top of page
Writer's pictureCanda Kumara

မာရ် (၅) ပါး

မာရ်ငါးပါး """"""""""""""" `မာရ်´ ဟူသော ပါဠိစကား၏ အနက်မှာ `သေခြင်း´ဟူ၍ ဖြစ်သည်။ ပါဠိဓာတ်ကျမ်းများက `မရ ၊ ပါဏစာဂေ ၊ မရဓာတ်သည် အသက်ကို စွန့်စေခြင်း အနက်၌ ဖြစ်၏။´ဟု ဆိုသည်။ ပါဠိအင်္ဂလိပ် အဘိဓာန်များက `မာရ´ကို Death သေခြင်းဟု ဖွင့်ဆိုကြသည်။ `မာရ၊ မာရ´ဟူသည် သေခြင်းကို ဆိုလိုပေသည်။ `မာရဓမ္မ´ဟူသည် သေခြင်းတရားပင်ဖြစ်သည်ဟူ၍ ဖွင့်ပြတော်မူထားသည်။ သို့ဖြစ်၍ သက်ရှိသတ္တဝါများ သေခြင်း၊ သေစေခြင်းကို `မာရ...မာရ်´ဟုခေါ်ကြောင်း လက်ရင်းကျကျ မှတ်သားရသည်။ သတ္တဝါများ သေရခြင်း၏ အကြောင်း၊ သေခြင်း မကင်းရသည့် အကြောင်းများကို ရှာကြည့်သော် ငါးမျိုး တွေ့ရသည်။ ၁။ဒေဝပုတ္တ မာရ် = မာရ်နတ် ၂။ကိလေသ မာရ် = ကိလေသာဆယ်ပါး ၃။အဘိသင်္ခါရ မာရ် = ပြုပြင်စီရင်မှု ၄။ခန္ဓ မာရ် = ခန္ဓငါးပါး ၅။မစ္စု မာရ် = သေခြင်းတရားတို့ဖြစ်သည်။


(၁) ဒေဝပုတ္တ မာရ် = မာရ်နတ် မာရ် (၅)ပါးမှာ တစ်ခုတည်းသော သက်ရှိ မာရ်ဖြစ်သည်။ ကျန်သော မာရ်တို့မှာ သက်မဲ့ မာရ်များသာဖြစ်သည်။ ဒေဝပုတ္တ မာရ် = ဒေဝပုတ္တ ( နတ်သား ) + မာရ် (သေအောင် သတ်တတ်တဲ့ ) = "သေအောင် သတ်တတ်သည့် နတ်သား" ဟု အဓိပ္ပာယ်ရသည်။ နတ်ပြည် ၆-ထပ်၏ အပေါ်ဆုံးထပ် (ပရနိမ္မိတ ၀သဝတ္တီ နတ်ပြည် - ကာမဂုဏ်ကို အလိုရှိတိုင်း ပြီးစေသော ဘုံ) မှ နတ်ဆိုးတစ်ဦး ဖြစ်သည်။ ပရနိမ္မိတ ၀သဝတ္တီ နတ်ပြည်၏ နတ်မင်းကြီးက ၀သဝတ္တီ နတ်မင်းကြီး ဖြစ်သည်။ ၃၁-ဘုံလုံးတွင် သူတန်ခိုးကြီးသည်။ ကာမဂုဏ်ဆိုသည် သတ္တဝါတွေ အတွက် မိမိကပဲ ဖန်ဆင်းပေးထားတာမျိုး အထင် ရောက်နေသူများလည်းဖြစ်သည်။ ထို့ကြောင့် သတ္တဝါတွေ သံသရာမှာ ဘဝမျိုးစုံ ကျင်လည်ရင်း မိမိဖန်တီးပေးထားသည့် လောကီအာရုံ ကာမဂုဏ်တွေကို ခံစားနေကြခြင်းကို ကြိုက်နှစ်သက်သည်။ ထို့ကြောင့် ကာမဂုဏ်ကို စွန့်ပယ်ရန် ရည်ရွယ်ကာ နည်းလမ်းမှန်မှန်ဖြင့် တရားဟောမည့် ဘုရားလောင်းများကို အနှောက်အယှက် ပေးလေ့ရှိသည် ။ ထို့အပြင် ရဟန်းဖြစ်ဖြစ်၊ လူဖြစ်ဖြစ် တစ်စုံတစ်ယောက် သံသရာ ပြတ်ကြောင်း ကျင့်ကြံနေပြီဆိုလျှင် ကာမဂုဏ်မျိုးစုံနှင့် နှောက်ယှက် တတ်သည်။ မာရ်နတ် = "သတ်ဖြတ်သူ ၊ ညှဉ်းပန်းနှိပ်စက်သူ" ဟုလည်း ခေါ်နိုင်သည်။

(၂) ကိလေသမာရ် = ကိလေသာဆယ်ပါး

ကိလေသာဟူသည် ရယူလက်ခံထားသူရဲ့ စိတ်နှလုံးကို ပူလောင်ဆင်းရဲအောင် နှိပ်စက်တတ်သည့် တရားများပင် ဖြစ်သည်။ ထိုကိလေသာ ရှိနေသမျှ သံသရာတွင်းမှ မလွတ်ဘဲ တဝဲလည်လည် ကျင်လည်ပြီး သေပြီးရင်း သေနေရဦးမည်ဖြစ်သဖြင့် ကိလေသာကိုလည်း သတ်တတ်သည့် မာရ်ဟုပင်ခေါ်သည်။ ကိလေသာ အကျဉ်း(၁၀)ပါး ရှိသည်။ လောဘ = လိုချင်တပ်မက်ခြင်း ဒေါသ = အမျက်ထွက်ခြင်း (စိတ်ထဲမှာ တနှံ့နှံ့ဖြင့် အသားထဲ ဆူးဝင်သလို မျက် နေခြင်း၊ စိတ်ထဲမှာပဲ တင်းပြီး မပေါက်ကွဲသေးတဲ့ အဆင့် ၊ physically (အပြင်ပန်းအားဖြင့်) ဘာမှ မလုပ်သေးသည်ကို "ကောဓ (အမျက်)" ကောဓ အပြင်ထွက်ပေါက်ကွဲခဲ့လျှင် "ဒေါသ" ဖြစ်သည်။ (ထို့ကြောင့် ကဏ္ဍဇာတ်တော်တွင် ကဏ္ဍရသေ့ကြီးက ကောဓ မဖြစ်ရပါလို၏။ ဒေါသ မဖြစ်ရပါလို၏ဟု ခွဲပြီး ဆုတောင်းအဓိဌာန်ပြုခဲ့ခြင်းဖြစ်သည်။) မောဟ = တွေဝေမိုက်မဲခြင်း( မောဟရဲ့ သဘောကို ဗုဒ္ဓဘာသာလူငယ်တွေ ရောထွေးနေတတ်ပါတယ်။ အဝိဇ္ဇာနဲ့ မောဟ ဘာကွာလဲ ဆိုတာမျိုး မေးရင် မသိတာ ဆိုတာပဲ ပြောနိုင်ကြတယ်။ ဆရာတော်ဘုရားများ ဟောကြားတဲ့ အရှင်းဆုံးကတော့ သစ္စာ(၄)ပါးကို မသိခြင်းဟူသည် "အဝိဇ္ဇာ"ဖြစ်သည်။ အဝိဇ္ဇာက ဒိဋ္ဌိနှင့် နွှယ်ပါသည်။ ကိုယ်လုပ်နေတာကို သတိမကပ်ဘဲ စိတ်ပျံ့လွင့် ဥဒ္ဓစ္စဖြစ်ကာ တွေတွေဝေဝေ ငေးငေးငိုင်ငိုင်ဖြင့် လုပ်နေခြင်း။ ကိုယ်လုပ်နေသည့် လုပ်ရပ်ကို ကုသိုလ်၊ အကုသိုလ်ဟု ခွဲခြားမသိခြင်း၊ မြတ်စွာဘုရားကို ဤပုဂ္ဂိုလ်သည် ဧကန်မုချ "ဘုရား ဟုတ် မဟုတ်"ဆိုသည်ကို ဝိစိကိစ္ဆာဖြစ် မဆုံးဖြတ်နိုင်ခြင်းမှာ "မောဟ"ဖြစ်သည်။ သစ္စာမသိခြင်းလောက်လည်း အဆင့်မမြင့်ပါ။ သစ္စာမသိလျှင်သံသရာလည်မည်၊ မောဟများလျှင် အပယ်လားမည်။ အလှူ လှူသော်လည်း မည်ကဲ့သို့ လှူသင့်သည်ကို မသိ၊ ဒီအလှူက ဘာကုသိုလ်ရမည်ကိုလည်း မသိပဲ လှူနေခြင်းကို မောဟဖုံးလွှမ်းခြင်းဟု ဆိုသည်။ မောဟ၏ တွေဝေမှုမှာ Action က ရှိနေသည်။ မည်သို့ လှူပါက ကုသိုလ်ရမှန်းကိုလည်း သိသည်။ ကုသိုလ်ရအောင်လှူပြီးသော အခါမှ ဒီကောင်းမှုကြောင့် နတ်ဖြစ်ရပါလို၏ဟု ဆုတောင်းလိုက်သောအခါ အဝိဇ္ဇာ ပါသွားပါပြီ ဖြစ်သည်။ ဒုက္ခသစ္စာကို မသိသောကြောင့် နောက်သမုဒယသစ္စာကို လိုချင်တာမျိုးဟု ဆိုရမည်ဖြစ်သည်။ နောက်ဥပမာ- လူတစ်ယောက် အတိတ်ကို တွေးမိလျှင် ဒေါသဖြစ်မည်။ ထိုကြောင့် ဘာမှ ပြန်မရတောသည့် အတိတ်ကို မတွေးပါနှင့်။ အနာဂတ်ကိုတွေးရင် လောဘ ဖြစ်မည်။ အနာဂတ်က မရောက်သေးသောကြောင့် ဖြစ်၊ပျက် သံသရာမှာ ကြိုတင်ပြီး လောဘစိတ် မထားပါနှင့်။ ပစ္စုပ္ပန်တွင် မောဟဖြင့် မနေနှင့်ဟု ဆရာတော်များ ဆုံးမလေ့ရှိပါတယ်။ သတိနဲ့ ကုသိုလ်၊အကုသိုလ်ခွဲခြားနိုင်သော ပညာရှိနေခြင်းသည် မောဟကင်းခြင်းပင် ဖြစ်သည်။ ပညာ မြင့်လာခြင်းဖြင့် သစ္စာတရားများကို သိမြင်လာလျှင် အဝိဇ္ဇာပါ ကင်းလာပါမည်။ မောဟ၏ တွေဝေမှုမှာ Action ကရှိနေပါဦးမည်။ ထိန မိဒ္ဓ ကဲ့သို့ ငိုက်နေခြင်းမျိုးတော့မဟုတ်သေးပါ။ မာန = ထောင်လွှားခြင်း(မာန ဆိုသည်မှာ မာန်ပင်ဖြစ်သည် ။ မာန်တက်နေသည်။ မာနကြီးနေသည်) မာန်(မာန) (၃)မျိုး ရှိသည် ။ (၁)သေဋ္ဌမာန် = "ငါသည်သာ လူများတကာထက် သာလွန် မြင့်မြတ်၏"ဟု မာန်တက်ခြင်း။ (၂)သဒိသမာန် = ထီပေါက်၍ သူဋ္ဌေးဖြစ်သွားခြင်း၊ စာမေးပွဲအောင်၍ အတန်းမြင့်သွားခြင်း၊ ရာထူး ဂုဏ်ထူးရ၍ မိမိထက် သာလွန်မြင့်မြတ်သူများနှင့် အဆင့်တန်းတူသွား၍ "ငါနှင့် တန်းတူသည်"ဟု မာန်တက်ခြင်း။ (၃)ဟိနမာန် = "ငါကား နိမ့်၏၊ သို့သော် မည်သူ့ကိုမျှ ဂရုစိုက်ရန် မလို"ဟု မာန်တက်ခြင်းတို့ဖြစ်သည်။ မာန်တက်ရန် (၃) ချက် ။ (၁)ဇာတိမာန် = ဇာတ်ကို စွဲ၍ မာန်တက်ခြင်း (၂)ဣဿရိယ မာန် = အစိုးရခြင်းကို စွဲ၍ မာန်တက်ခြင်း (၃)ဂေါတ္တမာန် = အမျိုးအနွယ်ကို စွဲ၍ မာန်တက်ခြင်းတို့ဖြစ်သည်။ ဒိဋ္ဌိ (မိစ္ဆာ ဒိဋ္ဌိ) = အယူမှားခြင်း (မှားသော အယူရှိသော တိတ္ထိ) (မိစ္ဆာဒိဋ္ဌိ အယူ ၆၂-ပါး)။ ဒိဋ္ဌိကြီး လေးပါး သမ္ဗုဒ္ဓဝါဒနှင့် ဆန့်ကျင်သော တရား ၄-ပါး။ (၁) အကိရိယဒိဋ္ဌိ - ကောင်းမှု မကောင်းမှု၊ ကုသိုလ် အကုသိုလ် ခေါ်သော အကြောင်းတရားစု ပြုမှုတို့ကို ပယ်သောအယူ၊ (၂) နတ္ထိကဒိဋ္ဌိ- ကောင်းမှု မကောင်းမှုတို့၏ ကောင်းကျိုး မကောင်းကျိုးဟူသည်မရှိ၊ လူသေက လူ့ဘဝ နတ်ဘဝ အပါယ်ဘဝဟူ၍မရှိ၊ မရောက်၊အပြီးအပြတ်ဟူသော ဝါဒမျိုး၊ (၃) အဟေတုကဒိဋ္ဌိ- ကောင်းမှု မကောင်းမှု ပြုချင်ရာပြု၊ ကုသိုလ် အကုသိုလ်အရာသို့မရောက်၊ သူ့အသတ်သတ်နိုင်သည်၊ သူ့ဥစ္စာခိုးနိုင်သည်၊ စသော အကြောင်းအကျိုး နှစ်မျိုးလုံးကို ပယ်သည့်ဝါဒ၊ (၄) နိယတမိစ္ဆာဒိဋ္ဌိ- အကိရိယဒိဋ္ဌိ၊ နတ္ထိကဒိဋ္ဌိ၊ အဟေတုကဒိဋ္ဌိ ၃- ပါးတို့တွင် တစ်ပါးပါးကိုမြဲမြံစွာ စွဲလမ်းယူထားသော ဝါဒ။ ဒိဋ္ဌိသည် ရှစ်ပါးသော တရားတို့ကို အမှီပြုပြီး ဖြစ်တတ်သည်။ ခန္ဓာ အဝိဇ္ဇာ ဖဿောစ ၊ သညာ တက္ကော အယောနိသော ဒုမ္ပိတ္တော၊ ပရသော ဃောသော ဒိဋ္ဌိဌာနာနိ အဋ္ဌဓာ …ဟူ၍ (က) ခန္ဓာ ကိုယ်နဲ့ ပတ်သက်၍ ၎င်း ၊ (ခ) သစ္စာ (၄) ပါး နဲ့ ပတ်သက်၍ ၎င်း ၊ (ဂ) အတွေ့အထိနဲ့ ပတ်သက်၍ ၎င်း ၊ (ဃ) မှတ်သားမှုနဲ့ ပတ်သက်၍ ၎င်း ၊ (င) အကြံအစည်နဲ့ ပတ်သက်၍ ၎င်း ၊ (စ) နှလုံးသွင်းမှုနဲ့ ပတ်သက်၍ ၎င်း ၊ (ဆ) မိုက်မဲသူများနှင့် ပေါင်းသင်းမိ၍၎င်း ၊ (ဇ) သူတပါး၏ တရားစကားနဲ့ ပတ်သက်၍ ၎င်း ဒိဋ္ဌိ ဖြစ်လာပါတယ်။ ဝိစိကိစ္ဆာ =တွေးတော ယုံမှားခြင်းသဘော (သို့လော သို့လော စိတ်နှစ်ခွ ဖြစ်ခြင်း သဘော) (ဝိစိကိစ္ဆာသည်လည်း ရှစ်ပါးသော တရားတို့အပါ်တွင် အမှီပြုပြီး ဖြစ်တတ်သည်။ (က) ဘုရားရှင်၏ ၃၂-ပါးသော လက္ခဏာတော်များ၊ ဉာဏ်တော်များနဲ့ ပတ်သက်၍ ၎င်း ၊ (ခ) သစ္စာ (၄) ပါး၊ မဂ်၊ ဖိုလ်၊ နိဗ္ဗာန်သည် သံသရာမှ တကယ် လွတ်/မလွတ်နဲ့ ပတ်သက်၍ ၎င်း ၊ (ဂ) အရိယာပုဂ္ဂိလ်နဲ့ ပတ်သက်၍ ၎င်း ၊ (ဃ) သီလ၊ သမာဓိ၊ ပညာဟူသော သိက္ခာ (၃) ပါးနဲ့ ပတ်သက်၍ ၎င်း ၊ (င) အတိတ်၌ ခန္ဓာ ၊အာယတန ဖြစ်/မဖြစ်နဲ့ ပတ်သက်၍ ၎င်း ၊ (စ) အနာဂတ်၌ ခန္ဓာ ၊အာယတန ဖြစ်/မဖြစ် နဲ့ ပတ်သက်၍ ၎င်း ၊ (ဆ) သံသရာ တစ်လျှောက်လုံး ခန္ဓာ၊ အာယတန ဖြစ်/မဖြစ် နှင့် ပေါင်းသင်းမိ၍၎င်း ၊ (ဇ) ပဋိစ္စသမုပ္ပါဒ် တရားတော်နဲ့ ပတ်သက်၍ ၎င်း ဝိစိကိစ္ဆာ ဖြစ်လာသည်။ ဒိဋ္ဌိ နဲ့ ဝိစိကိစ္ဆာကို ပယ်သတ်နိုင်သူဟာ သောတာပန် ပုဂ္ဂိလ်ဖြစ်ပြီး ဖြစ်သည်။ ထိနမိဒ္ဓ = ထိုင်းမှိုင်းခြင်း ၊ ငိုက်မျဉ်းခြင်း (မြွေ ဘဝမှ ဖြစ်လာသော သူများတွင် ထိနမိဒ္ဓ များသည်ဟု ဘုရားရှင်က ပုဏ္ဏား(၄)ယောက်ကို ဥပမာပြပြီး ဟောခဲ့ဖူးသည်။) ဥဒ္ဓစ္စ = စိတ်ပျံ့လွင့်ခြင်း ။ အဟိရိက = မကောင်းမှုလုပ်ရခြင်းကို မရှက်ခြင်း ။ အနောတ္တပ္ပ = မကောင်းမှု လုပ်ခြင်းကို မကြောက်ခြင်း ။ ၎င်းတို့မှာ ကိလေသာ (၁၀)ပါး (အပြား ၁၅၀၀)ဖြစ်သည်။ ကိလေသာကို အမျိုးအစားအားဖြင့်လည်း ခွဲလို့ရပါသေးသည်။ ကိလေသာ (၃)မျိုး (၁) ဝိတိက္ကမ ကိလေသာ - အာရုံ (၅)ပါး ကို နှစ်သက်တွယ်တာ ၍ ကာယကံ ၊ ၀စီကံ ၊ မနောကံ တို့ဖြင့် လောဘ ၊ ဒေါသ အလျောက် ဖောက်ပြန်ကျူးလွန်စေတတ်မှု ။ ( သီလ စောင့်ထိန်းခြင်းဖြင့် တားဆီရန် ) (၂) ပရိယုဌာန ကိလေသာ - မနော ဒွာရ၌ ထကြွသောင်းကျန်းတတ်သည့် ကိလေသာ ။ ( သမထ ဘာဝနာကျင့်ကြံ ခြင်းဖြင့် တားဆီးရန် ) (၃) အနုသယ ကိလေသာ - သံသရာတလျှောက် အစဉ်ကိန်းအောင်းနေခဲ့ပြီး အခါအခွင့် သင့်သောအခါ ပေါ်ထွက်လာပြီး ဖောက်ပြန်ကျုးလွန်တတ်သော ကိလေသာ ။ (ဝိပဿနာ ဘာဝနာအားထုတ် ခြင်းဖြင့် အမြစ်ဖြုတ် ပယ်သတ်ရန်) ဘုရားရှင်တို့ အောင်မြင်သော မာရ် (၅)ပါးတို့တွင် ကိလေသမာရ် သည် အဓိက ရန်သူကြီးဖြစ်သည်။ အရဟတ္တမဂ်၏ တန်ခိုးဖြင့်သာ အမြစ်ပြတ် အောင်နိုင်ပါမည်။


(၃) အဘိသင်္ခါရ မာရ် = ပြုပြင်စီရင်မှု


ပြုလုပ်ကျင့်ကြံ အားထုတ်ထားသော ကုသိုလ်ကံ ၊ အကုသိုလ်ကံတွေကို ဆိုလိုခြင်းဖြစ်သည်။ ကုသိုလ်ကံကြောင့် ကောင်းရာ သုဂတိ ရောက်မည်။ အကုသိုလ်ကံကြောင့် မကောင်းရာ ဒုဂ္ဂတိဘဝရောက်မည်။ မည်သည့်ဘဝသို့ ရောက်စေကာမူ သေရဦးမည်ဖြစ်သောကြောင့် ကုသိုလ်ကံ၊ အကုသိုလ်ကံတို့မှာလည်း တဖန် သေမည့် ဘဝကိုရအောင် ပြုလုပ်ရာ ရောက်နေသော သတ်တတ်သော၊ သေစေတတ်သော မာရ်ပင် ဖြစ်သည်။


သင်္ခါရ တရားကို (၃) မျိုး ခွဲနိုင်သည်။


(၁) ပုညာဘိ သင်္ခါရ = မဟာကုသိုလ်၊ ရူပကုသိုလ် စေတနာစု၊ လူ့ဘုံ၊ နတ်ဘုံ၊ ရူပ ဗြဟ္မာ ဘုံရောက်ရန် ပြုပြင်သော သင်္ခါရ။

(၂) အပုညာဘိ သင်္ခါရ = အကုသိုလ်စိတ် (၁၂)ခု နှင့်ယှဉ်သော စေတနာစု၊ အပါယ် (၄)ဘုံ အတွက် ပြုပြင်သော သင်္ခါရ။

(၃) အာနဥ္ဇာဘိ သင်္ခါရ = အရူပ ကုသိုလ် (၄)ခု နှင့် ယှဉ်သော စေတနာစု၊ အရူပ ဗြဟ္မာ ဘုံရောက်ရန် ပြုပြင်သော သင်္ခါရ။

ကုသိုလ်ကံ၊ အကုသိုလ်ကံ ဆိုသည်မှာ လူသား (ဝါ) သတ္တဝါ၏ ကာယ၊ ဝါစာ၊ ဉာဏ လုပ်အားတို့ပင်ဖြစ်ပေသည်။ အဘိဓမ္မာ သဘောအရဆိုပါကလည်း ကံသည် စေတနာပဲ ဖြစ်သည်။


ပဋ္ဌာန်းမှာ ကမ္မပစ္စယော တိ - ကုသလာကုသလံ၊ ကုသိုလ် အကုသိုလ်ဖြစ်သော။ ကမ္မံ၊ ကံသည်။ ဝိပါကာနံ၊ အကျိုးဖြစ်ကုန်သော။ ခန္ဓာစ၊ နာမ်ခန္ဓာ တို့အား၎င်း။ ကဋတ္ထာစ ရူပါနံ၊ ကမ္မဇ ရုပ်တို့အား၎င်း။ ကမ္မပစ္စယေန၊ ကမ္မပစ္စည်း (ကမ္မအကြောင်း) ဖြင့်။ ပစ္စယော၊ ကျေးဇူးပြုသည်။ ဟောတိ၊ ဖြစ်၏။


စေတနာ၊ စေတနာသည်။ သမ္ပယုတ္တကာနံ၊ ယှဉ်ဖက်ဖြစ်ကုန်သော။ ဓမ္မာနံစ၊ တရားတို့အား၎င်း။ တံသမုဋ္ဌာနာနံ၊ ထိုစေတနာကြောင့် ဖြစ်ကုန်သော။ ရူပါနံစ၊ စိတ္တဇရုပ်တို့အား၎င်း။ ကမ္မပစ္စယေန၊ ကမ္မပစ္စည်း(ကမ္မအကြောင်း) ဖြင့်။ ပစ္စယော၊ ကျေးဇူးပြုသည်။ ဟောတိ၊ ဖြစ်၏။ …ဟုဆိုသည်။


အောက်ပါ ကံ (၄) ချက် ပေါ်မူတည်ပါသည်။


ကံ၊ ကံ ၏ အကျိုး ဖြစ်ထွန်းမှုကို အတိုချုပ်ရရင်-

၁- ချက်ချင်းလက်ငင်း အကျိုး ပေးသော ( ဒိဋ္ဌဓမ္မ ဝေဒနိယ ကံ )

၂- နောင်ဘဝမှ အကျိုးပေးသော ( ဥပပဇ္ဇဝေဒနိယ ကံ )

၃- ချက်ချင်းလက်ငင်း ယခုဘဝရော၊ နောင်ဘဝမှာပါ အကျိုး မပေးသေးဘဲ၊ တတိယ ဘဝမှသည် ကံပိုင်ရှင် ထိုလူသား နိဗ္ဗာန် မရသေးမီ ကြားကာလ တချိန်ချိန်တွင် အကျိုး ပေးမည်။ (အပရာပရိယ ဝေဒနိယ ကံ )

၄- ချက်ချင်းလက်ငင်းလည်း အကျိုးပေးခွင့်မရ ဘဲ ကြာလာရာမှ အခြားအင်အားကြီးကံ တခုခုရဲ့ ဖျက်ဆီးခြင်း ခံလိုက်ရသော (အဟောသိကံ) …တို့ဖြစ်သည်။


အဘိဓမ္မာနည်းအရ ဝီထိ တစ်ခုတွင် ပါဝင်သောဇော (၇) ကြိမ် အနက် ပထမဇောစိတ်ဖြင့် ယှဉ်သော စေတနာကံသည် ဒိဋ္ဌဓမ္မအကျိုး ပေးမည်။ သတ္တမ (၇) ဇောစိတ်နဲ့ ယှဉ်သော စေတနာကံ သည် ဥပပဇ္ဇဝေဒနိယ (ဒုတိယဘဝ) အကျိုး ပေးမည်။ အလယ်ဇော (၅) ခုသည် အပရာပရိယ ဝေဒနိယအကျိုး ပေးမည်။ ထိုကံတို့ မရင့်ကျက်နိုင်လျှင် အဟောသိကံ ဖြစ်သွားမည်။


(က)မကောင်းသော ကံများ ရှိသော်လည်း ကောင်းသောကံ အားကြီးစေရန် ကိုယ်တိုင် ပြန်လည်စီရင်နိုင်သည်။ ( ဥပမာ - အရှင် အင်္ဂုလိမာလ လူသတ်မှု အကုသိုလ်ကံများမှာ ရဟန္တာဘဝကို အကျိုးပေးခွင့် မရဘဲ အဟောသိကံ ဖြစ်သွားသည်။)


(ခ) ကောင်းသောကံများ ရှိသော်လည်း မကောင်းသောကံ အားကြီးလွန်းသော အခါ အကျိုးပေးခွင့်မရ နိုင်ရန် တားဆီးခြင်းငှာ မတတ်နိုင်တော့ပေ။ (ဥပမာ - ပထမသံဃာယနာ၏ ဒါယိကာ ဘုရင် အဇာတသတ် အဖကို သတ်သည့် အကုသိုလ်ကြောင့် ဘုရားအား ကြည်ညိုသည့် ပုထုဇဉ်တွေထဲတွင် အသာဆုံး ဖြစ်သော်လည်း လောဟကုမ္ဘီ ငရဲတွင် လူနှစ် (၆၀၀၀၀) ခံရရှာဦးမည်။ သို့သော် ငရဲက လွတ်သောအခါ ဝိစိတာဝီ မည်သော ပစ္စေကဗုဒ္ဓ ဖြစ်မည်။)


အရေးကြီးသည်မှာ အကုသိုလ် လုပ်မိလျှင် မတိုးပွားအောင် တိုတိုဖြတ်၊ သို့မှသာ အကျိုးပေးခွင့်မရဘဲ အဟောသိကံ ဖြစ်သွားကြမည်။ ကုသိုလ် လုပ်လျှင် တိုးပွားအောင် အားဆင့်ပေး၊ သို့မှသာ ကောင်းကျိုးပေးခွင့် ရမည်။ ဒါပေမယ့် ပြုလုပ်တဲ့ ဒါန၊ သီလ၊ ကံတွေ အပေါ်မှာ လိုချင်တပ်မက်သည့် တဏှာ မကပ်ငြိရပါ။

သို့မှာသာ အဘိသင်္ခါရ မာရ်အား အသိဖြင့် တားနိုင်မည်။ အရဟတ္တမဂ်၏ တန်ခိုးဖြင့်သာ အဘိသင်္ခါရ မာရ်ကို အမြစ်ပြတ်အောင် နိုင်မည်။


(၄)ခန္ဓမာရ် = ခန္ဓငါးပါး

ခန္ဓမာရ် ဆိုရာ၌ ခန္ဓာကိုယ် ရှိနေသမျှ ထိုခန္ဓာကိုယ်သည် သေရမည် အမှန်ပင်၊ ခန္ဓာကိုယ် မရှိတော့မှ သေရခြင်း ကင်းမည်၊ သို့ဖြစ်၍ ခန္ဓာကိုယ်သည်လည်း သေရခြင်း အကြောင်းတစ်ရပ် ဖြစ်ပေသည်။ ထို့ကြောင့် ခန္ဓမာရ်၊ ခန္ဓာတည်းဟူသော သေမှုသေခင်း တစ်ရပ်ဟု ဆိုပေသည်။


(၅)မစ္စုမာန် = သေခြင်းတရား မစ္စုဟူသည်မှာ သေခြင်းဟု အဓိပ္ပာယ်ရသည်။ သေခြင်းအတွက် အကြောင်းပြချက် မျိုးစုံရှိသည်။ အခြားသော ဘာသာဝင် တွေကလည်း ဘာကြောင့်သေရသည်ကို အမျိုးမျိုး အကြောင်းပြကြသည်။ အခြားသော ဘာသာများ၏ သေခြင်းအပေါ် သုံးသပ်ချက်တွေကို မတင်ပြလိုပါ။ ဗုဒ္ဓဘာသာ အလိုတွင်မူ မွေးလို့ သေရသည်။ မသေလိုလျှင် နောက်တဖန် မွေးဖွားခြင်းမခံရစေရန် ယခုဘဝအား နောက်ဆုံး မွေးဖွားခံရခြင်း ဖြစ်အောင် ကြိုးစားကြရမည် ဟုဆိုသည်။ မွေးဖွားလာလျှင် အကြောင်း (၄) ချက်ကြောင့် ပြန်သေကြရသည်။ ၎င်းတို့မှာ- (၁) အာယုက္ခယ = အသက်တမ်းကုန်၍ သေခြင်း ။ (ဖယောင်းတိုင် ဖယောင်းသားကုန်၍ မီးငြိမ်းရခြင်း ) (၂) ကမ္မက္ခယ = ကံကုန်၍သေခြင်း၊(ဖယောင်းတိုင် မီးစာကြိုးကုန်၍ မီးငြိမ်းရခြင်း) (၃) ဥဘယက္ခယ = အသက်တမ်းနဲ့ ကံကုန်၍ သေခြင်း၊ (ဖယောင်းတိုင် မီးစာကြိုးရော၊ ဖယောင်းသားပါ ကုန်၍ မီးငြိမ်းရခြင်း) (၄)ဥပစ္ဆေဒက = အသက်တမ်းနဲ့ ကံရှိသေးသော်လည်း အခြား ကံက သတ်ဖြတ်၍ သေခြင်း (လေပြင်းတိုက်သောကြောင့် မီးငြိမ်းရခြင်း) …တို့ဖြစ်ပါတယ်။ မည်သို့ဆိုစေ သေခြင်းကို သတ္တဝါတို့ ကြောက်ကြသည်။ ကြောက်ရခြင်းမှာလည်း သေခြင်း၏ နှိပ်စက်တတ်သော အချက် (၄)ချက်ကြောင့် ဖြစ်သည်။ (၁) မိမိ၏ ချစ်သူ၊ ခင်သူ မိသားစုများနဲ့ အပြီးတိုင် ခွဲခွာရမည်ကို ကြောက်ခြင်း။ တဖန် ကိုယ်တိုင်က သေမှာကို မကြောက်သလို ဖြစ်နေသော်လည်း မိမိနဲ့ ခွဲခွာရမည်ကို ပူဆွေး ငိုကြွေးနေကြသော မိသားစုဝင်များကို ကြည့်ပြီး သနားကာ မိမိသေမှာကို ကြောက်လာခြင်း။ (၂) မိမိ၏ အမြတ်တနှိုး သုံးစွဲခဲ့သော သိမ်းဆည်းစုဆောင်းခဲ့ရသော ဥစ္စာ ပစ္စည်းများကို ခင်တွယ်၍ အပြီးတိုင် စွန့်လွတ်ရမည်ကို တွေးပြီး ကြောက်ခြင်း ၊ (၃) သေခါနီး ဖြစ်ပေါ်တတ်သော ဝေဒနာများကို တွေး၍ ကြောက်ခြင်း၊ (၄) သေပြီးလျှင် လားရာဂတိ မသေချာသောကြောင့် ပူပန်ကြောက်ရွံ့ခြင်း …. တို့ဖြစ်သည်။ သေခါနီး သတ္တဝါတွင် ဆိုးဝါးလွန်းသော ဝေဒနာများ ခံစားရလေ့ရှိသည် ဆို၏။ လူတစ်ယောက်၏ နောက်ဆုံး အချိန်တွင် သေဆုံးသွားအောင် နှိပ်စက်သော ဝေဒနာတို့သည် လေ (၃)မျိုးကြောင့် ဖြစ်လာရသည် ဆို၏။ (မှတ်ချက်။ ။ပုံမှန် အချိန်တွင် လေ (၆)မျိုးရှိသည်။ အကျယ် အားဖြင့် လေမျိုး (၈၀) ဆိုတာလည်း ရှိသေးတယ်) ထို သေစေသော လေ (၃)မျိုး မှာ (၁) သတ္ထက ဝါတ - ဓားငယ်နှင့် တူသော လေ (ကိုယ်တွင်း၌ ဓားငယ်ဖြင့် မွှန်းနေသကဲ့သို့ နာကျင်စေသော လေ) (၂)ခုရက ဝါတ - သင်တုန်းဓားနှင့် တူသော လေ (အူ၊ အသည်းများကို ပိုင်းဖြတ်နေ သကဲ့သို့ နာကျင်စေသော လေ) (၃) ဥပလ္လက ဝါတ - နှလုံးသားကိုပင် အပြင်ထုတ်ပစ်နိုင်လောက်အောင် ပြင်းထန်စွာ တွန်းကန်သော လေ (ဝမ်းတွင်းမှ အူ၊ ကလီစာများ၊ ချီးနုများပါ အပြင် ထွက်ကျလာအောင် နာကျင်စေသော လေ) ဤလေများကို ကြံ့ကြံ့ခံနိုင်ရန် ဝေဒနာနုပဿနာ ကို လေ့ကျင့်ကြရသည်။ https://my.wikipedia.org/wiki/%E1%80%9C%E1%80%B1%E1%80%9B%E1%80%B1%E1%80%AC%E1%80%82%E1%80%AB?wprov=sfla1 သေခြင်းနှင့် ပတ်သက်လျှင် အကြောင်းအရာ အများကြီး ဖြစ်သည်။ တစ်ခြား ဘာသာဝင်များအနေဖြင့် သေခြင်းကို အောင်နိုင်ရန် သေကြည့်ရမယ် ပြီးလို့ ပြန်ရှင်လာမယ်ဆိုရင် သေခြင်းကိုအောင်နိုင်ပြီလို့ ဆိုကြပါတယ်။ ဗုဒ္ဓဘာသာ အလိုအရကတော့ ရုပ်နာမ်တို့၏ ချုပ်ငြိမ်းရာ၊ နိရောဓဖြစ်နေတဲ့ အသစ်တစ်ဖန် မွေးဖွားခြင်း၊ သေဆုံးခြင်း ကင်းရာ နိဗ္ဗာန်ကို အရဟတ္တဖိုလ်ဖြင့် ဆိုက်ရောက်ရခြင်းဟာ သေခြင်းမာရ်ကို အောင်နိုင်ခြင်းပင် ဖြစ်သည်။


https://ucandakumara.wixsite.com/canda/post/မ-ရ-၅-ပ




436 views0 comments

Recent Posts

See All

ဆုတောင်း အမျှဝေ

ဆုတောင်း၊ အမျှဝေ ဆုတောင်း ဤသို့ပြုရ မြတ်ပုညကြောင့် ချမ်းမြအေးကြည် ဘေးမဲ့မည်သည် ရွှေပြည်ထုတ်ချောက် လမ်းမကောက်ပဲ ရောက်ရပါလို ထိုထိုဘဝ...

Comentários


bottom of page