သာသနာ့ဝန်ထမ်း ရဟန်းတော်များ မိုးရာသီအတွင်း တရားဓမ္မဖြင့် ခိုအောင်း ပျော်မွေ့ရာ Rain retreats အခါသမယ၊ လသုံးလ၏ အစ ပထမနေ့တွင် ဘုရားရှင်၏ ဥရုဝေလ ကျင့်စဉ် ကိုယ်တွေ့ ဓမ္မကို ဥရုဝေလတော အတွင်း အတူတကွ သီတင်းသုံးခဲ့ဖူးသော ပဉ္စဝဂ္ဂီ ငါးပါးပေါင်းစုနေ ရဟန်းတော်တွေကို ဗာရဏသီ ဣသိပတန သာရနာထ် မိဂဒါဝုန်တော၌ ပထမဦးစွာ ဓမ္မစက္ကပဝတ္တနသုတ် တရားတော်မြတ်ကို ဟောကြားခဲ့ပါသည်။
အလောင်းတော်သည် ကဆုန်လပြည့် မေလ၌ ဘုရားဖြစ်ပြီးနောက် နံယုန်လကုန် ဝါဆိုလတွင် ဗာရဏသီသို့ ကြွချီတော်မူကာ နားလည်လွယ်နိုင်သော ရဟန်းတော်များအား ဟောကြားခဲ့သည်မှာ....
#ဘုရားရှင်
၁။ ငါ ကျင့်ခဲ့တာကို သင်တို့ မြင်ခဲ့ကြတယ်။
၂။ ငါ တရားမရပဲ ပင်ပန်းခံခဲ့တာကိုလည်း သင်တို့ မြင်ခဲ့ကြတယ်။
၃။ ဝီရိယအင်္ဂါလေးပါး မယုတ်လျှော့အောင် တရားကျင့်ခဲ့လို့ အရိုးနဲ့ အရေသာ ကြွင်းကျန်နေခဲ့တာကိုလည်း သင်တို့ မြင်ခဲ့ကြတယ်။
၄။ လျှာဖျား အာထောက်၊ တက်ခေါက် ကျင့်ခဲ့လို့ လူများတကာ မကျင့်နိုင်တဲ့ ဒုက္ကရစရိယမည်ခေါ် ခက်ခဲ့တဲ့အကျင့်ကို ငါ ကျင့်ခဲ့တာကိုလည်း သင်တို့ မြင်ခဲ့ကြတယ်။
၅။ ဒါပေမယ့် ငါ ဘုရားမဖြစ်ခဲ့ဘူး။
#ပဉ္စဝဂ္ဂီရဟန်းတော်များ
မှန်ပါ့ ဘုရား
အဲ့ဒါဆို အရှင်ဘုရားက ဘုရားဖြစ်အောင် ဘယ်လို ကျင့်ခဲ့တာပါလဲ ဘုရား။
#ဘုရားရှင်
အဲ့, မှတ်ထားကြ
ကပ္ပိလဝတ်ပြည် ရွှေနန်းတော်မှာ နေခဲ့ရင်လည်း ကာမသုခလ္လိကကြောင့် ငါက ဘုရားဖြစ်လာမှာ မဟုတ်ဘူး။
ဘုရားဖြစ်အောင် ဥရုဝေလတောမှာ သင်တို့နဲ့အတူ ကျင့်ခဲ့စဉ်က အလွန်ပင်ပန်း ကိုယ်စိတ်မလန်းပဲ ဝီရိယလွန် ဝိတက်စရိုက် ဗုဒ္ဓိစရိုက်တွေများနေခဲ့ရင်လည်း အတ္တကိလမထကြောင့် ငါက ဘုရားဖြစ်လာမှာ မဟုတ်ဘူး။
ကာမသုခလ္လိက အတ္တကိလမထတွေကို ပယ်စွန့်နိုင်ခဲ့လို့သာ ငါက ဘုရားဖြစ်လာရတာ။
#ပဉ္စဝဂ္ဂီရဟန်းတော်များ
မှန်ပါ့ ဘုရား။
ကာမသုခလ္လိက နဲ့ အတ္တကိလမထကို အရှင်ဘုရားက ဘယ်လို ပယ်စွန့်နိုင်ခဲ့တာပါလဲ ဘုရား။
#ဘုရားရှင်
အင် ဟုတ်တယ်၊ လွယ်လွယ်နဲ့တော့ ဘယ် ပယ်စွန့်နိုင်ပါ့မလဲ။
ပယ်စွန့်နိုင်တဲ့ အကြောင်း အရင်းက
သီလ၊ သမာဓိ၊ ပညာ။ ဒါပါပဲ။
သီလမှာတော့
ကာယကံ သီလ၊ ဝစီကံ သီလ၊ လုံ့လအားထုတ်စိတ် မနောကံ သီလ ရှိနေရပါမယ်။
သမာဓိဆိုတာကတော့
ဖြစ်ချင်တဲ့ ဆန္ဒကို အာရုံယူပြီးတော့ သတိကို မပျက်စေပဲ ထွက်လေ ဝင်လေ စက္ကန့်နဲ့ အမျှ နှလုံးသွင်းနိုင်ရမယ်။
ပညာဆိုတာကတော့
အယူမပြောင်း၊ ဖြောင့်မတ်စွာဖြင့် စဉ်စားတွေးခေါ် ချင့်ချိန်သုံးသပ် ကျင့်သုံးနိုင်ရမယ်။
#ပဉ္စဝဂ္ဂီရဟန်းတော်များ
ကျင့်စဉ်တွေလည်း သိပ် များတာပါပဲ ဘုရား။
#ဘုရားရှင်
အဲ့ဒါ မများပါဘူး၊ ဗဟုသုတအနေနဲ့သာ ငါ ပြောပြခဲ့တာ။
အကျဉ်းချုပ်လိုက်ရင်
၁။ ကြိုက်တာ
၂။ မကြိုက်တာ
ဒါနှစ်မျိုးပဲ ရှိတာ။
#ပဉ္စဝဂ္ဂီရဟန်းတော်များ
ဪ! ဟုတ်သားပဲ၊ ဆက်ဟောပါဦး ဘုရား။
#ဘုရားရှင်
မကြိုက်ရင် - ဒုက္ခ
ကြိုက်ရင် - သမုဒယ
အရမ်းလွယ်တယ်နော်
ချစ်တဲ့သူနဲ့ အတူ မနေရတာလား - အဲ့ဒါ ဒုက္ခပဲ
မချစ်တဲ့သူနဲ့ အတူနေရတာလား - အဲ့ဒါ ဒုက္ခပဲ
ကိုယ်လိုတာကို မရတာလား - အဲ့ဒါ ဒုက္ခပဲ
ရှင်းရှင်းပြောရရင် - ခန္ဓာရလာတာကိုက ဒုက္ခပါပဲ။
#ပဉ္စဝဂ္ဂီရဟန်းတော်များ
ဪ!
ခန္ဓာရလာတာလည်း မုန်းတီးစရာပါ ဘုရား။
#ဘုရားရှင်
အင်.., မမုန်းနဲ့ ငါ ပြောနေတာက သင့်ခန္ဓာကို မုန်းဖို့အတွက် ပြောနေတာ မဟုတ်ဘူး။ အနတ္တလက္ခဏအဖြစ် "သိဖို့" ပြောနေတာ။
တကယ် မုန်းရမှာက - သမုဒယ (သင့် အကြိုက်)ကိုပဲ မုန်းရမှာ။
ဒေါသထွက်ချင်စိတ်ရောက်ရင် - သင့်အကြိုက် ဒေါသထွက်လိုက်မိတာ။ လိုချင်တဲ့စိတ်ရောက်ရင် - သင့်အကြိုက် လိုချင်လိုက်တာ။ ဒုက္ခကို ဒုက္ခမှန်း မသိတာ။ အဲ့ဒါတွေက သံသရာကို ရှည်စေပါတယ်။
ဒါတွေကို သိပြီ...ဆိုရင် သင်ဟာ သံသရာက လွတ်မြောက်ပါပြီ။
#အရှင်စန္ဒကုမာရ ၊ ဗုဒ္ဓဂယာ၊ အိန္ဒိယ
Comments