ် ပြန်၍ဖြစ်ရန် ကူညီလေသည်။
အရှင်မဟာကစ္စည်းမထေရ်ကို ပြစ်မှားမိသော အမျိုးသမီးသည် လင်ယောက်ျားတို့အား အလုံးစုံပြောပြပြီး တစ်နေ့သောအခါတွင် တက္ကသိုလ်ပြည်တွင်းသို့ ဆွမ်းခံဝင်လာသော အရှင်မဟာကစ္စည်းမထေရ်ကို အိမ်သို့ပင့်ဖိတ်ကာ မနောကံဖြင့် ပြစ်မှားမိသည်များကို အလုံးစုံ လျှောက်တင်ပြီး တောင်းပန်လေသည်။ အရှင်မဟာကစ္စည်းမထေရ်က ခွင့်လွှတ်သည်ဟုပြောသည့်ခဏ၌ပင် အမျိုးသမီး သဏ္ဍာန်များ ကွယ်ပျောက်၍ မူလအမျိုးသားအသွင် ပြန်၍ဖြစ်လေသည်။
မူလအတိုင်း ယောကျာ်းအသွင်ပြန်ဖြစ်လာသော သောရေယျသူဌေးသားသည် လောကီလူ့ဘုံကြီးကို စိတ်ပျက်ငြီးငွေ့လှသည်ဖြစ်၍ သာသနာ့ဘောင်သို့ဝင်ပြီး ရဟန်းပြုသွားလေတော့သည်။ ရဟန်းဘဝရောက်သောအခါ၌ အနီးနေရဟန်းများက အမျိုးသားဘဝက ရခဲ့သော သားနှစ်ယောက်နှင့် အမျိုးသမီးဘဝက ရခဲ့သော သားနှစ်ယောက်တွင် အဘယ်သားနှစ်ယောက်ကို ပို၍ ချစ်ပါသနည်းဟု မေးကြရာ ဝမ်းနှင့်လွယ်၍မွေးခဲ့ရသော အမျိုးသမီးဘဝဖြင့် ရခဲ့သော သားနှစ်ယောက်ကို ပို၍ချစ်ပါသည်ဟု ပြန်ဖြေလေသည်။
ရက်အတန်ကြာသောအခါတွင် သောရေယျရဟန်းသည် ဝိပဿနာတရားများ ဆက်လက် ရှုမှတ်ခြင်းကြောင့် ဉာဏ်စဉ်များတက်လာပြီး တရားရကာ အာသဝေါကုန်ခန်းသော ရဟန္တာပုဂ္ဂိုလ်ဖြစ်သွားလေတော့သည်။ ထိုသို့ရဟန္တာဖြစ်သောအခါ၌လည်း ရှေးနည်းအတူ လာလာမေးကြရာ မည်သည့်သားတို့ကိုမျှ မချစ်တော့ကြောင်း ပြောကြားလေသည်။ ထိုအခါတွင် ရဟန်းတို့သည် သောရေယျရဟန်းကား အရင်က အမျိုးသမီးဘဝဖြင့် ရခဲ့သော သားနှစ်ယောက်ကို ပို၍ချစ်သည်ဟု ဖြေခဲ့၏။ ယခုအခါမှာတော့ မည်သည့်သားတို့ကိုမျှ မချစ်တော့ကြောင်း ဖြေပြန်၏။ မိမိကိုယ်ကိုယ် ရဟန္တာဟု ကြွားဝါခြင်းဖြစ်သည်ဟုထင်ကြကာ မြတ်စွာဘုရားထံ လျှောက်တင်လေသည်။ ထိုအခါ မြတ်စွာဘုရားက သောရေယျရဟန်း ပြောသောစကားများမှာ မှန်ကန်ကြောင်း၊ အမျိုးသမီးဘဝဖြင့် ရခဲ့သော သားနှစ်ယောက်ကို ပို၍ချစ်သည်ဟု ဖြေခဲ့စဉ်က သောရေယျသည် ပုထုဇဉ်မျှသာ ရှိသေးကြောင်း၊ ယခုအခါမှာတော့ သောရေယျရဟန်းမှာ အာသဝေါကုန်ခန်း၍ ရဟန္တာပုဂ္ဂိုလ်ဖြစ်သွားပြီဖြစ်ကြောင်း ထောက်ခံ ဟောပြောလေသည်။ ဤသို့ဖြင့် သောရေယျသူဌေးသားမှသည် သောရေယျရဟန္တာအထိ ဘဝသည် များစွာဆန်းကြယ်လှပေကြောင်း တင်ပြလိုက်ရပေသည်။
မနောကံ၏ အကျိုးတရားများကား လွန်စွာကြောက်စရာကောင်းလှပုံကို ဤဝတ္ထုလာ အရှင်မဟာကစ္စည်းမထေရ်မြတ်အပေါ်၌ မနောကံဖြင့် ပြစ်မှားမိသော သောရေယျသူဌေးသား၏ အဖြစ်ကို ကြည့်လျှင်သိနိုင်ပေသည်။ အကုသိုလ်ပြုစဉ်အခါက အနည်းငယ်ကလေးမျှသာဟု ထင်၍ ပြုခဲ့မိသော်လည်း ထိုအကုသိုလ်အကျိုးကို ပြန်လည်ပေးဆပ်ရသောအခါ၌ အဆမတန် ပြန်လည်ပေးဆပ်ရပုံတို့ကိုလည်း လေ့လာမှတ်သားရပါသည်။ အကုသိုလ်ကံတရားတို့၏ အကျိုးပေးဆန်းကြယ်ပုံတို့ကား လွန်စွာကြောက်စရာကောင်းလှသောကြောင့် အကုသိုလ်ဟူက မြူမှုန်လေးမျှပင် မပြုလုပ်သင့်ပါကြောင်း လေ့လာတင်ပြအပ်ပါသည်။
Credit:
မဟာပုရိသလက္ခဏာ
ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်ကြီးများဖြစ်ကြသော စကြာဝတေးမင်း၊ ဗုဒ္ဓဘုရားတို့၌ ခန္ဓာကိုယ် တစ်ခုလုံးရှိ အမှတ်အသား၊ အကြောင်းနိမိတ်၊ အစိတ်အပိုင်း အင်္ဂါတို့သည် အများတကာတို့နှင့်မတူ ထူးကဲသောလက္ခဏာတော်များရှိလေသည်။ အထူးကဲဆုံးကား မြတ်စွာဘုရားရှင်၏ လက္ခဏာတော်များဖြစ်လေသည်။
လက္ခဏာတော်ကြီးငယ်
လက္ခဏာတော်ကြီးငယ်ဟူသည် သုံးဆယ့်နှစ်ပါးသော လက္ခဏာတော်ကြီး၊ ရှစ်ဆယ်သောလက္ခဏာတော်ငယ်၊ တစ်ရာ့ရှစ်ကွက် စက်လက္ခဏာများဖြစ်သည်။ ယင်းလက္ခဏာတို့ကား စကြာဝတေးမင်း၊ ဗုဒ္ဓဘုရားတို့နှင့်သာ သက်ဆိုင်သော မဟာပုရိသလက္ခဏာတို့ ဖြစ်သည်။ ထိုလက္ခဏာတို့ကို မဟာပုရိသ လက္ခဏာကျမ်းတို့၌ ကျွမ်းကျင် လိမ္မာသော ပညာရှိတို့သည် ဗုဒ္ဓဘုရားမပွင့်မီကပင် သိရှိနားလည်ကြသည်။ ထိုကြောင့် သုဒ္ဓေါဒနမင်းကြီးနှင့် မယ်တော်မာယာတို့မှ ဖွားမြင်သော သိဒ္ဓတ္ထ မင်းသားကို ဘုရားစင်စစ်ဖြစ်လိမ့်မည်ဟု ပုဏ္ဏားတို့က ဟောပြောနိုင်ခြင်း ဖြစ်သည်။ လက္ခဏာခေါ်ဆိုရာ၌လည်း ခန္ဓာကိုယ်တစ်ခုလုံးရှိ အမှတ်အသားတို့ကိုလည်းကောင်း၊ အကြောင်းနိမိတ်တို့ကိုလည်းကောင်း၊ အစိတ်အပိုင်း အင်္ဂါတို့ကိုလည်းကောင်း ခေါ်ဆိုခြင်းဖြစ်သည်။ အကြောင်းကား ထိုအမှတ် အသား၊ အကြောင်းနိမိတ်၊ အစိတ်အပိုင်း အင်္ဂါတို့ကို မြင်သဖြင့် ဤသူကား စကြာဝတေးမင်း ဖြစ်လိမ့်မည်။ ဗုဒ္ဓဘုရားဖြစ်လိမ့်မည်။ မင်းဖြစ်လိမ့်မည်။ အမတ်ဖြစ်လိမ့်မည်။ သူဌေးဖြစ်လိမ့်မည်။ သူကြွယ်ဖြစ်လိမ့်မည်။ သူဆင်းရဲဖြစ်လိမ့်မည်။ အသက်ရှည်လိမ့်မည်၊ တိုလိမ့်မည်။ ဘယ်အခါ သေဆုံးလိမ့်မည် စသည်ဖြင့် ကောင်းကျိုး၊ မကောင်းကျိုးတို့ကို သိရှိ နားလည်သောကြောင့်တည်း။
ထို့ပြင် ကြန်စုံသည်။ ကြန်၊ အင်္ဂါ၊ လက္ခဏာနှင့်ပြည့်စုံသည်။ ဆင်ကြန်၊ မြင်းကြန် စသော စကားတို့၌လည်း လက္ခဏာကိုပင် ကြန်ဟု ခေါ်ဆိုကြသေးသည်။ ယခုအခါ တွေ့မြင်နေရသော လက္ခဏာဆရာတို့သည် လူခန္ဓာ ကိုယ်တစ်ခုလုံးရှိ အမှတ်အသားလက္ခဏာတို့ကို ကြည့်ရှုစစ်ဆေး၍ ကောင်းကျိုး၊ မကောင်းကျိုးကို ဟောပြောကြသည်မဟုတ်၊ လက်ဖဝါးနှစ်ဖက်ရှိ အမှတ်အသား လက္ခဏာတို့ကိုသာ ကြည့်ရှု စစ်ဆေး၍ ဟောပြောနေကြသဖြင့် မပြည့်စုံ၊ သဘာဝမကျ။ အကြောင်းကား ဒီဃနိကာယ် ပါထိကဝဂ် လက္ခဏာသုတ် အစရှိသော ထိုထို ပါဠိအဋ္ဌကထာဋီကာ ဂဏ္ဌိ နိဿယ ဂန္တရ လက္ခဏာခန်းပျို့၊ မဟာပုရိသ လက္ခဏာပျို့၊ စည့်ပါဆရာတော်ရေး သာမုဒြိကပျို့၊ နဝဒေးရေး သာမုဒြိက မော်ကွန်းတို့မှာ မဟာပုရိသလက္ခဏာနှင့် တစ်ပါးသော မိန်းမ ယောက်ျားတို့ လက္ခဏာတို့ကို ပြဆိုရာ၌ လက်ဖဝါး နှစ်ဖက်ရှိ အမှတ်အသား လက္ခဏာတို့ကိုသာ ပြဆိုသည်မဟုတ်၊ ခန္ဓာကိုယ် တစ်ခုလုံးရှိ အမှတ်အသား လက္ခဏာတို့ကိုပါ ပြဆိုထားသောကြောင့်ဖြစ်သည်။ ထိုလက္ခဏာ ခေါ်ဆိုသော စကားမှာ သက်ရှိသက်မဲ့ အလုံးစုံနှင့် သက်ဆိုင်နေသော်လည်း ဤနေရာ၌ကား အလုံးစုံကို ပြဆိုရေးသားနေရန် မဟုတ်၊ မဟာပုရိသ လက္ခဏာကိုသာ ပြဆိုရေးသားရန်ဖြစ်သည်။
သုံးဆယ့် နှစ်ပါးသော လက္ခဏာတော်ကြီး
(၁) သုပ္ပတိဋ္ဌိတပါဒ- ရွှေခြေနင်းကဲ့သို့ ညီညွှတ်စွာ မြေ၌တည်သော ခြေဖဝါးရှိခြင်း။ ယင်းလက္ခဏာကို ရှေးလူမဖြစ်စဉ်အခါ ကုသိုလ်ကောင်းမှုတို့ကို မတွန့်မဆုတ် မြဲမြံစွာဆောက်တည်၍ ပြုခဲ့ဖူးသောကြောင့်ရရှိသည်။ အကျိုး ကား သူတစ်ပါးတို့ မလှုပ်ချောက်ချားနိုင်၊ မဖျက်ဆီးနိုင်။
(၂) စက္ကေနင်္ကိတပါဒ- စကြာရတနာဖြင့် မှတ်သားအပ်သော ခြေဖဝါးရှိခြင်း။ ယင်းလက္ခဏာကို ရှေးလူဖြစ်စဉ်အခါ လူအများချမ်းသာအောင် ဆောင်ရွက်ခြင်း၊ အခြံအရံနှင့်တကွ ပေးလှူခြင်းတို့ကို ပြုဖူးသောကြောင့် ရရှိသည်။ အကျိုးကား အခြံအရံပေါများခြင်း။
(၃) အာယတပဏှီ- ရွှေကျင်ဖုကဲ့သို့ ရှည်၍လုံးသော ခြေ ဖနောင့်ရှိခြင်း။
(၄) ဒီဃင်္ဂုလိ- ရှည်သော လက်ချောင်းခြေချောင်းရှိခြင်း။
(၅) ဗြဟ္မုဇုဂတ္တ- ဗြဟ္မာမင်း၏ ကိုယ်ကဲ့သို့ ဖြောင့်မတ်သော ကိုယ်ရှိခြင်း။ ယင်းလက္ခဏာသုံးပါးကို ရှေးလူဖြစ်စဉ်အခါ သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခဲ့ဖူးသောကြောင့် ရရှိသည်။
(၆) သတ္တုဿဒ- လက်ဖမိုးနှစ်ဖက်၊ ခြေဖမိုးနှစ်ဖက်၊ ပခုံးနှစ်ဖက်၊ လည်ကုပ်၊ ခုနစ်ပါးသောအရပ်တို့၌ (တစ်နည်း) ရင်၊ ညှပ်ရိုး နှစ်ဖက်၊ ပခုံးနှစ်ဖက်၊ လက်နှစ်ဖက်၊ ခုနစ်ပါးသော အရပ်တို့၌ ပြည့်ဖြိုး သော အသားရှိခြင်း။ ယင်းလက္ခဏာကို ရှေးလူဖြစ်စဉ်အခါ မွန်မြတ်သော ဘောဇဉ် ခဲဖွယ်၊ လျက်ဖွယ်၊ သောက်ဖွယ်တို့ကို ပေးလှူခဲ့ဖူးသောကြောင့်ရရှိသည်။ အကျိုးကား မွန်မြတ်သော ဘောဇဉ်၊ ခဲဖွယ်၊ လျက်ဖွယ်၊ သောက်ဖွယ် တို့ကိုရရှိသည်။
(၇) မုဒု တလုန ဟတ္ထပါဒ- နူးညံ့သိမ်မွေ့သော လက်ဖဝါး၊ ခြေဖဝါးရှိခြင်း။
(၈) ဇာလဟတ္ထပါဒ- တိုရှည်မရှိ၊ ညီညွတ်သော လက်ချောင်း၊ ခြေချောင်းရှိခြင်း၊ ယင်းလက္ခဏာနှစ်ပါးကို ရှေးလူဖြစ်စဉ်အခါ
ဒါန- ပေးကမ်းစွန့်ကြဲခြင်း၊
ပိယဝါစာ- ချစ်ဖွယ်သောစကားကိုဆိုခြင်း၊
အတ္ထစရိယ- အကျိုးစီးပွားကိုကျင့်ခြင်း၊
သမာနတ္တတာ- ချမ်းသာ ဆင်းရဲကို မိမိနှင့်အတူထားခြင်း၊ သင်္ဂဟ- ဝတ္ထုလေးပါးတို့ဖြင့် လူအပေါင်းကို ချီးမြှောက် ထောက်ပံ့ဖူးသောကြောင့် ရရှိသည်။ အကျိုးကား ကောင်းစွာ ချီးမြှောက် ထောက်ပံ့အပ်သော ပရိသတ်ရှိသည်။
(၉) ဥဿင်္ခပါဒ- ခြေဖမိုးအထက်၌တည်၍ မြင့်သော ဖမျက်ရှိခြင်း။
(၁ဝ) ဥဒ္ဓဂ္ဂလောမ- လက်ယာရစ်လည်၍ အထက်သို့ အဖျား ကော့တက်သော မွေးညှင်းရှိခြင်း။ ယင်းလက္ခဏာနှစ်ပါးကို ရှေးလူဖြစ်စဉ်အခါ အကျိုးစီးပွားရှိသော စကားကို ပြောဆိုခဲ့ဖူးသောကြောင့်ရရှိသည်။ အကျိုးကား ကြီးကျယ်မြင့် မြတ်သော အကျိုးကို ရရှိသည်။
(၁၁) ဧဏီဇင်္ဃ- ဧဏီ သားကောင်၏ မြင်းခေါင်းကဲ့သို့ ပြည့်ဖြိုးသော မြင်းခေါင်းရှိခြင်း။ ယင်းလက္ခဏာကို ရှေးလူဖြစ်စဉ်အခါ အတတ်ပညာကို ရိုသေစွာ သင်ကြားပေးခဲ့ဖူးသောကြောင့် ရရှိသည်။ အကျိုးကား အသုံးအဆောင် ပရိဘောဂတို့ကို ရရှိသည်။
(၁၂) သုခုမစ္ဆဝိ- အညစ်အကြေးမရှိ၊ နူးညံ့သိမ်မွေ့သော အရေရှိခြင်း။ ယင်းလက္ခဏာကို ရှေးလူဖြစ်စဉ်အခါ ရဟန်း ပုဏ္ဏား ပညာရှိတို့ထံ ဆည်းကပ်၍ ကုသိုလ်၊ အကုသိုလ်၊ အပြစ်ရှိ မရှိ စသည်တို့ကို မေးမြန်းခဲ့ဖူးသောကြောင့် ရရှိသည်။ အကျိုးကား ကြီးကျယ်မြင့်မြတ်သော ပညာရှိသည်။
(၁၃) သုဝဏ္ဏဝဏ္ဏ- သိင်္ဂီနိက္ခ ရွှေအဆင်းရဲ့သို့ အဆင်းရှိခြင်း။ ယင်းလက္ခဏာကို ရှေးလူဖြစ်စဉ်အခါ အမျက်ဒေါသနည်းပါးခြင်း၊ နူးညံ့သိမ်မွေ့သော နေရာထိုင်ခင်း အရုံ စသည်တို့ကို ပေးလှူခဲ့ဖူးခြင်းကြောင့် ရရှိသည်။ အကျိုးကား နူးညံ့သိမ်မွေ့သော အခင်းအရုံ စသည်ကိုရရှိသည်၊
(၁၄) ကောသော ဟိတ ဝတ္ထ ဂုယှ- ဆဒ္ဒန်ဆင်မင်း၏ အင်္ဂါဇာတ်ကဲ့သို့ အအိမ်ဖြင့်ဖုံးလွှမ်းသော အင်္ဂါဇာတ်ရှိခြင်း။ ယင်းလက္ခဏာကို ရှေးလူဖြစ်စဉ်အခါ ကြာမြင့်စွာ ကွဲကွာနေသော အမျိုးအဆွေ ခင်ပွန်းတို့ကို တစ်ပေါင်းတည်းဖြစ်အောင် ပေါင်းစပ် ပေးခဲ့ဖူး သောကြောင့် ရရှိသည်။ အကျိုးကား သားကောင်းများစွာရရှိသည်။
(၁၅) နိဂြောဓပရိမဏ္ဍလ- ပညောင်ပင်၏ အဝန်းကဲ့သို့ အလံနှင့် အရပ် ညီမျှလျက် ဝန်းသောကိုယ်ရှိခြင်း။
(၁၆) အနောနမ ဇဏ္ဏုပရိမသန- ရပ်လျက် မကိုင်းမညွတ်ဘဲ လက်ဖြင့် ပုဆစ်ဒူးကို သုံးသပ်နိုင်ခြင်း။ ယင်းလက္ခဏာနှစ်ပါးကို ရှေးလူဖြစ်စဉ်အခါ လူအပေါင်းကို ချီးမြှောက်ထောက်ပံ့ရာဝယ် ထိုက်တန်သည်၊ မထိုက်တန်သည်ကို ဆင်ခြင်၍ ထိုက်တန်သည့်အလျောက် ချီးမြှောက်ထောက်ပံ့ခဲ့ဖူးသောကြောင့် ရရှိသည်။ အကျိုးကား ပစ္စည်းဥစ္စာနှင့် ပြည့်စုံသည်။
(၁၇) သီဟပုဗ္ဗဍ္ဎကာယ- ခြင်္သေ့မင်း၏ ရှေ့ထက်ဝက် ကိုယ်ကဲ့သို့ ပြည့်ဖြိုးသောကိုယ်ရှိခြင်း။
(၁၈) စိတန္တရံသ- ရေစီးကြောင်းမထင် တပြင်တည်းပြည့်ဖြိုးသော ကျောရှိခြင်း။
(၁၉) သမဝဓက္ခန္ဓ- မုရိုးစည်ကဲ့သို့ ညီညွတ်စွာ လုံးသော ပခုံး လည်ပင်းရှိခြင်း။ ယင်းလက္ခဏာသုံးပါးကို ရှေးလူဖြစ်စဉ်အခါ လူအများ၏ အကျိုးစီးပွားကို အလိုရှိခဲ့ဖူးသောကြောင့် ရရှိသည်။ အကျိုးကား စည်းစိမ်ဥစ္စာ သဒ္ဓါတရား စသည်တို့မှ ဆုတ်ယုတ်ခြင်းမရှိ။
(၂ဝ) ရသဂ္ဂသဂ္ဂီ- အရသာကို ဆောင်ယူနိုင်သောကောင်းသော အကြောရှိခြင်း။ ယင်းလက္ခဏာကို ရှေးလူဖြစ်စဉ်အခါ သတ္တဝါတို့ကို ခဲ တုတ် စသော လက်နက်ဖြင့် မညှင်းဆဲခဲ့ဖူးသောကြောင့် ရရှိသည်။ အကျိုးကား အနာရောဂါ နည်းပါးသည်။
(၂၁) အဘိနီလနေတ္တ- အလွန်ညို(ပြာ) သော မျက်လုံးရှိခြင်း။
(၂၂) ဂေါပခုမ- ဖွားသစ်စ နွားငယ်ကဲ့သို့ နုပျိုသော မျက် မွေးရှိခြင်း။ ယင်းလက္ခဏာနှစ်ပါးကို ရှေးလူဖြစ်စဉ်အခါ လူအပေါင်းကို ချစ်ခင်မြတ်နိုးသော မျက်စိဖြင့် ကြည့်ရှုဖူးသောကြောင့် ရရှိသည်။ အကျိုးကား လူအများတို့ ချစ်ခင်ကြင်နာသည်။
(၂၃) ဥဏှီ သီသ- နားနှစ်ဖက်အကြား၌ တက်ကြွသော အသားလွှာ သင်းကျစ်များဖြင့် ရစ်ပတ်သော ဦးခေါင်းရှိခြင်း။ ယင်းလက္ခဏာကို ရှေးလူဖြစ်စဉ်အခါ ကုသိုလ်ကောင်းမှုတို့၌ အကြီးအမှူး ရှေ့သွားပြုလုပ်ခဲ့ဖူးသောကြောင့်ရရှိသည်။ အကျိုးကား လူ အပေါင်းကို မိမိအလိုသို့ လိုက်စေနိုင်သည်။
(၂၄) ဧကေကလောမ- မွေးတွင်းတစ်ခုတစ်ခု၌ တစ်ချောင်း တစ်ချောင်းစီပေါက်သော မွေးညင်းရှိခြင်း။
(၂၅) ဥဏ္ဏလောမ- မျက်ခုံးနှစ်ခုအလယ်၌ လက်ယာရစ် လည်လျက် အထက်သို့ အဖျားကော့တက်သော ဥဏ္ဏလုံ မွှေးရှင်ရှိခြင်း။ ယင်းလက္ခဏာနှစ်ပါးကို ရှေးလူဖြစ်စဉ်အခါ မဟုတ်မမှန်သော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ခဲ့ဖူးသောကြောင့် ရရှိသည်။ အကျိုးကား လူအပေါင်းသည် မိမိအလိုသို့ အစဉ်လိုက်ရသည်။
(၂၆) စတ္တာလီသဒန္တ- အထက် အောက် နှစ်ဆယ်စီအားဖြင့် သွားလေးဆယ်ရှိခြင်း။
(၂၇) အဝိရဋ္ဌ ဒန္တ- မခေါ မကြဲ ညီညွတ်သော သွားရှိခြင်း။ ယင်းလက္ခဏာနှစ်ပါးကို ရှေးလူဖြစ်စဉ်အခါ သူနှစ်ဦးကွဲပြားသွားအောင် ကုန်းတိုက်သောစကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ခဲ့ဖူးသောကြောင့် ရရှိသည်။ အကျိုးကား သူတစ်ပါး မဖျက်ဆီးနိုင်သော ပရိသတ်ရှိသည်။
(၂၈) ပဟုတဇိဝှ- ရှည်ပြန့်သော လျှာရှိခြင်း။
(၂၉) ဗြဟ္မဿရ- ဗြဟ္မာမင်း၏ အသံကဲ့သို့ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော အသံရှိခြင်း။ ယင်းလက္ခဏာနှစ်ပါးကို ရှေးလူဖြစ်စဉ်အခါ ကြမ်းတမ်းသော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ခဲ့ဖူးသောကြောင့်ရရှိသည်။ အကျိုးကား သူတစ်ပါးတို့ နာယူဖွယ်သော စကားရှိသည်။
(၃ဝ) သီဟ ဟနု- ခြင်္သေ့မင်း၏ မေးကဲ့သို့ တိဝန်းသော မေးရှိခြင်း။ ယင်းလက္ခဏာကို ရှေးလူဖြစ်စဉ်အခါ အကျိုးမရှိသောစကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ခဲ့ဖူးသောကြောင့် ရရှိသည်။ အကျိုးကား ရန်သူတို့ မဖျက်ဆီးနိုင်။
(၃၁) သမဒန္တ- ခရုသင်း ပွတ်သစ်ကဲ့သို့ ဖြူစင် ညီညွတ်သော သွားတော်ရှိခြင်း။
(၃၂) သုသုက္ကဒါဌာ- ခရုသင်း ပွတ်သစ်ကဲ့သို့ ဖြူစင်သော စွယ်တော်လေးချောင်းရှိခြင်း။ ယင်းလက္ခဏာနှစ်ပါးကို ရှေးလူဖြစ်စဉ်အခါ မှားယွင်းသော အသက်မွေးခြင်းမှ ရှောင်ကြဉ်ခဲ့ဖူးသောကြောင့် ရရှိသည်။ အကျိုးကား စင်ကြယ်သော အခြံအရံရှိသည်။
ဤကား ရှေးအခါက ပြုလုပ်ခဲ့ဖူးသော ကောင်းမှုကံ၊ ယင်း ကောင်းမှုကံနှင့်တူစွာ ရရှိသော လက္ခဏာ၊ ယင်းလက္ခဏာ၏ အကျိုးတို့ဖြင့် စုံလင်စွာ ရေးသားအပ်သော ၃၂ ပါးသော လက္ခဏာတော်ကြီးတို့ဖြစ်သည်။
ရှစ်ဆယ်သော လက္ခဏာတော်ငယ်
(၁) စိတင်္ဂလိတာ- စေ့စပ်သော လက်ချောင်းခြေချောင်းရှိခြင်း။
(၂) အနုပုဗ္ဗင်္ဂုလိတာ- အဖျားငယ်၍ အစဉ်အတိုင်းဆွယ်သော လက်ချောင်း ခြေချောင်းရှိခြင်း။
(၃) ဝဓင်္ဂုလိတာ- လုံးသော လက်ချောင်း ခြေချောင်းရှိခြင်း၊
(၄) တမ္ဗနခတာ- နီသောလက်သည်း ခြေသည်းရှိခြင်း။
(၅) တင်္ဂု နခတာ- မြင့်ချွန်သော လက်သည်း ခြေသည်းရှိခြင်း။
(၆) သိနိဒ္ဓနခတာ- သိမ်မွေ့ပြေပြစ်သော လက်သည်း ခြေသည်းရှိခြင်း။
(၇) နိဂုဠှဂေါပ္ဖကတာ- မထင်ရှားသော ဖမျက်ရှိခြင်း။
(၈) သမ ပါဒတာ- ဆယ်ချောင်းလုံး ညီညွတ်သော ခြေ ချောင်းရှိခြင်း။
(၉) ရာဇ သမာနက္ကမတာ- မင်းနှင့်တူသော အသွားရှိခြင်း။
(၁ဝ) သီဟ သမာနက္ကမတာ- ခြင်္သေ့မင်းနှင့်တူသော အသွား ရှိခြင်း။
(၁၁) ဟံသ သမာနက္ကမတာ- ဟင်္သာမင်းနှင့်တူသော အသွားရှိ ခြင်း။
(၁၂) ဥသဘ သမာနက္ကမတာ- နွားမင်း ဥသဘနှင့်တူသော အသွားရှိခြင်း။
(၁၃) ဒက္ခိဏဝဓ ဂတိကာ- လက်ယာရစ်လည်သော အသွားရှိ ခြင်း။
(၁၄) သမန္တတော စာရုဇဏ္ဏုမဏ္ဍလတာ- ထက်ဝန်းကျင် တင့် တယ်သော ပုဆစ်ဒူးဝန်းရှိခြင်း။
(၁၅) ပရိပုဏ္ဏ ပုရိသ ဗျဉ္ဇနတာ- ပြည့်စုံသော ယောက်ျားမြတ် ၏ အင်္ဂါဇာတ်ရှိခြင်း။
(၁၆) အစ္ဆိဒ္ဒ နာဘိတာ- အရေးအကြောင်း မပေါက်ပြတ်သော ချက်ရှိခြင်း။
(၁၇) ဂမ္ဘီရ နာဘိတာ- တွင်းနက်သော ချက်ရှိခြင်း။
(၁၈) ဒက္ခိဏာဝဓ နာဘိတာ- အရေးအကြောင်း လက်ယာရစ် လည်သော ချက်ရှိခြင်း။
(၁၉) ဒွိရာဇကရ သဒိသ ဦရုဘုဇတာ- ပိုးနသန်ခွေနှင့်တူသော ပေါင်နှစ်ဖက် ထက်ဝယ်ဖွဲ့ခွေခြင်း။
(၂ဝ) သုဝိဘတ္တ ဂတ္တတာ- ကောင်းစွာ ဝေဖန်အပ်သော ကိုယ် ရှိခြင်း။
(၂၁) အနုပုဗ္ဗ ဂတ္တတာ- အစဉ်အတိုင်းတက်သောကိုယ်ရှိခြင်း။
(၂၂) မဋ္ဌဂတ္တတာ- ပြေပြစ်သော ကိုယ်ရှိခြင်း။
(၂၃) အနူနာနုဏ္ဏတ သမ ဂတ္တတာ- မရှိုက် မဖြိုးညီညွတ် သော ကိုယ်ရှိခြင်း။
(၂၄) အလီန ဂတ္တတာ- မတွန့်မလိပ်သော ကိုယ်ရှိခြင်း။
(၂၅) တိလကာဒိ ဝိရဟိတ ဂတ္တတာ- မှဲ့မည်းစသည်မှကင်း သော ကိုယ်ရှိခြင်း။
(၂၆) အနုပုဗ္ဗ ရုစိရ ဂတ္တတာ- အစဉ်အတိုင်း ပြိုးပြိုးပြက်သော ကိုယ်ရှိခြင်း။
(၂၇) သုဝိသုဒ္ဒ ဂတ္တာ- အထူးသဖြင့် စင်ကြယ်သော ကိုယ်ရှိ ခြင်း။
(၂၈) ကောဋိသဟဿ ဟတ္ထိဗလ ဓာရဏတာ- ကုဋေတစ် ထောင်သော ကာဠာဝကဆင်မျိုး၏အားကို ဆောင်နိုင်သော အားရှိခြင်း။
(၂၉) သုဝဏ္ဏ တင်္ဂု နာသတာ- ရွှေချွန်းကဲ့သို့ မြင့်ချွန်းသော နှာခေါင်းရှိခြင်း။
(၃ဝ) ရတ္တဒွိဇ မုခတာ- နီမြန်းသော နှုတ်ခမ်းရှိခြင်း။
(၃၁) သုဒ္ဓ ဒန္တတာ- စင်ကြယ်သော သွားရှိခြင်း။
(၃၂) သိနိဒ္ဒ ဒန္တတာ- ပြေပြစ်သောသွားရှိခြင်း။
(၃၃) ဝိသုဒ္ဓိန္ဒြိယတာ- အထူးသဖြင့် စင်ကြယ်သော စက္ခု စသော ဣန္ဒြေရှိခြင်း။
(၃၄) ဝဓဒါဌတာ- လုံးသော စွယ်တော် ရှိခြင်း။
(၃၅) ဝဓောဋ္ဌတာ- လုံးသော နှုတ်ခမ်းရှိခြင်း။
(၃၆) အာယတ ဝဒနိတာ- ကျယ်ပြန့်သော နှုတ်ခမ်းရှိခြင်း။
(၃၇) ဂမ္ဘီရ ပါဏိ လေခတာ- နက်သော ထင်ရှားသော လက် ကြားအရေးရှိခြင်း။
(၃၈) အာယတ လေခတာ- ရှည်သော လက်ကြားအရေးရှိ ခြင်း။
(၃၉) ဥဇုက လေခတာ- ဖြောင့်သော လက်ကြားအရေးရှိခြင်း။
(၄ဝ) သုရုစိ သဏ္ဌာနလေခတာ ချင်သဏ္ဌာန်လက်ကြား အရေးရှိခြင်း။
(၄၁) ပရိမဏ္ဍလ ကာယပ္ပဘာ ဝန္တတာ- အဝန်းညီသော တစ်လံမျှကိုယ်ရောင်ရှိခြင်း။
(၄၂) ပရိပုဏ္ဏကပေါလတာ- ပြည့်ဖြိုးသော ပါးရှိခြင်း။
(၄၃) အာယတ ဝိသာလ နေတ္တတာ- ရှည်ကျယ်သော မျက် ကွင်းရှိခြင်း။
(၄၄) ပဉ္စပ္ပသာဒဝန္တ နေတ္တတာ- အဆင်းငါးပါးရှိသော ကြည် ညိုဖွယ်သော မျက်စိရှိခြင်း။
(၄၅) အာကုဉ္စိတဂ္ဂ ဘမုကတာ- ကွေးညွတ်၍ တက်သော မျက်မှောင်ရှိခြင်း။
(၄၆- ၄၇) မုဒုတနုက ရတ္တ ဇိဝှတာ- နူးညံပါးလွှာသော နီမြန်း သော လျှာရှိခြင်း (ဤ၌ မုဒုတနုကဇိဝှတာ- နူးညံ့ ပါး လွှာသော လျှာရှိခြင်း၊ ရတ္တဇိဝှတာ- နီမြန်းသော လျှာရှိ ခြင်း နှစ်ပါးခွဲယူလျှင် ကောင်း၏။)
(၄၈- ၄၉) အာယတ ရုစိ ကဏ္ဏတာ- ရှည်သော နှစ်လိုဖွယ် သော နားရှိခြင်း၊ (နှစ်ပါးယူသည်။)
(၅ဝ) နိဂဏ္ဍ သိရတာ- ထွတ်မြင်းနာ ကင်းသော ဦးခေါင်းရှိ ခြင်း။
(၅၁) နိဂုဠှသိရတာ- နိမ့်ရှိုင်း မရှိသော ဦးခေါင်းရှိခြင်း။
(၅၂) ဝိစ္ဆိဒ္ဒနိရဝ သိရတာ- အစုတ်အပြတ်မရှိသော ဦးခေါင်းရှိ ခြင်း။
(၅၃) အာယတ ပုထုလ နလာတ သောဘတာ- ရှည်ကျယ် သော နဖူးပြင်၏ တင့်တယ်ခြင်း။
(၅၄) သုသဏ္ဌာန ဘမုကတာ- ကောင်းသော သဏ္ဌာန်ရှိသော မျက်မှောင်ရှိခြင်း။
(၅၅) သုသဏ္ဌာန ဟရ ဘုမကတာ- ကောင်းသော သဏ္ဌာန် ကိုဆောင်သော မျက်မှောင်ရှိခြင်း။
(၅၆) အနုလောမ ဘမုကတာ- ညွတ်ညွတ် တက်သော မျက် မှောင်ရှိခြင်း။
(၅၇) သုခုမာလ ဂတ္တတာ- သိမ်မွေ့သော ကိုယ်ရှိခြင်း။
(၅၈) အတိဝိယ သောဘ ဂတ္တတာ- အလွန်ငြိမ်းချမ်းသော ကောင်းသော ကိုယ်ရှိခြင်း။
(၅၉) အတိဝိယ ဥဇ္ဇလိတ ဂတ္တတာ- အလွန်ထွန်းပသော ကိုယ်ရှိခြင်း။
(၆ဝ) ဝိမလ ဂတ္တတာ- အညစ်အကြေးကင်းသော ကိုယ်ရှိခြင်း။
(၆၁) ကောမလ ဂတ္တတာ- နူးညံ့သောကိုယ်ရှိခြင်း။
(၆၂) သိနိဒ္ဓ ဂတ္တတာ- သိမ်မွေ့ပြေပြစ်သောကိုယ်ရှိခြင်း။
(၆၃) သုဂန္ဓ ဂတ္တတာ- မွှေးကြိုင်သော ကိုယ်ရှိခြင်း။
(၆၄) သမ လောမတာ- ညီညွတ်သော မွေးည|င်းရှိခြင်း။
(၆၅) ကောမလ လောမတာ- နူးညံ့သော မွေးည|င်းရှိခြင်း။
(၆၆) ဒက္ခိဏာဝဓလောမတာ- လက်ယာရစ်လည်သော မွေး ည|င်းရှိခြင်း။
(၆၇) ဘိန္နကဉ္စ နဂသိရိ နီလ လောမတာ- ပေါက်ကွဲသော ရွှေ တောင်၏ အသရေကဲ့သို့ ဦးခေါင်းတော်၌ ရောက်သော ညိုသောမွေးညှင်းရှိခြင်း။
(၆၈) ဝဓက လောမတာ- လုံးသော မွေးညှင်းရှိခြင်း။
(၆၉) သိနိဒ္ဓ လောမတာ- သိမ်မွေ့သော မွေးညှင်းရှိခြင်း။
(၇ဝ) အတိသုခုမ အဿာသ ပဿာသဓာရဏတာ- အလွန် သိမ်မွေ့သော ထွက်သက်ဝင်သက်ကိုဆောင်သော ကိုယ်ရှိ ခြင်း။
(၇၁) သုဂန္ဓ မုဒ္ဓတာ- အလွန်မွှေးကြိုင်သော ဦးထိပ်ရှိခြင်း။
(၇၂) သုနီလ ကောသတာ- ကောင်းစွာ မည်းနက်သော ဆံပင် ရှိခြင်း။
(၇၃) ဒက္ခိဏာဝဓ ကေသတာ- လက်ယာရစ်လည်သော ဆံပင် ရှိခြင်း။
(၇၄) သုသဏ္ဌာန ကေသတာ- ကောင်းသောသဏ္ဌာန်ရှိသော ဆံပင်ရှိခြင်း။
(၇၅) သိနိဒ္ဓ ကေသတာ- သိမ်မွေ့သော ဆံပင်ရှိခြင်း။
(၇၆) သဏ္ဌာန ကေသတာ- ကောင်းစွာတည်သော ဆံပင် ရှိခြင်း၊
(၇၇) အလုလိတ ကေသတာ- မရောရှက်သော ဆံပင်ရှိခြင်း။
(၇၈) သမ ကေသတာ- ညီညွတ်သော ဆံပင်ရှိခြင်း။
(၇၉) ကောမလ ကေသတာ- နူးညံ့သော ဆံပင်ရှိခြင်း။
(၈ဝ) ကေတု မာလာ ရတန ဝိစိတ္တတာ- ဦးထိပ်တော်၌ အရောင်စုံတူသော ကေတုမာလာဖြင့် ဆန်းကြယ်ခြင်း။
ဤကား ရှစ်ဆယ်သော လက္ခဏာငယ်တို့ဖြစ်သည်။ ယင်း လက္ခဏာငယ်တို့ကား တစ်ကျမ်းနှင့် တစ်ကျမ်း အဆိုမညီ ကွဲလွဲလျက် ရှိသော်လည်း ဋီကာအစောင်စောင်၊ ဂဏ္ဍိဝိနိစ္ဆယ ဂန္ထန္တရအစားစားကို ကြည့်ရှု နှိုင်းချိန်ကာ ဆုံးဖြတ်ကာထားသော သမန္တ စက္ခုဒီပနီကျမ်းကို မူထား၍ ရေးသားဖော်ပြအပ်သတည်း။
တစ်ရာ့ရှစ်ကွက် စက်လက္ခဏာ
(၁) သတ္တိ- လှံမ၊ (၂) သိရိဝစ္ဆေ- အိမ်မွန်၊ (ကျက်သရေ တိုက်)၊ (၃) နန္ဒိယာဝဓ- ဇလပ်ပန်း၊ (၄) သောဝတ္တိက- လည်ရေး သုံး ဆင့်၊ (၅) ဝဋံသက- ဦးဆောက်ပန်း၊ (၆) ဝဍ္ဎမာန- ထမင်းပွဲ၊ (၇) ဘဒ္ဒပီဌ- အင်းပျဉ်၊ သလွန်၊ (၈) အင်္ကုသ- ချွန်း တောင်း၊ (၉) ပါသာဒ- ပြာသာဒ်၊ (၁ဝ) တောရဏ- တုရိုင်တိုင်၊ (၁၁) သေတဆတ္တ - ထီးဖြူ၊ (၁၂) ခဂ္ဂ- သန်လျက်၊ (၁၃) တာလဝဏ- ထန်းရွက်ယပ်၊ (၁၄) မယူရဟတ္ထ- ဥဒေါင်းမြီးယပ်၊ (၁၅) စာမရိဟတ္ထ- စာမရီသား မြီးယပ်၊ (၁၆) ဥဏှီသ- သင်းကျစ်၊ (၁ရ) ပတ္တ- မြသပိတ်၊ (၁၈) မဏိ- ပတ္တမြား၊ (၁၉) ကုသုမဒါမ- မုလေး ပန်းကုံး၊ (၂ဝ) နီလုပ္ပလ - ကြာညိုပန်း၊ (၂၁) သေတုပ္ပလ- ကြာဖြူပန်း၊ (၂၂) ရတ္တုပ္ပလ- ကြာနီပန်း၊ (၂၃) ပဒုမ- ပဒုမ္မာ ကြာပန်း၊ (၂၄) ပုဏ္ဍရိက- ပုဏ္ဍရိက် ကြာပန်း၊ (၂၅) ပုဏ္ဏဃဋ- ရေပြည့်အိုး၊ (၂၆) ပုဏ္ဏပါတိ- ရေပြည့် ဖလား၊ (၂၇) သမုဒ္ဒ- သမုဒ္ဒရာလေးစင်း၊ (၂၈) စက္ကဝါဠ- စကြဝဠာ တောင်၊ (၂၉) မေရု- မြင်းမိုရ်တောင်၊ (၃ဝ) သူရိယမဏ္ဍလ- နေစက် ဝန်း၊ (၃၁) စန္ဒမဏ္ဍလ- လစက်ဝန်း၊ (၃၂) နက္ခတ္တ- နက္ခတ်၊ (၃၃) ပုဗ္ဗဝိဒေဟ- အရှေ့ကျွန်း၊ (၃၄) အပရဂေါယာန- အနောက်ကျွန်း၊ (၃၅) ဇမ္ဗုဒီပ- တောင်ကျွန်း၊ (၃၆) ဥတ္တရကုရု- မြောက်ကျွန်း၊ (၃၇) စက္ကဝတ္တိ- စကြဝတေးမင်း၊ (၃၈) ဒက္ခိဏာဝဓသင်္ခ- လက်ယာရစ် ခရုသင်း၊ (၃၉) သုဝဏ္ဏပစ္ဆယုဂ- ရွှေငါးကြင်းအစုံ၊ (၄ဝ) စက္ကဝုဓ- စက်လက်နက်၊ (၄၁) သုပဏ္ဏရာဇာ- ဂဠုန်မင်း၊ (၄၂) သံသုမာရ- မိချောင်းမင်း၊ (၄၃) ဓဇပဋာက- တံခွန် ကုက္ကား မုလေးပွား၊ (၄၄) သုဝဏ္ဏသိဝိကာ- ရွှေသန်လျှင်း၊ (၄၅) သုဝဏ္ဏ ဝါလဗီဇနီ- ရွှေသား မြီးယပ်၊ (၄၆) ကေလာသပဗ္ဗတ- ကေလာသငွေတောင်၊ (၄၇) သီဟ ရာဇာ- ခြင်္သေ့မင်း၊ (၄၈) ဗျဂ္ဃရာဇာ- ကျားမင်း၊ (၄၉) ဝလာဟက အဿရာဇာ- ဝလာဟကမြင်းပျံ၊ (၅ဝ) ဥပေါသထ ဆဒ္ဒန္တ နာဂရာဇာ- ဥပေါသထဆင်မင်း၊ ဆဒ္ဒန်ဆင်မင်း၊ (၅၁) ဗာသုကီ နာဂရာဇ- ဗာသုကီ နဂါးမင်း၊ (၅၂) ဟံသရာဇာ- ရွှေဟင်္သာမင်း၊ (၅၃) ဥသဘရာဇာ- နွား လား ဥသဘမင်း၊ (၅၄) ဧရာဝဏ- ဧရာဝဏ်ဆင်မင်း၊ (၅၅) သုဝဏ္ဏ မကာရ- ရွှေမကာရ်း၊ (၅၆) စတုမုခ- လေးကျွန်းသားတို့ မျက်နှာလေး မျိုး၊ (၅၇) သုဝဏ္ဏနာဝါ- ရွှေလှေ၊ (၅၈) သဝစ္ဆက ဓေနု- သားငယ် နှင့်နွားမ၊ (၅၉) ကိံပုရိသ- ကိန္နရာဖို၊ (၆ဝ) ကိံပုရိသီ- ကိန္နရာမ၊ (၆၁) ကရဝိက- ကရဝိက်ငှက်မင်း၊ (၆၂) မယူရရာဇာ- ဥဒေါင်းမင်း၊ (၆၃) ကောဉ္စရာဇာ- ကြိုးကြာငှက်မင်း၊ (၆၄) စက္ကဝက္က ရာဇာ- စက္က ဝက်ငှက်မင်း၊ (၆၅) ဇီဝ ဇီဝကရာဇာ- ဇီဝဇိုးငှက်မင်း၊ (၆၆) စာတု မဟာရာဇိက- ဟာတုမဟာရာဇ်နတ်ပြည်၊ (၆၇) တာဝတိံသာ- တာဝတိံ သာနတ်ပြည်၊ (၆၈) ယာမာ- ယာမာနတ်ပြည်၊ (၆၉) တုသိတာ- တုသိ တာနတ်ပြည်၊ (၇ဝ) နိမ္မာနရတိ- နိမ္မာနရတိ နတ်ပြည်၊ (၇၁) ပရနိမ္မိတ ဝသဝတ္တိ- ပရနိမ္မိဘ ဝသဝတီနတ်ပြည်၊ (၇၂) ဗြဟ္မပါရိ သဇ္ဇာ- ဗြဟ္မ ပါရိ သဇ္ဇာ ဗြဟ္မာပြည်၊ (၇၃) ဗြဟ္မပုရောဟိတာ- ဗြဟ္မပုရောဟိတာ ဗြဟ္မာပြည်၊ (၇၄) မဟာဗြဟ္မာ- မဟာဗြဟ္မာပြည်၊ (၇၅) ပရိတ္တာဘာ- ပရိတ္တာဘာ ဗြဟ္မာပြည်၊ (၇၆) အပ္ပမာနာဘာ- အပ္ပ မာနာဘာ ဗြဟ္မာ ပြည်၊ (၇၇) အာဘဿရာ- အာဘဿရာ ဗြဟ္မာပြည်၊ (၇၈) ပရိတ္တသုဘာ - ပရိတ္တ သုဘာ ဗြဟ္မာပြည်၊ (၇၉) အပ္ပ မာဏာ သုဘာ- အပ္ပမာဏာ သုဘာ ဗြဟ္မာပြည်၊ (၈ဝ) သုဘကိဏှာ- သုဘကိဏှာ ဗြဟ္မာပြည်၊ (၈၁) ဝေဟပ္ဖလာ- ဝေဟပ္ဖလာ ဗြဟ္မာပြည်၊ (၈၂) အသညသတ္တာ- အသည သတ္တာဗြဟ္မာ ပြည်၊ (၈၃) အဝိဟာ- အဝိဟာ ဗြဟ္မာပြည်၊ (၈၄) အတပ္ပါ - အတပ္ပါဗြဟ္မာပြည်၊ (၈၅) သုဒဿာ- သုဒဿာဗြဟ္မာပြည်၊ (၈၆) သုဒ ဿီ- သုဒဿီဗြဟ္မာပြည်၊ (၈ရ) အကနိဋ္ဌာ- အကနိဋ္ဌာဗြဟ္မာပြည်၊ (၈၈) ယုဂန္ဓရ- ယုဂန္ဓိုရ် တောင်၊ (၈၉) ဤသံဓရ- ဤသံဓရတောင်၊ (၉ဝ) ကရဝိက- ကရဝိ တောင်၊ (၉၁) သုဒဿန- သုဒဿနတောင်၊ (၉၂) နေမိန္ဓရ- နေမိန္ဓရ တောင်၊ (၉၃) ဝိနတက- ဝိနတကတောင်၊ (၉၄) အဿကဏ္ဏ- အဿ ကဏ္ဏတောင်၊ (၉၅) အနောတတ္တ- အနောတတ်အိုင်၊ (၉၆) ကဏ္ဏမုဏ္ဍ- ကဏ္ဏမုဏ္ဍအိုင်၊ (၉၇) ရထကာရ- ရထကာရအိုင်၊ (၉၈) ဆဒ္ဒန္တ- ဆဒ္ဒန္တအိုင်၊ (၉၉) ကုဏာလ- ကုဏာလအိုင်၊ (၁ဝဝ) မန္ဒာကိနီ- မန္ဒာကိနီအိုင်၊ (၁ဝ၁) သီဟပ္ပပါတ - သီဟပ္ပပါတအိုင်၊ (၁ဝ၂) လဝဏသီတာ- ဆားငန်ရေသီတာ၊ (၁ဝ၃) ဥစ္ဆုသီတာ- ကြံရေ သီတာ၊ (၁ဝ၄) သုရာသီတာ- သေရည် သီတာ၊ (၁ဝ၅) သာမိ သီတာ- အမှုခပ်သိမ်းပြီးစေသော သီတာ၊ (၁ဝ၆) ဒဓိသီတာ- နို့ဓမ်းမလိုင် သီတာ၊ (၁ဝ၇) ဒုဒ္ဓသီတာ- နို့ရည်သီတာ၊ (၁ဝ၈) ဇလသီတာ- ရေချိုသီတာ ။ ဤကားတရား ရှစ်ကွက်စက်လက္ခဏာတို့ဖြစ်သည်။ ယင်း လက္ခဏာတို့ကား မြတ်စွာဘုရား၏ ခြေဖဝါးတော်၌ရှိသော လက္ခဏာတို့တည်း။
ကိုးကား
သုတ္တန်ပိဋကတ်
Comments