ဝိနည်း အမှားတွေ သတိထားကြ
သင်္ကန်း နှစ်ထည်နဲ့ ရဟန်းခံပြီး။ "ရဟန်းဖြစ်တာနဲ့ လိုတာတွေကို တကာ တကာမတွေဆီက အလှူခံလို့ရတယ်"ဆိုတဲ့ သဘောပဲ။
သင်္ကန်း သုံးထည်တောင် မရှာနိုင်ပဲ ရဟန်းဖြစ်လာပြီးတော့မှ သဒ္ဓါကောင်းတဲ့ ဗုဒ္ဓဘာသာ တကာတကာမတွေကို အပူ လာကပ်တော့မယ့်သဘောပဲ။ အဝတ်ပေါတဲ့ ဒီခေတ်မှာ ပံသကူကောက်ရင်တောင် သင်္ကန်း သုံးထည်ရပါတယ်။
သာသနာတော်မှာ ဘုရားပညတ်ချက်မှ အပ ဟိုဆရာတော်ပြောတယ် ဒီဆရာတော်ပြောတယ်ဆိုပြီး လျှောက်မယုံကြနဲ့ လောဘသားတွေများတယ် ပညာတတ် စာတတ်ဆိုပြီးတော့လည်း အထင်မကြီးကြပါနဲ့ လောဘ ကိလေသာ ရှိနေသမျှ ဘယ်လောက်ပဲ စာတတ်ပါစေ လောဘနောက်ကို လိုက်တတ်ကြတာတွေချည်းပဲ။
ဘယ်သူတွေ ဘာပဲပြောပြော ပြောတိုင်းမယုံကြနဲ့ အဲ့ဒါ ဘုရားဟောအရ ဗုဒ္ဓဘာသာစစ်စစ်ပဲ။ ဘာသာတရားကို ကိုးကွယ်ဆည်းကပ်တယ်ဆိုတာ "လူများပြောတိုင်း မယုံဖို့၊ ဟိုအယူ ဒီအယူ မစွဲဖို့၊ တစ်ယောက်က ပြောလိုက်တိုင်း အဟုတ်ထင်ပြီး လျှောက်မလုပ်ကြဖို့" ဘာသာတရား ကိုးကွယ်တာပဲ ဖြစ်နေရပါမည်။
ရှင်ပြုတာပဲဖြစ် ရဟန်းခံတာပဲဖြစ် ပရိက္ခရာရှစ်ပါးလိုပါတယ်။
ပရိက္ခရာရှစ်ပါး ပြည့်စုံမှပဲ သာသနာမှာ ကံကြီးကံငယ်နဲ့ ခြေသလုံးအိမ်တိုင် ရပ်တည်နိုင်မှာပါ။
ဘုရားရှင်လက်ထက်တော်ကပင် သင်္ကန်းပရိက္ခရာ မပြည့်စုံရင် ရဟန်းခံခွင့် မရှိဘူး။ အဲ့ဒါကြောင့်ပဲ သူများဆီက ငှားပြီး ရဟန်းခံကြတာဖြစ်တယ်။ သူများဆီက ငှားတာနဲ့ ရဟန်းခံလို့ မရဘူးဆိုပြီး သိမ်ဝင်ကတည်းက ရဟန်းမခံမီ သင်္ကန်း သဗိတ် ပြည့်စုံပါရဲ့လားလို့ စစ်ဆေး မေးမြန်းရတာဖြစ်တယ်။
သင်္ကန်း သဗိတ် မပြည့်စုံတာနဲ့ အနာကြီးစွဲပြီး ရဟန်းဝတ်လာရင် ဗုဒ္ဓဘာသာ တကာတကာမတွေအတွက် ဝန်ထုပ်ဝန်ပိုဖြစ်သွားမှာစိုးလို့ ပညတ်ရတာဖြစ်တယ်။
မည်သည့် အဖွဲ့အစည်းပဲ ထူထောင် လုပ်ဆောင်ပါစေ ပတ်ဝန်းကျင်လူတွေအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရဆိုတဲ့ ကုလသမဂ္ဂ ပညတ်ချက်ရှိသလို ဘုရားရှင်ကလည်း သင်္ကန်း သဗိတ် မပြည့်စုံရင် ရဟန်းမခံရဆိုတာ - သာသနာတော်ဆိုတဲ့ အဖွဲ့အစည်းကြီးကို အကြောင်းပြုပြီး သဒ္ဓါထက်မြက်တဲ့ တကာတကာမတွေအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေဖို့ ပညတ်ထားတာသာဖြစ်တယ်။
ရဟန်းခံပြီးတာနဲ့ တကာတကာမတွေဆီက လိုတာတွေကို တောင်းလို့ရပြီဆိုတဲ့ စိတ်ဓာတ်တွေကို ဖျောက်ပစ်နိုင်ဖို့လိုပါတယ်။
အကယ်၍ မြောင်းမြဆရာတော်က တကာတကာမတွေကို အပူကပ်လိုစိတ် မရှိ၊ ရဟန်းဖြစ်တာနဲ့ တောင်းလို့ရပြီလို့သာ စိတ်ဓာတ် မထားခဲ့ရင်....
ကိုယ့်ဆီမှာ ရဟန်းဝတ် တပည်လာခံတဲ့ သဒ္ဓါထက် ပစ္စည်းမဲ့သူဖြစ်နေပါက မြောင်းမြဆရာတော်ဆီက ပရိက္ခရာရှစ်ပါးဖို့ မလှူနိုင်ရင်တောင် နှစ်ထပ်သင်္ကန်းကြီး တစ်စုံလောက်ကိုတော့ လှူနိုင်လိမ့်မည်လို့ ထင်ပါတယ်။
မြောင်းမြဆရာတော်က ကိုယ့်ဆီမှာ ရဟန်းလာဝတ်မည့်သူကို ပရိက္ခာရှစ်ပါးတောင် မလှူချင်ပဲ မိစ္ဆရိယစိတ်ဓာတ်နဲ့ "သင်္ကန်း နှစ်ထည်ရှိလည်း ရဟန်းဖြစ်တယ်ကွ! ငါ့ဆီကတော့ မမျှော်နဲ့၊ မင်း ရဟန်းဖြစ်ဖို့အတွက် ငါ့ဆီကတော့ မလှူနိုင်ဘူး၊ ရဟန်းဖြစ်မှပဲ လိုတာတွေကို တကာတကာမတွေဆီက တိုက်ရိုက်ဖြစ်စေ ကပ္ပိယမှ တဆင့်ဖြစ်စေ အလှူခံပေါ့ကွာ! ရတာပဲကို.. အဲ့ဒီစိတ်ဓာတ်ထက် မပိုဘူး။ ကျောင်းမှာ သင်္ကန်း ပရိက္ခရာတွေ ပေါလွန်းလို့ အပြင်က သင်္ကန်း ဝယ်မည့်အတူတူ အဲ့ဒီပိုက်ဆံကို ကျောင်းမှာလှူခဲ့ ဆိုတာတွေလည်း ပါနိုင်လောက်တယ်။
သာသနာတော်အတွက် ပေးဆပ်ချင်တဲ့စိတ်နဲ့ ရဟန်းလာဝတ်ကြတဲ့သူတွေအတွက် ဆရာသမားကောင်းပီပီ ကိုယ့်ဆီမှ သင်္ကန်း ပရိက္ခရာ ပြည့်စုံအောင် လှူချင်စိတ် သဒ္ဓါတရားမရှိပဲ ဝိနည်းကို တစ်လွဲလုပ်တာဟာ မကောင်းဘူး။ အဲ့ဒီဝါဒနောက်လိုက်တဲ့ လူတွေလည်း #ဗာဟိယဒါရုစိယ အဖြစ်မျိုးကြုံရနိုင်တယ်။
ဧဟိ ဘိက္ခူ ရဟန်းအကြောင့်နဲ့ သင်္ကန်း ပရိက္ခရာ ရှာယင်း ဘုရားနဲ့တွေ့လို့ ရဟန်းပြုခွင့်မရခဲ့ပဲ လူဝတ်ကြောင်ဘဝနဲ့ ပရိနိဗ္ဗာန်ပြုသွားရတဲ့ ဗာဟိယဒါရုစိယ အကြောင်းတို့ကို သေချာလေ့လာ ဖတ်ရှုစေချင်ပါတယ်။
ပရိက္ခရာ ရှစ်ပါးနဲ့ ရှင် ရဟန်းပြုတယ်ဆိုတာ ပရိက္ခရာ လှူတာပါပဲ။
ရဟန်းပြုပုံအဆင့်ဆင့် ပြောင်းလဲလာပုံ
ရဟန်းဖြစ်ခြင်း ၈ မျိုး
၁။ ဧဟိဘိက္ခူပသမ္ပဒါ= ဘုရားရှင်က ‘‘ဧဟိ ဘိက္ခု’’ ဟု ခေါ်လိုက်သဖြင့် ရဟန်းဖြစ်ခြင်း၊
၂။ သရဏဂမနုပသမ္ပဒါ= သရဏဂုံဖြင့် ရဟန်းဖြစ်ခြင်း၊
၃။ ဩဝါဒုပသမ္ပဒါ= ဘုရားရှင်၏ ဩဝါဒကို ခံယူခြင်းဖြင့် ရဟန်းဖြစ်ခြင်း၊
၄။ ပဥှာဗျာကရဏုပသမ္ပဒါ= ဘုရားရှင်မေးသော ပုစ္ဆာကို ဖြေဆိုခြင်းဖြင့် ရဟန်းဖြစ်ခြင်း၊
၅။ ဉတ္တိစတုတ္ထကမ္မူပသမ္ပဒါ= ဉတ္တိစတုတ္ထကမ္မဝါစာဖြင့် ရဟန်းဖြစ်ခြင်း၊
၆။ ဂရုဓမ္မူပသမ္ပဒါ= ဂရုဓမ်တရားရှစ်ပါးဖြင့် ရဟန်းဖြစ်ခြင်း၊
၇။ ဥဘတောသံဃေ ဥပသမ္ပဒါ= ဥဘတောသံဃာ၌ ရဟန်းဖြစ်ခြင်း၊
၈။ ဒူတေန ဥပသမ္ပဒါ= တမန်ဖြင့် ရဟန်းဖြစ်ခြင်း။
(ဝိ၊ဋ္ဌ၊၁။၂၀၆။) (အံ၊ဋ္ဌ၊၂။၆၆။) (အဘိ၊ဋ္ဌ၊၂။၃၁၆။)
နောက်ဆုံး တိုးတက်ပြောင်းလဲလာတဲ့ ရဟန်းဖြစ်ခြင်းမှာ ပရိက္ခရာ ရှစ်ပါး ကမ္မဝါစာဖြင့် သမုတ်၍ ရဟန်းဖြစ်ခြင်းသာဖြစ်သည်။ စာမှာ ပရိက္ခရာရှစ်ပါးကို မေးမထားပေမယ့် တစ်ဘဝစာအတွက် မဟုတ်ပဲ နောင်ဘဝအတွက်ပါ သာသနာ့အမွေခံ ပါရမီဖြစ်စေဖို့ ပရိက္ခရာ ရှစ်ပါးဖြင့်သာ ရှင် ရဟန်းပြုကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။
Canda Kumara
အရှင်ဗာဟိယ - ဒါရုစီရိယ မထေရ်အကြောင်း
(ဤမထေရ်၏ အမည်ရင်းမှာ ဗာဟိယတိုင်း၌ ဖွားမြင်သူဖြစ်သောကြောင့် “ဗာဟိယ”ဟူ၍ ဖြစ်လေသည်။ ထိုဗာဟိယသည် နောက်တချိန်၌ ဖော်ပြလတ္တံ့သော ဝတ္ထုအတိုင်း သစ်သားမျှင်တို့ကို အဝတ်ပြုကာ ဝတ်၍နေ၏ ထို့ကြောင့် “ဒါရုစီရိယ = သစ်သားမျှင် အဝတ်ကို ဝတ်သောသူ”ဟု အမည်တွင်ပြန်လေသည်။ အမည်နှစ်ရပ်ကို ပေါင်းစပ်၍ ဤမထေရ်ကို “ဗာဟိယ-ဒါရုစီရိယ မထေရ်”ဟု ခေါ်တွင်လေလည်)။
.
(က) မထေရ်၏ ရှေးဆုတောင်း
▬▬▬▬▬▬▬▬▬▬▬
ဤဗာဟိယ-ဒါရုစီရိယ မထေရ်အလောင်း သူတော်ကောင်း သည်လည်း ပဒုမုတ္တရ မြတ်စွာဘုရားရှင် လက်ထက်တော်အခါ ဟံသာဝတီ မင်းနေပြည်ဝယ် အမျိုးကောင်း အိမ်၌ ဖြစ်ခဲ့လတ်၍ ရှေးမထေရ်အလောင်းများနည်းတူ မြတ်စွာဘုရားရှင်၏ တရား ဒေသနာကို နာယူစဉ် ပဒုမုတ္တရ မြတ်စွာဘုရားက ရဟန်းတော် တပါးကို “မဂ်ဖိုလ် အသိဉာဏ်ကို လျင်မြန်စွာ ရရှိကြသော ရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး”၌ ထားတော် မူသည်ကို တွေ့မြင်ရ၍ အဓိကာရကောင်းမှုကုသိုလ်ကို ပြုပြီးလျှင် ထိုရာထူး = ဌာနန္တရကို ဆုတောင်း ပတ္ထနာမှု ပြုလေသည်။ မြတ်စွာ ဘုရားသည် ထိုအမျိုးကောင်းသား၏ ဆုတောင်း ပတ္ထနာချက် အန္တရာယ်မရှိ ပြည့်စုံ မည်ကို မြင်တော်မူ၍ရှေးနည်းအတူ ဗျာဒိတ် စကား မိန့်ကြားတော်မူခဲ့လေသည်။
.
တောင်ထိပ်တက်၍
ရဟန်းတရား အားထုတ်ခြင်း
▬▬▬▬▬▬▬▬▬▬▬
ထို အမျိုးကောင်းသားသည် အသက်ထက်ဆုံး ကုသိုလ် ကောင်းမှုကိုပြု၍ နတ်ပြည် လူ့ပြည်တို့၌ ကျင်လည် ကျက်စားလျက် ကဿပမြတ်စွာ သာသနာဆုတ်ယုတ်သော အခါဝယ် အောက် အရှင်ဒဗ္ဗမထေရ်၏ ဝတ္ထု၌ ဆိုအပ်ခဲ့ပြီးသောအတိုင်း အဖော်ရဟန်း တို့နှင့် အတူတက္ခ (အောက် အရှင်ဒဗ္ဗဝတ္ထု စာမျက်နှာ ၃၇၈-၌ ကြည့်ပါ။) တောင်ထိပ်သို့ တက်ရောက်ကာ ရဟန်းတရား အားထုတ်၍ စင်ကြယ်သော, ပြည့်စုံ သော သီလရှိသူ ဖြစ်ရကား အသက်အဆုံး၌ နတ်ပြည်ဝယ် ဖြစ်လေ၏။
.
(ခ) နောက်ဆုံးဘဝ
ရဟန်းပြုခြင်း
▬▬▬▬▬▬
ထို အမျိုးကောင်းသား နတ်သားသည် ဗုဒ္ဓန္တရ အသင်္ချေယျ တကပ်ပတ်လုံး နတ်ပြည် ၌သာ စံနေ၍ ဤအကျွန်ုပ်တို့ မြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မူရာ ကာလဝယ် ဗာဟိယတိုင်း၌ အမျိုးကောင်းအိမ်ဝယ် အမျိုးကောင်းသား ဖြစ်၍လာလေသည်။
ထို ဗာဟိယ အမျိုးကောင်းသားသည် အရွယ်သို့ ရောက်လတ်သော် အိမ်ရာ တည်ထောင် လူ့ဘောင်၌ စိုးအုပ်နေထိုင်လျက် တနေ့သောအခါ “ငါသည် ကုန်သွယ်မှုကို ပြုပေအံ့”ဟု ကြံစည်ကာ သုဝဏ္ဏဘူမိသို့ သွားမည့် စက်လှေကို စီးနင်းလိုက်ပါ၍ သွားလေ၏။
ထိုသူတို့ စီးနင်းလိုက်ပါသွားသော လှေသည် လိုရာအရပ်သို့ မရောက်ပဲ သမုဒြာ အတွင်းမှာပင် ပျက်ခဲ့လေ၏။ လှေ သင်္ဘောပါ လူများအပေါင်းသည် ငါးလိပ်တို့၏အစာ ဖြစ်ကြရလေ၏။
ဤဗာဟိယ အမျိုးကောင်းသားသည်ကား ပစ္ဆိမဘဝိကသား ဖြစ်သောကြောင့် အသက် မသေပဲ သစ်သားပိုင်းတခုကို ဆွဲကိုင် အမှီပြုရ၍ ခုနစ်ရက် မြောက်သောနေ့၌ သုပ္ပါရက ဆိပ်ကမ်းဝယ် ကမ်းသို့တက်မိ၍ လူတို့နေရာအရပ်သို့ ရောက်လတ်သည် ရှိသော် “အဝတ်မဝတ်သော ယခု ငါ့အသွင်ဖြင့် လူအများတို့သို့ ချဉ်းကပ်ရန် မသင့်လျော်ချေ”ဟု ဆင်ခြင်မိ၍ မနီးမဝေးသော အရပ်၌ ရှိသော တဖက်ဆည် ကန်ကြီးမှ မှော်သိုက်အုံတခုကို ယူဆောင်ကာ ကိုယ်ကို ရစ်ပတ်ပြီးနောက် တနေရာ၌ ကျရောက်နေသော ခွက်ဆွေးတခုကို ကောက်ယူ၍ ဆွမ်းအလို့ငှါ ရွာတွင်းသို့ ဝင် လေ၏။
လူများသည် ဗာဟိယကို မြင်ကြလေလျှင်“လောက၌ ရဟန္တာ ပုဂ္ဂိုလ်များ အကယ်၍ ရှိကြမည်ဆိုလျှင် ဤ အရှင်မြတ်ကဲ့သို့ သဘောရှိသူတို့သာ ဖြစ်လေရာ၏၊ အသို့နည်း အရှင်သူမြတ်သည် ဥက္ကဌ်အကျင့်ကို ကျင့်သူဖြစ်သောကြောင့်တည်း အဝတ်ကို မခံယူ သလော၊ သိုမဟုတ် လှူအပ်လျှင် ခံယူလေရာမည်လော”ဟု စုံစမ်း လိုကြသဖြင့် အထူးထူးသော အရပ်တို့မှ အဝတ်များကို ယူဆောင် ပေးလှူကြလေသည်။
ဗာဟိယသည် “အကယ်၍များ ငါသည် ဤယခု အသွင်အမှုဖြင့် မလာရောက်ခဲ့လျှင် (=သားနားသပ် ယပ်စွာဝတ်ဆင်၍ လာရောက်ခဲ့လျှင်) ဤ လူများသည် ငါ့အား မကြည်ညိုကြကုန်လေရာ၊ တစုံတခုပြုလုပ်ကာ ဤလူများကို လှည့်ဖြား၍ အသက်ရှင် ကြောင်း ဥပါယ်ကောင်း တခုတော့ ပြမှ သင့်တော်တော့မည်”ဟု ကြံစည်၍ အလိုနည်းသောဟန်ဖြင့် ထိုလူများ လှူအပ်သည့် အဝတ်များကို မခံယူပဲ နေလေ၏။ လူတို့သည် အတိုင်းထက်အလွန် ကြည်ညိုကြ၍ ကြီးစွာသော ပူဇော် သက္ကာရမှုကို ပြုကြလေကုန်၏။
ဗာဟိယသည်လည်း ဆွမ်းကိစ္စပြုပြီးလတ်သော် (=ထမင်းစားပြီးလတ်သော်) ထိုရွာနှင့် မနီးမဝေးသော အရပ်၌ တည်ရှိသည့် နတ်ကွန်းတခုသို့ သွားရောက်လေ၏။ လူများသည် ဗာဟိယ နှင့် အတူတကွပင် လိုက်ပါသွားကြ၍ ထိုနတ်ကွန်း = နတ်စင်ကို သုတ်သင်ရှင်းလင်း၍ ပေးကြလေကုန်၏။
ထို့နောက် ဗာဟိယ သည် ဤလူများကား ငါ့အား မှော်သိုက်ကို ဝတ်ကာမျှဖြင့်ပင် ဤသို့သော ပူဇော်သက္ကာရမှုကို ပြုကြကုန်၏။ ထိုလူများအပေါ်၌ ငါသည် ဥက္ကဌ် အကျင့်ရှိသူကဲ့သို့ ဖြစ်မှ သင့်တော်တော့မည်” ဟု ကြံစည်၍ ပေါ့ပါးသော သစ်ပျဉ်ချပ် များကို ရှာဖွေယူဆောင်ကာ ပါးပါးလွှာလျက် လျှော်မျှင်များ၌ ကုံးသီပြီးလျှင် သစ်သား အဝတ် ပြုလုပ်ကာ ဝတ်ရုံ၍ အသက် မွေးမှုပြုကာ နေလေ၏။ (ဤအချိန်မှစ၍ သူ၏ အမည်မှာ ဗာဟိယ-ဒါရုစီရိယ = သစ်သားအဝတ်ကို ဝတ်သည့် ဗာဟိယ-ဟူ၍ တွင်မည်လေ၏)။
.
ဗြဟ္မာကြီး
လာရောက် သတိပေးခြင်း
▬▬▬▬▬▬▬▬▬
ထို့နောက် ကဿပမြတ်စွာ သာသနာတော် ဆုတ်နစ်သော အခါက အတူတကွ တောင်ထိပ်တက်၍ ရဟန်းတရား အားထုတ်ခဲ့ကြသော ရဟန်းခုနစ်ပါး တို့အနက် ဒုတိယမထေရ်သည် အနာဂါမိဖိုလ်သို့ရောက်၍ သုဒ္ဓါဝါသဗြဟ္မာ့ဘုံ၌ ဖြစ်ခဲ့လေသည်။
ထိုဗြဟ္မာသည် သုဒ္ဓါဝါသဘုံ၌ ဖြစ်ပြီးသည်၏ အခြားမဲ့မှာပင် မိမိရရှိအပ်သော ဗြဟ္မာ့စည်းစိမ်ကို ကြည့်ရှု၍ လာရာအရပ်ကို ဆင်ခြင်လတ်သော် သူငယ်ချင်းရဟန်း ခုနစ်ပါးကို တောင်ထိပ်သို့ တက်ရောက်၍ ရဟန်းတရား ပွါးများအားထုတ်ရာ အရပ်ကို မြင်ပြီးနောက် မိမိမှကြွင်းသော သူငယ်ချင်း ရဟန်း ခြောက်ပါးတို့၏ လားရောက် ဖြစ်ပွါးရာ အစပ်ကို ဆက်၍ ဆင်ခြင်လေလျှင် တပါးက ပရိနိဗ္ဗာန်စံကြောင်း, ကျန်ငါးပါးတို့က ကာမာဝစရနတ်ပြည်၌ ဖြစ်ကြကြောင်းကို ကောင်းစွာသိမြင်၍ အခါမပြတ် ထို သူငယ်ချင်း ငါးဦးတို့ကို ဆင်ခြင်ကြည့်ရှုလေ့ ရှိပေ၏။
ဤယခုအခါ၌ကား “ငါ့သူငယ်ချင်းများသည် ယခုအခါ အဘယ်အရပ်၌ ဖြစ်နေကြ သနည်း” ဟု စဉ်းစားဆင်ခြင်လတ်သော် သုပ္ပါရကဆိပ်ကမ်းကို အမှီပြု၍ အံ့ဖွယ်ပြုခြင်းဖြင့် အသက်မွေးမှု ပြင်နေသည့် ဗာဟိယဒါရုစိယကို မြင်၍ “ဤ --လူမိုက်ကား ပျက်စီးပါပေါ့တကား၊
ရှေးကဿပမြတ်စွာ သာသနာတော် ခေတ်တုန်းက ရဟန်းတရား ပွါးများကျင့်ကြံစဉ် အလွန့်အလွန် ဥက္ကဌ်အကျင့်ရှိသူ ဖြစ်ခြင်းကြောင့် ရဟန္တာအရှင်မြတ် ဆောင်ယူအပ် ခဲ့သော ဆွမ်းကိုသော်မှ မစားမသုံးခဲ့ပဲ ယခုအခါ ဝမ်းရေးဟူသော အကြောင်းကြောင့် မိမိကိုယ်တိုင်က ရဟန္တာ မဟုတ်ပဲလျက် ရဟန္တာ၏အဖြစ်ကို ဝန်ခံကာ လောက (=လူ အပေါင်း) ကို လှည့်ဖြား၍ ကျက်စား သွားလာ နေဘိတကား၊
မြတ်စွာဘုရားရှင် လောက၌ ပွင့်ထွန်းတော်မူကြောင်းကိုလည်း သူသည် မသိသေးချေ။ ငါသည် ယခုပင် သွားရောက်အံ့၊ သွားရောက်ပြီးလျှင် သူငယ်ချင်းကို ထိတ်လန့်သံဝေဂ ရစေ၍ လောက၌ မြတ်စွာဘုရား ပွင့်ထွန်းတော်မူနေပြီ ဖြစ်ကြောင်းကို အသိ ပေးပေအံ့”ဟု ကြံစည်ဆင်ခြင်၍ ထိုခဏမှာပင် ဗြဟ္မာ့ပြည်မှ ဆင်းသက်ခဲ့၍ ညဉ့် အခါဝယ် သုပ္ပါရကဆိပ်ကမ်း ဗာဟိယ-ဒါရုစီရိယ၏ မျက်မှောက်၌ ကိုယ်ရောင်ကိုယ်ဝါ တောက်ပစွာဖြင့် ထင်ရှားပေါ်ပေါက်လာလေ၏။
ဗာဟိယ-ဒါရုစီရိယသည် မိမိ၏ နေရာအရပ်၌ အရောင် အလင်းကို မြင်၍ အပြင်သို့ ထွက်ကာ ရပ်တည်ပြီးလျှင် ဗြဟ္မာကြီးကို ကြည့်ရှုလျက် လက်အုပ်ကို ချီးမြှောက်ကာ “အရှင်ဘုရားတို့သည် အဘယ်သူတို့ပါနည်း” ဟု မေးလေ၏။ ထိုအခါ ဗြဟ္မာ ကြီးသည်“ငါသည် သင်၏ သူငယ်ချင်းဟောင်းတည်း၊ ကဿပ မြတ်စွာ သာသနာ တော် ဆုတ်နစ်သောအခါ သင်နှင့်အတူတကွ တောင်ထိပ်သို့တက်၍ ရဟန်းတရား ပွါးများအားထုတ်သဖြင့် အနာဂါမိဖိုလ်သို့ ရောက်၍ ဗြဟ္မာ့ပြည်၌ ငါ ဖြစ်ရလေပြီ၊
ငါတို့ ခုနစ်ပါးအနက် အကြီးဆုံးသံဃ မထေရ်သည်ကား အရဟတ္တဖိုလ်သို့ ရောက်တော်မူ၍ ပရိနိဗ္ဗာန် စံတော်မူခဲ့လေပြီ၊ သင်တို့ ငါးဦးသည် ကာမာဝစရ နတ်ပြည်၌ ဖြစ်ခဲ့ကြလေပြီ၊ ငါသည် သင့်ကို ဤအရပ်၌ အံ့သြဖွယ်ပြုခြင်းဖြင့် အသက်မွေးမှု ပြု၍နေသည်ကို မြင်ရ၍ ဆုံးမရန် လာခဲ့ပေသည်”ဟု အကြောင်း အကျိုး ဖော်ပြပြောဆိုပြီးလျှင်
“အိုဗာဟိယ .. သင်သည် --
(၁) အာသဝေါ ကုန်ခန်း ရဟန္တာလည်း မဟုတ်ချေ။
(၂) အရဟတ္တမဂ်သို့ ရောက်ဆိုက်သူလည်း မဟုတ်ချေ။
(၃) (ထိုသို့ ရောက်ဆိုက်ရန်ကို မဆိုထားဘိ) သင့်မှာ အရဟတ္တမဂ်, အရဟတ္တဖိုလ်သို့
ရောက်ရန်အကျင့်မှန်လည်း အဏုမြူမျှပင် မရှိသေး”
ဟု ပွင့်ပွင့်လင်းလင်း ပြောဆိုလေ၏။ ထို့နောက်မှ ဗြဟ္မာကြီးသည် ဗာဟိယ-ဒါရုစီရိယအား လောက၌ မြတ်စွာဘုရားရှင် ပွင့်ထွန်းတော်မူနေပြီ ဖြစ်ကြောင်းနှင့် ယခုအခါ သာဝတ္ထိပြည် ဇေတဝန် ကျောင်းတိုက်တော်၌ သီတင်းသုံး နေထိုင်တော်မူ ကြောင်း ပြောကြား၍ “သင်သည် မြတ်စွာဘုရားရှင် ထံတော်သို့ သွားရောက် လေလော့”ဟု ဗာဟိယ-ဒါရုစီရိယကို တိုက်တွန်းစကား ပြောကြားပြီးလျှင် ဗြဟ္မာ့ပြည်သို့ ပြန်သွားလေ၏။
.
ဗာဟိရ-ဒါရုစီရိယ
ရဟန္တာဖြစ်ခြင်း
▬▬▬▬▬
ဗာဟိယ-ဒါရုစီရိယသည် ဗြဟ္မာကြီး၏ စကားကို ကြားသိရလေလျှင် များစွာ ထိတ်လန့် = သံဝေဂရ၍ “ငါသည် နိဗ္ဗာန် လမ်းမှန်ကို ရှာပေတော့အံ့” ဟု ကြံစည် အောက်မေ့ပြီးလျှင် ယူဇနာ (၁၂၀) တရာ့နှစ်ဆယ် ဝေးကွာသော ခရီးကို တညဉ့်သာ နေခြင်းဖြင့် အပြင်း သွားရောက်၍ သာဝတ္ထိပြည်သို့ ဆိုက်ရောက်လေ၏။ ဗာဟိယ-ဒါရုစီရိယ သာဝတ္ထိပြည်သို့ ရောက်ချိန်မှာ နံနက်ခင်းအခါ ဖြစ်သည်။
မြတ်စွာဘုရားသည်လည်း ဗာဟိယ-ဒါရုစီရိယ ကိုယ်တော်ထံသို့ လာနေသည်ကို သိတော်မူ၍ “ဗာဟိယ၏ သဒ္ဓါ-စသော ဣန္ဒြေတို့ကား ရင့်ကျက်ခြင်းသို့ မရောက် ကြသေး၊ ခဏကြာမှသာ ရင့်ကျက်ခြင်းသို့ ရောက်ကြလိမ့်မည်”ဟု ဆင်ခြင် သိရှိတော်မူကာ ဗာဟိယ၏ ဣန္ဒြေများ ရင့်ကျက်ချိန်ကို ငံ့ဆိုင်း စောင့်လင့်တော် မူလျက် များစွာသော ရဟန်းအပေါင်း ခြံရံကာ ထိုခဏမှာပင် သာဝတ္ထိပြည်သို့ ဆွမ်းခံကြွဝင်တော်မူလေ၏။
ဗာဟိယသည် ဘုရားရှင် ဆွမ်းခံကြွသွားတော်မူပြီးနောက်မှ ဇေတဝန်ကျောင်းတိုက်သို့ ဝင်၍ နံနက်ဆွမ်း ဘုဉ်းပေးပြီးကြသဖြင့် ကိုယ်၏ လေးလံမှုကို ပယ်ဖျက်ရန် ဟင်းလင်းပြင်ဝယ် လူးလာတုံ့ခေါက် စင်္ကြံလျှောက်နေကြသည့် များစွာသော ရဟန်း တို့ကို ဖူးတွေ့ရ၍ “ယခုအခါ မြတ်စွာဘုရား အဘယ်အရပ်၌ နေတော်မူပါသနည်း အရှင်တို့ဘုရား ...”ဟု မေးလျှောက်လေ၏။
ရဟန်းတို့သည် “ယခုပင် မြတ်စွာဘုရားသည် သာဝတ္ထိ ပြည်တွင်းသို့ ဆွမ်းခံကြွဝင် သွားတော်မူသည်”ဟု ဖြေကြားပြီးလျှင် “သင်သည် အဘယ်အရပ်မှ လာခဲ့သနည်း” ဟု မေးမြန်းကြလေ၏။ ဗာဟိယက “အကျွန်ုပ်သည် သုပ္ပါရကဆိပ်ကမ်းမှ လာရောက် ခဲ့ပါသည် ဘုရား”ဟု လျှောက်ထားလေလျှင် ရဟန်းတို့သည် ဗာဟိယကို “သင်သည် ခရီးဝေးမှ လာခဲ့ရသူ ဖြစ်၏။ ထိုင်ပါဦး, ခြေများကို ဆေးကြော, နယ်ဆီလိမ်းကျံ၍ အတန်ငယ် အပန်းဖြေပါဦး၊ ဆွမ်းခံရာမှ ပြန်ကြွတော်မူလာ သောအခါ မြတ်စွာဘုရားကို ဖူးမြင်ရပါလိမ့်မည်”ဟု စိတ်ရှည်လက်ရှည် ပြောဆိုကြလေ၏။
ထိုအခါ ဗာဟိယသည် “အရှင်ဘုရားတို့ … တပည့်တော်သည် မိမိအသက်၏ အန္တရာယ်ကို မသိနိုင်ပါ။ တပည့်တော်သည် တညဉ့်တည်းဖြင့်ပင် တစုံတခုသော အရပ်၌မျှ ကြာမြင့်စွာ မရပ်ခဲ့ပဲ မထိုင်ခဲ့ပဲ ယူဇနာ တရာ့နှစ်ဆယ်ရှိသော ခရီးကို အပြင်း လာရောက်ခဲ့ရပါသည်။
မြတ်စွာဘုရားကို ဖူးမြင်ပြီးမှသာ အပန်းဖြေပါတော့မည်”ဟု ပြောဆိုလျှောက်ထား၍ အဆောတလျင်ပင် သာဝတ္ထိပြည်သို့ ဝင်ရောက်သွားလေသော် အတုမရှိသော ဗုဒ္ဓ ကျက်သရေတော်ဖြင့် တင့်တယ်တော်မူသော ဘုရားရှင်ကို ပက်ပင်းပါ ဖူးတွေ့ ရလေ၏။ ဗာဟိယသည် မြတ်စွာဘုရားရှင်ကို လမ်းခရီးအကြား ကြွသွားတော်မူနေ သည်ကို ဖူးမြင်ရလေလျှင် “ငါသည် အလွန်ကြီး ကြာမြင့်မှ မြတ်စွာဘုရားကို ဖူးမြင်ရလေသည်”ဟု ဝမ်းမြောက်ဝမ်းသာ ငါးဖြာသောပီတိဖြင့် တွေ့ထိနှံ့စပ်သော ကိုယ်ရှိ၍ ပီတိအဟုန်ကြောင့် မတုန်မလှုပ် ဖွင့်လှစ်သော မျက်စိအစုံရှိကာ မြင်ရာ အရပ်မှပင် ကိုယ်ကို ကိုင်းညွှတ်လျက် မြတ်စွာဘုရားရှင်၏ ကိုယ်တော်ရောင်အတွင်း ချင်းနင်း သက်ရောက် နစ်မြုပ်ပြီးလျှင် မြတ်စွာဘုရား၏အနီး ထံတော်မှောက်သို့ တိုးလျှိုး သွားရောက်၍ တည်ခြင်းငါးမျိုးဖြင့် ရှိခိုးပြီးလျှင် မြတ်စွာဘုရားရှင်၏ ခြေတော်အစုံတို့ကို ဆုပ်နယ် နမ်းစုတ်လျက် --
“မြတ်စွာဘုရား ... ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် အကျွန်ုပ်အား တရား ဟောတော်မူပါ၊ ကောင်းသောစကားကို မိန့်ကြားတော်မူတတ်သော မြတ်စွာဘုရား သည် အကျွန်ုပ်အား တရားဟောတော်မူပါ၊ ယင်းသို့ မြတ်စွာဘုရား ဟောကြား အပ်သော တရားတော်သည် အကျွန်ုပ်၏အဖို့ရာ ရှည်လျားစွာသော ည၌ကာလ ပတ်လုံး စီးပွါး ချမ်းသာ အလို့ငှါ ဖြစ်ပါလိမ့်မည်”
ဟု တောင်းပန်စကား လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားရှင်သည် ဗာဟိယ-ဒါရုစီရိယကို --
“ချစ်သား ဗာဟိယ … တရားဟောရန် အခါမဟုတ်သေး၊ ငါဘုရားတို့သည် ဆွမ်း အလို့ငှါ မြို့တွင်းသို့ ဝင်နေကြကုန်၏"ဟု မိန့်တော်မူလေ၏။
[ဤ၌။ ။ မြတ်စွာဘုရား၏ အဖို့ရာ သတ္တလောက၏ အစီးအပွါးအလို့ငှါ ကျင့်ကြံဖို့ရန် အခါမဟုတ်ဟူ၍ ရှိရသေးသလော-ဟု မေးဖွယ် ရှိ၏။
အဖြေကား -- ဤ၌ အခါအရ ဝေနေယျတို့၏ ရင့်ကျက်ချိန်ကို ဆိုလို၏၊ ထိုအချိန်၌ ဗာဟိယ၏အဖို့ရာ မိမိ၏ သဒ္ဓါ- စသော ဣန္ဒြေများ ရင့်ကျက်သည် မရင့်ကျက်သည်၏အဖြစ်ကို အလွန်သိနိုင်ခဲ၏၊
(စင်စစ် ထိုအချိန်၌ ဗာဟိယ၏ သဒ္ဓါစသော ဣန္ဒြေတို့ကား မရင့်ကျက် သေးချေ။ ထိုသို့ သင့်ဣန္ဒြေမျေား မရင့်ကျက် သေးသောကြောင့် ငါဘုရား တရားဟောချိန် မတန် သေးဟု အဖြေပေးလျှင် ဗာဟိယကား နားလည်မည် = သိမည်မဟုတ်)၊
ထို့ကြောင့် မြတ်စွာဘုရားသည် ထို (ဗာဟိယ၏ ဣန္ဒြေများ မရင့်ကျက်သေးမှု တည်းဟူသော) အကြောင်းကို မိန့်တော်မမူပဲ ဗာဟိယ နားလည် သိရှိမည့် “ကိုယ်တော်မြတ်၏ မြို့တွင်း၌ ဆွမ်းခံနေခြင်းကိုသာ”ထို တရားမဟောခြင်း၏ အကြောင်း အနေဖြင့် ညွှန်ပြတော်မူလေသည်။
(ဆိုလိုရင်းကား) - မြတ်ဘုရားသည် ဝေနေယျ အကျိုး သည်ပိုးရွက်ဆောင်ရန် တရား ဟောတော်မူသည် ဆိုသော်လည်း ကျွတ်ထိုက်သူ ဝေနေယျ၏ ရင့်ကျက်ချိန်ကို သိတော်မူ၍သာ ကာလညူပုဂ္ဂိုလ်မြတ် ပီပီ တရားဟောတော်မူသည်၊ ကျွတ် ထိုက်သူ ဝေနေယျ၏ ဣန္ဒြေမရင့်ကျက်သေးချိန်၌ တရားမဟော၊ ထို အချိန်မှာလည်း ဗာဟိယ ၏ ဣန္ဒြေများကား မရင့်ကျက်သေးချေ။
(ထို့ကြောင့် ထိုဣန္ဒြေ မရင့်ကျက်သေးချိန်မှာ တရားဟောလျှင်လည်း မဂ် ဖိုလ်တရား ကို ရမည်မဟုတ်)၊
“ဗာဟိယ...သင်၏ သဒ္ဓါ စသော ဣန္ဒြေများ မရင့်ကျက်သေးသောကြောင့် ဤ အချိန်ကား သင့်အား တရားဟောရန် အချိန်မတန်သေး” ဟု မိန့်တော်မူလျှင်လည်း ဗာဟိယမှာ သာသနာပြင်ပ ပုဂ္ဂိုလ်တယောက်ဖြစ်၍ နားလည် = သိရှိမည် မဟုတ်၊ ထို့ကြောင့် ဗာဟိယ သိရှိနားလည်နိုင်မည့် “မြို့တွင်းသို့ ဆွမ်းခံဝင်နေ ခြင်း” ကိုသာ အကြောင်းအနေဖြင့် မြတ်စွာဘုရား မိန့်ကြားတော်မူသည်ဟု အထူးမှတ်ယူ၏။]
ထိုသို့ မြတ်စွာဘုရား မိန့်ကြားတော်မူသောအခါ ဗာဟိယ-ဒါရုစီရိယသည် နှစ်ကြိမ် မြောက် ဆက်၍ --
“မြတ်စွာဘုရား ... ဘုန်းတော်သခင် ရှင်တော်ဘုရား၏ အသက် အန္တရာယ်များ ဖြစ်မည်, မဖြစ်မည်ကို၎င်း၊ တပည့်တော်၏ အသက်အန္တရာယ်များ ဖြစ်မည် မဖြစ်မည်ကို၎င်း ဧကန်ဧက သိနိုင်ခဲလှပါသည်။ သို့ပါသောကြောင့် မြတ်စွာဘုရား … ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် အကျွန်ုပ်အား တရားဟောတော်မူပါ။ ကောင်းသော စကားကို မိန့်ကြားတော်မူတတ်သော မြတ်စွာဘုရားသည် အကျွန်ုပ် အား တရားဟောတော်မူပါ။ ယင်းသို့ မြတ်စွာဘုရား ဟောကြားအပ်သော တရားတော် သည် အကျွန်ုပ်၏ အဖို့ရာ ရှည်လျားစွာသော ညဉ့် ကာလပတ်လုံး စီးပွါး, ချမ်းသာ အလို့ငှါ ဖြစ်ပါလိမ့်မည်”
ဟု တောင်းပန်စကား လျှောက်ထားပြန်လေ၏။ ထိုအခါမှာလည်း မြတ်စွာဘုရားသည် ရှေးနည်းအတူပင် “ချစ်သား ဗာဟိယ … တရားဟောရန် အခါမဟုတ်သေး၊ ငါဘုရား တို့သည် ဆွမ်းအလို့ငှါ မြို့တွင်း ဝင်နေကြကုန်၏”ဟူ၍ပင် မိန့်တော်မူ၏။ (ဣန္ဒြေ မရင့်ကျက်သေးသောကြောင့် ဤသို့ ပယ်မြစ်စကား မိန့်ကြားတော်မူသည်ဟု အထူးမှတ်ယူရာ၏)။
(ဤ၌။ ဗာဟိယ-ဒါရုစီရိယသည် ပစ္ဆိမဘဝိကသား ဖြစ်သောကြောင့် မိမိ၏ (အရဟတ္တဖိုလ်၏) အကြောင်း = ရှေးကောင်းမှုက တိုက်တွန်းနှိုးဆော်အပ် သောကြောင့် ဤကဲ့သို့ အသက် အန္တရာယ်ကို ထည့်၍ ဦးတည်၍ လျှောက်ထား လေသည်။ မှန်၏ -- ပစ္ဆိမဘဝိကသားတို့မှာ အရဟတ္တဖိုလ်သို့ မရောက်ပဲသာဖြင့် အသက်ကုန်ခြင်း = သေခြင်း မည်သည် အဘယ်နည်းနှင့်မျှ မဖြစ်နိုင်ချေ။
“မြတ်စွာဘုရားသည် ဗာဟိယအား တရားဟောတော်မူလိုပါလျက် အဘယ့်ကြောင့် နှစ်ကြိမ်တိုင်တိုင် ပယ်တော်မူသနည်း”ဟု မေးဖွယ် ရှိ၏။
အဖြေကား -- ထိုအချိန်၌ မြတ်စွာဘုရား၏ စိတ်သန္တာန်ဝယ် “ငါဘုရားကို ဖူးမြင် ရသောအချိန်မှစ၍ ဤဗာဟိယ၏ တကိုယ်လုံး နှစ်သက်ခြင်း = ပီတိတရား လွှမ်းလျက် ဖုံးလျက် ရှိလေသည်။ ပီတိအဟုန်ကား အလွန်အားကြီး နေသေး၏။ တရားနာသော်လည်း မဂ်, ဖိုလ် နိဗ္ဗာန်ကို ထိုးထွင်း၍ သိနိုင်မည် မဟုတ်သေး၊ အလယ်အလတ်ရှုမှု = မဇ္ဈတ္တုပေက္ခာ ဖြစ်လာသည် တိုင်အောင် ဆိုင်းငံ့ဦးမှ သင့်တော်မည်။
ထို့ပြင်လည်း ခရီးယူဇနာ တရာ့နှစ်ဆယ်ကို အပြင်း (ညတွင်းချင်း) လာခဲ့ရသော ကြောင့် ဗာဟိယ၏ ကိုယ်၌လည်း ပင်ပန်းနွမ်းနယ်မှု အလွန်အားကြီးနေသေးသည်။ ထိုပင်ပန်းနွမ်းနယ်မှု ငြိမ်းအေးအောင် စောင့်ဆိုင်း ငံ့လင့်ဦးမှ သင့်တော်မည်” ဟု အကြံတော် ဖြစ်ပွါးလေသည်။ ထို့ကြောင့် နှစ်ကြိမ်တိုင် ပယ်တော်မူသည်။ ဤကား အဖြေတည်း)။
ဗာဟိယ - ဒါရုစီရိယသည် သုံးကြိမ်မြောက်လည်း မြတ်စွာဘုရားရှင်ကို ဒုတိယ အကြိမ်က ကဲ့သို့ပင် တောင်းပန်စကား လျှောက်ထား ပြန်လေသည်။ ထိုသို့ သုံးကြိမ်မြောက် တောင်းပန်အပ်သော်ကား မြတ်စွာဘုရားရှင်သည် ဗာဟိယ- ဒါရုစီရိယ၏ ကိုယ်၌ကား --
(၁) အလယ်အလတ်ရှုမှု = မဇ္ဈတ္တုပေက္ခာ ဖြစ်ပွါးလာပြီကို၎င်း,
(၂) ခရီးပန်း နွမ်းနယ်မှု ငြိမ်းအေးပြီကို၎င်း,
(၃) ဗာဟိယ၏ သဒ္ဓါစသော ဣန္ဒြေ ရင့်ကျက်လာပြီကို၎င်း,
(၄) ဗာဟိယ၏ အသက်အန္တရာယ် နီးကပ်လာပြီကို၎င်း
သိမြင်တော်မူ၍ “ယခုအခါ ဗာဟိယအား တရားဟောရန် အချိန်တန်ပြီ” ဟု ဆင်ခြင် စဉ်းစားတော်မူပြီးလျှင် ဤ ဆိုလတ္တံ့သောအတိုင်း အကျဉ်းချုပ် တရားစကား ဟောကြားတော်မူလေ၏။ ဟောကြားတော်မူပုံမှာ --
(၁) ချစ်သားဗာဟိယ ... ထိုသို့ဖြစ်လျှင် သင်ချစ်သားသည် ဤသို့ကျင့်ရမည် - “မြင်အပ်သော အဆင်းမျိုးစုံ ရူပါရုံ၌ မြင်ကာမျှဖြစ်အောင် ကြားအပ်သော အသံမျိုးစုံ သဒ္ဓါရုံ၌ ကြားကာမျှဖြစ်အောင် တွေ့ရောက်အပ်သော အနံ့မျိုးစုံ ဂန္ဓာရုံ, ရသာမျိုးစုံ ရသာရုံ, အတွေ့မျိုးစုံ ဖောဋ္ဌဗ္ဗာရုံ၌ တွေ့ရောက်ကာ မဖြစ်အောင်, သိအပ်သော ရုပ်နာမ်မျိုးစုံ ဓမ္မာရုံ၌ သိကာမျှဖြစ်အောင်”ဟု ဤသို့လျှင် သင်ချစ်သားသည် ကျင့်ရမည်။
(၂) ချစ်သားဗာဟိယ… သင်ချစ်သားသည် အကြင် အခါ၌ ( ဝါ-အကြင့်ကြောင့် ) မြင်အပ်, ကြားအပ်, တွေရောက်အပ်, သိအပ်သော အာရုံ၌ မြင်ကာမျှ ကြားကာမျှ တွေ့ရောက်အပ်ကာမျှ, သိအပ်ကာမျှ ဖြစ် - အောင် ကျင့်ဆောင်ကြိုးကုတ် အားထုတ်နိုင်ငြားအံ့၊ ချစ်သားဗာဟိယ… သင်ချစ်သားသည် ထိုအခါ၌ (၀ါ- ထိုကြောင့် ) ထို မြင်အပ်, ကြားအပ်, တွေရောက်အပ်, သိအပ်သည့် အာရုံနှင့်စပ်သော ရာဂ,ဒေါသ, မောဟနှင့် ယှဉ်သူ = တပ်မက်သူ့, ပြစ်မှားသူ, တွေဝေသူ စင်စစ် ဖြစ်လိမ့်မည် မဟုတ်တော့ချေ။
(၃)ချစ်သားဗာဟိယ... သင်ချစ်သားသည် အကြင် အခါ၌ ( ဝါ-အကြင့်ကြောင့်) ထို မြင်အပ်,ကြားအပ် တွေ့ရောက်အပ်, သိအပ်သည့် အာရုံနှင့်စပ်သော ရာဂ, ဒေါသ, မောဟနှင့် မယှဉ်သူ=မတပ်မက်သူ, မပြစ်မှားသူ မတွေဝေသူ စင်စစ် ဖြစ်ခဲ့လျှင် _ ချစ်သားဗာဟိယ... သင် ချစ်သားသည် ထိုအခါ၌ (ဝါထိုကြောင့်) ထိုမြင်အပ်, ကြားအပ်, တွေရောက် အပ်, သိအပ်သော အာရုံ၌ တဏှာ, မာန, ဒိဋ္ဌိတိုဖြင့် မမှီသူ = ထိုအာရုံလေးစု၌ (= “ငါ့ဥစ္စာ ဥစ္စာ”ဟု တဏှာဖြင့်မစွဲငြိသူ မမှီသူ့ “ငါ'ဟု မာနဖြင့် မစွဲငြိသူ မမှီသူ့ “ငါ့လိပ်ပြာ”ဟု ဒိဋ္ဌိဖြင့် မစွဲငြိသူ မမှီသူ) စင်စစ် ဖြစ်ပေလိမ့်မည်။
(၄) ချစ်သားဗာဟိယ…သင်ချစ်သားသည် အကြင် အခါ၌ (ဝါ-အကြင့်ကြောင့် ) ထို မြင်အပ်, ကြားအပ်, တွေ့ရောက်အပ်, သိအပ်သော အာရုံ၌ တဏှာ, မာန, ဒိဋ္ဌိတိ ဖြင့် မမှီသူ စင်စစ် ဖြစ်ခဲ့လျှင် ချစ်သားဗာဟိယ….သင် ချစ်သားသည် ထိုအခါ၌ (ပါ-ထိုသို တဏှာ, မာန, ဒိဋ္ဌိတို ဖြင့် မမှီသူ စင်စစ် ဖြစ်သောကြောင့်ပင်) ၍ မျက်မှောက် ဘဝ = မနုဿဂတိ၌လည်း နောက်တဖန် ဖြစ်တော့မည် မဟုတ်၊ တမလွန်ဘဝဖြစ်သည့် = (ဒေဝဂတိ, နိရယဂတိ တိရစ္ဆာနဂတိ, ပေတဂတိတည်းဟူသော) ကြွင်းသည့် ဂတိလေးပါးတို့၌လည်း နောက်တဖန် ဖြစ်တော့မည် မဟုတ်၊ ဤ မျက်မှောက်ဘဝ = မနုဿဂတိ, တမလွန် ဘဝ = ကြွင်းသည့်ဂတိလေးပါး (ဝါ-မနုဿဂတိတည်း ဟူသော ဤ မျက်မှောက်ဘဝ, ကြွင်းသည့်ဂတိလေးပါး တည်းဟူသော တမလွန်ဘဝ) = ဤနှစ်ပါးကို ချန်လှပ် ဖယ်ရှား အလွတ်ထား၍ အခြားတပါး လားရောက်ဖွယ် ရာဂတိလည်း မရှိချေ။ ဤသို့ မျက်မှောက်ဘဝ, တမလွန် ဘဝတို၌ နောက်တဖန် ရုပ်နာမ်အသစ် မဖြစ်ခြင်းသည် ပင်လျှင် ကိလေသာဆင်းရဲ့ ဝဋ်ဆင်းရဲ၏ အဆုံးဖြစ်၏”- ဟု အနုပါဒါပရိနိဗ္ဗာန် အထွတ်တပ်၍ ဟောကြားတော်မူလေ သည်။
(ဤ၌။ ။ဗာဟိယ-ဒါရုစိရိယသည် သံခိတ္တရုစိပုဂ္ဂိုလ် (=အကျဉ်း ချုပ်တရားကို နှစ်သက်သောပုဂ္ဂိုလ်)ဖြစ်သည်။ ထို့ကြောင့်ပင် မြတ်စွာဘုရားရှင်သည့် ဗာဟိယ-ဒါရုဝီရိယအား အာရုံခြောက်ပါး ကမ္မဋ္ဌာန်းကို ဟောကြားတော်မူရာဝယ် ခြောက်စု ခြောက်ပုံ ဟောတော်မမူပဲ (ဂန္ဓာရုံ ရသာရို့ ဖောဋ္ဌဗ္ဗာရုံတို့ကို တွေရောက်အပ်သော အာရုံမျိုး ဖြစ်၍ မုတဟူသော အမည်ဖြင့် တခုတည်းပြုပြီးလျှင်) ဒိဋ္ဌ=မြင်အပ် သောအာရုံ သုတံ=ကြားအပ်သောအာရွံ့ မုတ=တွေရောက်အပ်သော အာရွံ့ ဝိညာတ=သိအပ်သောအာရုံဟု လေးစုလေးပုံထား၍ ဟော ကြားတော်မူလေသည်။
(၁) ရှေးဖော်ပြရာပါ တရားဒေသနာ စကားရပ်လေးရပ်တို့တွင် ၁.အမှတ်ပြ ဒေသနာ စကားရပ်၌ “မြင်အပ်, ကြားအပ် တွေ့ရောက်အပ် သိအပ်သော အာရုံလေးပါး သင်္ခါရတရားအစု၌ မြင်ကာမျှ ကြားကာမျှ, တွေရောက်ကာမျှ, သိကာမျှ ဖြစ်အောင် ကျင့်ဆောင် အားထုတ်ရမည်” ဟူသည်မှာ-အဆင်းကိုမြင်သည့် စက္ခုဝိ စက္ခုဝိညာဏ်စိတ် ဖြစ်သောအခါ အသံကိုကြားသည့် သောကပိညာဏ်စိတ် ဖြစ်သော အခါ အနံ့ကို တွေရောက်နမ်းရှူသည့် ဃာနဝိညာဏ်စိတ်, အရသာကို တွေရောက် စားလျက်သည့် ဇီဝှါဝိညာဏ်စိတ်, အတွေဖောဋ္ဌဗ္ဗာရုံကို ထိရောက်တွေသိသည့် ကာယဝိညာဏ်စိတ်, ရုပ်နာမ်မျိုးစုံ ဓမ္မာရုံကို သိသည့် မနောဒ္ဓါရာဝဇ္ဇန်းစိတ်=ဤစိတ်များဖြစ်ကြသော အခါတို့၌ မြင်ကာမျှ ကြားကာမျှ တွေရောက်ကာမျှ သိကာမျှ သဘောတ္တိသာ လျှင် ဖြစ်၍ တပ်မက်မှု=ရာဂသဘော ပြစ်မှားမှု=ဒေါသသဘော တွေဝေမှု=မောဟသဘောတို့ လုံးဝမပါရှိချေ။ (အသင် စာဖတ်သူ သည် တတ်နိုင်ပါလျှင် ပဉ္စဒ္ဒါရဝီထိနှင့် မနောဒွါရီထိ ဖြစ်ပုံကို အာရုံပြုထားစေချင်ပါသည်)။
(စက္ခုဝိညာဏ် = အမြင်စိတ်, သောတဝိညာဏ် = အကြားစိတ်, သာနဝိညာဏ်=အနံစိတ် ဇိဝှါဝိညာဏ်=လျက်စိတ် စားစိတ်, ကာယ ဝိညာဏ်=အတွေ့စိတ်=ဤစိတ် ၅-မျိုးကို ပဉ္စဝိညာဏ်ဟူ၍ ခေါ်၏)။ ပဉ္စဒွါရဝီထိ, မနောဒွါရဝီထိ စိတ်အစဉ်တို့ဖြစ်ကြသောအခါ ပဉ္စဝိညာဏ်စိတ်ဖြစ်သောခဏ မနောဒွါရာဝဇ္ဇန်း စိတ်ဖြစ်သောခဏတို့၌ မြင်ရုံ ကြားရုံ နံရံ လျက်ရွံ့ စားရွံ့ ထိရုံ သိရုံ သဘောတိုမျှသာ ဖြစ်၍ တပ် မက်မှု=ရာဂ ပြစ်မှားမှု=ဒေါသ တွေဝေမှု=မောဟသဘောတို လုံးဝ မပါရှိသကဲ့သို့ ထိုပဉ္စဝိညာဏ်စိတ်, မနောဒ္ဒါရာဝဇ္ဇန်းစိတ်တို၏ နောက် ဝယ် အလှည့်အကြိမ်ရောက်၍ ဖြစ်ပွါးလာသော အဟုန်ဖြင့်ဖြစ်ကာ အာရုံ၏အရသာကို ပိုင်နိုင်စွာသုံးဆောင်သော ဇောစိတ်အစဉ်တို ဖြစ်ပွားသောအခါမှာလည်း လောဘ, ဒေါသ, မောဟသဘောတို့ လုံးဝမပါရှိအောင် (=လောဘဇော မကျအောင် ဒေါသဇော မကျအောင် မောဟဇော မကျအောင်) သင်ချစ်သား ကျင့်ဆောင်ကြိုးကုတ် အား ထုတ်ရမည်ဟု ဟောတော်မူလိုရင်းဖြစ်သည်။
ထိုသို့ “မြင်အပ်, ကြားအပ်, တွေ့ရောက်အပ်, သိအပ်သော အာရုံလေးစု၌ လောဘဇော့ ဒေါသဇော, မောဟဇောများ မကျအောင် ကျင့်ရမည်” ဟု ဟောတော်မူသော မြတ်စွာဘုရားရှင်၏ အလိုတော်မှာ လည်း “ချစ်သားဗာဟိယ... ထိုအာရုံလေးစု သင်္ခါရတရားအစုတို့၌ မြဲသည် ချမ်းသာသည် ့ တင့်တယ်သည် ့ ခိုင်မာသည်-ဟု အလွဲလွဲ ရှုလျှင် လောဘဇော ဒေါသဇော, မောဟဇောတ္တိ ကျနိုင်၏။ မမြဲ ဆင်းရဲ့ မတင့်တယ်, မခိုင်မာ--ဟု ရှုမှသာလျှင် လောဘဇော, ဒေါသ ဇေ မောဟဇောတို့ မကျပဲ ဝိပဿနာ မဟာကုသိုလ်ဇောကို ကျနိုင် ဖြစ်နိုင်သည်၊ ထိုကြောင့် သင်ချစ်သားသည် ထိုအာရုံလေးစု သင်္ခါရ တရားအစုတို့၌ နိစ္စ= မြဲသည် သုခ=ချမ်းသာသည် သုဘ=တင့်တယ် သည် အတ္တ=ခိုင်မာသည်’ဟု အလွှဲလွှဲမရှုပ် အနိစ္စ=မမြို့ ဒုက္ခ= ဆင်းရဲ့ အနတ္တ=မခိုင်မာ-ဟူ၍ အမှန်ရှုသော ဝိပဿနာ မဟာကုသိုလ် ဇောများ ဖြစ်ပွါးအောင်သာ အားထုတ်ကျင့်ဆောင်ရမည်” ဟု ဟော တော်မူလိုရင်းဖြစ်သည်။`
ထိုကြောင့် မြတ်စွာဘုရားသည် ဗာဟိယ-ဒါရုစီရိယအား (၁) ဤ ၁-အမှတ်ပြ ဒေသနာစကားရပ်ဖြင့် “အာရုံလေးစု သင်္ခါရတရားအစုတို့၌ အနိစ္စ ဒုက္ခ အသုဘ အနတ္တ-ဟု ရှုရန် ညွှန်ပြီတော်မူသောကြောင့် ဤစကားရပ်ဖြင့် အောက်ဝိသုဒ္ဓိ ၆-ပါး ဝိပဿနာဉာဏ် ဆယ်ပါးကို အကျဉ်းချုပ် ဟောကြားတော်မူသည်” ဟု ဆိုလိုရင်းကို ` မှတ်ယူရာ၏။
(၂) ၂-အမှတ်ပြ ဒေသနာစကားရပ်၌ “ချစ်သားဗာဟိယ… သင် ချစ်သားသည် မြင်အပ်, ကြားအပ်, တွေရောက်အပ်, သိအပ်သည့် အာရုံလေးစု သင်္ခါရတရားအစု၌ ဝိပဿနာဉာဏ်ဆယ်ထောက် အောင် မြင်စွာ ကျင့်ဆောက်က မဂ်ဉာဏ်သို့ရောက်၍ လောဘ, ဒေါသ မောဟ ကို အမြစ်ပြတ် သမုစ္ဆေဒပဟာန်ဖြင့် ပယ်ပြီးသူ ပယ်နိုင်သူဖြစ်ကာ တပ် မက်သူ့ ပြစ်မှားသူ့ တွေဝေသူ စင်စစ် မဖြစ်လတ္တံ့ = မတပ်မက်သူ့ မပြစ်မှားသူ မတွေဝေသူ စင်စစ် ဖြစ်လိမ့်မည်”ဟု ဟောတော်မူလိုရင်း ဖြစ်သောကြောင့် ထို ၂-အမှတ်ပြ ဒေသနာစကားရပ်ဖြင့် မဂ်လေးပါးကို ဟောတော်မူလိုရင်းဖြစ်သည်ဟု သိမှတ်ရာ၏။
(၃) အရိယာသခင် အရှင်သူမြတ်တို့မှာ အရိယဖိုလ် ရောက်သောအခါ အာရုံလေးစု သင်္ခါရတရားအစုတို့၌ ငါ ငါ့ဥစ္စာ ငါ့လိပ်ပြာဟု တဏှာ, မာန, ဒိဋ္ဌိ အစွန်းအငြိ လုံးဝမရှိသောကြောင့် ၃-အမှတ်ပြ ဒေသနာစကားရပ်ဖြင့် ကားရပ်ဖြင့် အရိယဖိုလ်ကို ဟောတော်မူအပ်၏ဟု သိမှတ် ရာ၏။
(၄) ဤ ၄-အမှတ်ပြ ဒေသနာစကားရပ်ဖြင့် ရဟန္တာပုဂ္ဂိုလ်မှာ ပရိနိဗ္ဗာန စုတိစိတ်တော်မှ နောက်အခါ၌ မျက်မှောက်ဘဝတည်း ဟူသော ဤ မနုဿဂတိ တမလွန်ဘဝဟူ၍ ခေါ်ဆိုအပ်သည့် ကြွင်းသော ဂတိလေးပါးတို့၌ ရုပ်နာမ်ခန္ဓာအသစ် မဖြစ်သောချုပ်ငြိမ်းမှု (ယင်း ချုပ်ငြိမ်းမှုကိုပင် အနုပါဒါပရိနိဗ္ဗာန်ဟူ၍ ခေါ်သည်၊) အနုပါဒါပရိနိဗ္ဗာန်ကို ဟောတော်မူအပ်၏ဟု သိမှတ်ရာ၏)။
ဗာဟိယ-ဒါရုစီရိယသည် မြတ်စွာဘုရား၏ တရားတော်ကို ကြားနာစဉ်ပင် သီလလေးပါးတို့ကို ` သုတ်သင်စင်ကြယ်စေ၍ ရရှိသော စိတ္တသမာဓိကို အမှီပြုကာ ဝိပဿနာတရား ထိုတထိုင် တည်းမှာပင် ပွားများအားထုတ်သဖြင့် လျင်မြန်သော `မဂ်ဖိုလ် ပညာ အသိဉာဏ်ရှိသူ ( = ခိပ္ပါဘိညပုဂ္ဂိုလ်) ဖြစ်သောကြောင့် ထိုခဏမှာပင် အာသဝေါတရား လေးပါးတို့ကို လေးပါးတို့ကို ကုန်ခန်းစေ၍ ပဋိသမ္ဘိဒါဉာဏ် လေးပါးတို့နှင့်တကွ အရဟတ္တဖိုလ် ဆိုက် ရောက်လေ၏ = ပဋိသမ္ဘိဒါပတ္တ ရဟန္တာ ဖြစ်လေ၏။
အရှင်ဗာဟိယ – ဒါရုစီရိယ ရဟန္တာသည် အရဟတ္တဖိုလ်သို့ ရောက်ပြီးနောက် ပစ္စဝေက္ခဏာဉာဏ် (၁၉ ) တဆယ့်ကိုးတန် ပိုင်ပြီးလတ်သော် ဓမ္မတာတရား လှုံ့ဆော် တိုက်တွန်းချက်အရ
မြတ်စွာဘုရားကို သူ့အား ရှင်, ရဟန်းပြုပေးပါရန် တောင်းပန် လျှောက်ထားလေသည်။
မြတ်စွာဘုရားရှင်သည် “သင့်မှာ သပိတ် သင်္ကန်း ပြည့်စုံပြီလော"ဟု မေးတော်မူ၍ “မပြည့်စုံသေးပါ ဘုရား”ဟု ဗာဟိယကပြန်ကြား လျှောက်ထားသောအခါ “ထိုသို့ဖြစ်လျှင် သင် သပိတ်, သင်္ကန်းကို ရှာဦးလော့”ဟု မိန့်တော်မူ၍ မြတ်စွာဘုရားသည် သာဝတ္ထိပြည်တွင်းသို ဆွမ်းခံဆက်၍ ကြွသွားတော်မူလေ၏။
(ဗာဟိယကား ကဿပမြတ်စွာ သာသနာ၌ အနှစ် (၂၀၀၀၀) နှစ်သောင်းကြာ ရဟန်းတရား အားထုတ်စဉ် “ရဟန်းမည်သည် မိမိကိုယ်တိုင် ပစ္စည်းလေးပါးတို့ကို ရရှိလျှင် ဒါနအားလျော်စွာ ပြုသဖြင့် ကိုယ်တိုင်ပင် သုံးဆောင်သင့်သည်”ဟု ယူဆကာ အခြားအဖော်ရဟန်း တပါးအားမျှလည်း သပိတ် သင်္ကန်း ပေးကမ်းချီးမြှောက်မှု မပြုခဲ့ချေ။ ထိုကြောင့် ထိုဗာဟိယ၏ ခန္ဓာအစဉ်မှာ ဧဟိဘိက္ခု ခေါ်ယူလောက်သည့် ဥပနိဿယည်း ပစ္စည်းကောင်းမှု မပါရှိချေ၊ ထိုကြောင့် မြတ်စွာဘုရားရှင်က ဧဟိဘိက္ခု ခေါ် တော်မမူ။ ကေစိဆရာတို့ကမူ “ဗာဟိယသည် ဗုဒ္ဓသုညကမ္ဘာတခု၌ ခိုးသူဖြစ်ခဲ့၍ လေးတောင့် ( = မြှားကျည်တောက်)တို့ကို ဖွဲ့ဆောင်ကာ တောအရပ်၌ ခိုးမှု တိုက်မှု ပြုနေစဉ် ပစ္စေကဗုဒ္ဓါတစ်ဆူကို တွေ့ရ၍ သပိတ် သင်္ကန်း၌ တပ်မက်သော လောဘဖြင့် ထိုပစ္စေကဗုဒ္ဓါအရှင်မြတ်ကို မြှားဖြင့် ပစ်သတ်၍ သပိတ် သင်္ကန်းကို လုယူခဲ့ဘူးလေသည်။ ထို့ကြောင့် ထိုဗာဟိယမှာ (မြတ်စွာဘုရားက ဧဟိ ဘိက္ခု ဟု ခေါ်တော်မူစေကာမူ) ဣဒ္ဓိမယ သပိတ် သင်္ကန်း ဖြစ်လာလိမ့်မည် မဟုတ်-ဟု ဤ အကြောင်းကို သိတော်မူသောကြော မြတ်စွာဘုရားသည် ဧဟိ ဘိက္ခု ခေါ်တော်မမူ”ဟူ၍ မိန့်ဆိုကြ၏။ .. ( ဥဒါန ဋ္ဌ၊ မျက်နှာ ၈၅-မှ )။ ဤ ကေစိဆရာတို ဖော်ပြအပ်သည့် အကုသိုလ်ကံမှာ ဗာဟိယ၏ ချည်အဝတ်ကောင်းကို မဝတ်ရ ပျဉ်ချပ်ကိုသာ ဝတ်ရခြင်းအကျိုးနှင့် အထူးပင် အကြောင်း, အကျိုးဆက်စပ် လှ၏) ။
ဗာဟိယ နွားဝှေ့ခံရ၍ အသက်ကုန်ခြင်း
ဗာဟိယသည် မြတ်စွာဘုရားရှင်နှင့် ခွဲခွါခဲ့ပြီးလျှင် သာဝတ္ထိ ပြည်အတွင်း၌ သပိတ်, သင်္ကန်းကို လှည့်လည်ရှာကြံလေ၏၊ ထိုသို သပိတ်, သင်္ကန်းရှာ လှည့်လည်နေသော ဗာဟိယကို သားရှိ အမိဖြစ်သော နွားမတကောင်သည် အပြေးလိုက်ကာ ဝှေ့၍ အသက်ကုန်ခြင်းသို့ ရောက်စေလေ၏။
(လွန်လေပြီးသောအခါ သူဌေးသားလေးယောက်တို သည် ပြည့်တန်းဆာမတယောက်ကို ဥယျာဉ် ခေါ် ဆောင်၍ တစ်နေ့ပတ်လုံး မြူးထူးပျော်ပါးကြပြီး နေဝင်သောအခါ သူဌေးသားတစ်ယောက်က ကျန်သူငယ်ချင်း သူဌေးသားသုံးယောက်တို့ကို “ သူငယ်ချင်းတို … ဤပြည့်တန်ဆာမ၏ လက်၌ ငွေတထောင်, ရွှေများစွာတို့နှင့် အဖိုးတန် တန်ဆာများ ပါရှိလေသည်၊ ဤ ဥယျာဉ်၌ အခြားသူ တစ်ဦးတယောက်မျှ မရှိ၊ ညဉ့်အခါလည်း ဖြစ်ခဲ့ပြီ၊ ကိုင်း ..ငါတိုသည် ဤ ပြည့်တန်ဆာမကို သတ်၍ ဥစ္စာအားလုံးကို ယူဆောင်သွားကြစို့” ဟု တိုင်ပင်လေ အကြံပေးလေသည်။ သူငယ်ချင်းလေးဦးလုံးပင် စိတ် သဘောတူ ပြည့်တန်ဆာမကို သတ်ရန်အားထုတ်ကြ လေ၏။ ပြည့်တန်ဆာမသည် ထိုသူလေးယောက်တို့က ထိုးကြိတ် ရိုက်ပုတ် သတ်ဖြတ်ကြစဉ်ပင် “ဤသူတို့ကား အရှက်မဲ့ကြ ကရုဏာမဲ့ကြကုန်၏၊ ငါနှင့် ကိလေသာ အလိုလိုက် ပျော်ပိုက်ကြပြီး အပြစ်မဲ့သူ ငါ့ကို သက်သက်မဲ့ ဥစ္စာလောဘဖြင့် သတ်ကြ၏။ ဤသူတို့သည် ငါ့ကို တစ်ကြိမ်တော့ (ငါ အားနွှဲ၍) သတ်ကြစေဦးတော့၊ ငါတမူကား ဘီလူးမ ဖြစ်ပြီးလျှင် ဤသူလေးယောက်တို့ကို အကြိမ် များစွာ သတ်နိုင်သည့်ကိုယ် ဖြစ်ရပါလို၏”ဟု ဆုတောင်း ၍ သေလေ၏။
ထိုသူလေးယောက်ဟိုတွင် တယောက်ကား ပုက္ကူသာတိ အမျိုးကောင်းသား ဖြစ်လာလေသည်၊ တယောက်ကား (ယခု) ဗာဟိယ-ဒါရူစီရိယ, အခြားတယောက်ကား တမ္ဗဒါဌိကခိုးသတ်သွား, အခြားတယောက်ကား သုပ္ပဗုဒ္ဓ အနာကြီးရောဂါရှိသူ ဖြစ်ကြလေသည်၊ ဤသိုလျှင် ဤသူ လေးယောက်တို့ကို အရာမက များစွာသော ကိုယ်အဖြစ်၌ပင် ပြည့်တန်ဆာမသည် ဘီလူးမျိုး၌ဖြစ်သော နွားမ ဖြစ်၍ ( = နွားမယောင်ဆောင်၍) သတ်ခဲ့လေသည်။ ထိုသူလေးယောက်လုံးပင် ထိုအကုသိုလ်ကံ၏ အကျိုးဆက်ကြောင့် ထိုထိုဘဝ၌ အသက်တမ်းမကုန်မီ အကြား၌ သေခြင်းသို့ ရောက်ခဲ့ကြရလေပြီ။ ဤသိုလျှင် ဖော်ပြရာပါ အကုသိုလ်ကံကြောင့် `ဗာဟိယ၏ အဆောတလျင် သေခြင်း ဖြစ်လေသည်ဟု မှတ်ရာ၏။
မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည်အတွင်း ဆွမ်းခံကြွပြီးသော် ဆွမ်းကိစ္စပြုပြီးနောက် ရဟန်းအပေါင်းခြံရံလျက် မြို့မှ ထွက်တော်မူလေလျှင် ဗာဟိယ၏ ဥတုဇရုပ်ကိုယ် အမှိုက်ပုံ၌ ကျရောက်နေသည်ကို မြင်တော်မူ၍ ရဟန်းတို့ကို “ ရဟန်းတို့.... သွားကြကုန်၊ အိမ်တံခါးတခု၌ ရပ်တည်ကြကာ ညောင်စောင်း ငယ်တခုကို ယူဆောင်စေကြ၍ ဤဗာဟိယ၏ ဥတုဇရုပ်ကိုယ်ကို ထုတ်ဆောင်ပြီး ဖုတ်ကြည်းသင်္ဂြိုဟ်ကြ၍ အရိုးဓာတ်ကို စေတီ တည်ကြကုန် န်လော့”ဟု မိန့်တော်မူ၏။ ရဟန်းတို့သည် မြတ်စွာ ဘုရားရှင် မိန့်တော်မူတိုင်း ပြုလုပ်ကြလေကုန်၏။
ထိုသို့ ပြုလုပ်ကြပြီးနောက် ရဟန်းတို့သည် ကျောင်းတိုက်တော် သို ပြန်ရောက်ကြ၍ မြတ်စွာဘုရားထံတော်သို့ ဆည်းကပ်ကြပြီးလျှင် မိမိတို ရွက်ဆောင်ခဲ့သောကိစ္စကို လျှောက်ထားကြပြီးနောက် “မြတ်စွာဘုရား…ဗာဟိယ၏ လားရောက်ရာဂတိကား အဘယ် ပါနည်း၊ ရှေးရှူရောက်ရာ တမလွန်ဘဝကား အဘယ်ပါနည်း၊ (တနည်း) မြတ်စွာဘုရား.. ဗာဟိယ၏ အဖြစ်ကား အဘယ် ပါနည်း == အရိယာလေလော, ပုထုဇန်လေလော၊ ရှေးရှုရောက်ရာကား အဘယ်ပါနည်း=ဘဝသံသရာ၌ တဖန်ဖြစ်ခြင်းပင်လော ဘဝ၏ချုပ်ငြိမ်းခြင်း ချုပ်ငြိမ်းရာပင်လော” ဟု မေးလျှောက်ကြ လေကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ ရဟန်းတို ဗာဟိယသည် ပညာရှိ၏၊ လောကုတ္တရာတရားအားလျော်သော အကျင့်ကို ကျင့်၏၊ တရားဟူသော အကြောင်းကြောင့် ငါဘုရားကို မညှဉ်းဆဲ၊ ရဟန်းတို့...ဗာဟိယသည် ပရိနိဗ္ဗာန် ဝင်စံချုပ်ငြိမ်း ဘုံဇာတ်သိမ်းလေပြီ” ဟု မိန့်တော်မူလေ၏။
(ဤ၌။ ။အရှင်ဗာဟိယ – ဒါရုစီရိယ၏ အရိုးဓာတ်ကို စေတီတော် အတည်ခိုင်းခြင်းဖြင့်ပင် ထိုအရှင်၏ ပရိနိဗ္ဗာန်စံကြောင်းကား အနက်သွားအားဖြင့် ထင်ရှား၏၊ ထိုသို့ထင်ရှားသော်လည်း ထိုမျှဖြင့် မရိပ်မိ မသိရှိသော ရဟန်းတို့က ထိုသို့မေးလျှောက်ခြင်း ဖြစ်သည်၊ တနည်း အထူးသဖြင့် ထင်ရှားအောင် လျှောက်ထား မေးမြန်းကြခြင်း ဖြစ်သည်ဟု အထူးမှတ်ရာ၏)။
ဓမ္မပဒဂါထာ ဟောကြားခြင်း
ထိုသို မြတ်စွာဘုရားရှင်က အရှင်ဗာဟိယ-ဒါရုစီရိယ ပရိ- နိဗ္ဗာန် စံလွန်ပြီဖြစ်ကြောင်းကို မိန့်ဆိုတော်မူသောအခါ ရဟန်း တိုသည် “မြတ်စွာဘုရား.. အရှင်ဘုရားတို့သည် “ဗာဟိယ-ဒါရ- စီရိယသည် အရဟတ္တဖိုလ်သို့ ရောက်ပြီ'ဟု မိန့်တော်မူကြ၏၊ အဘယ်အခါက ထိုဗာဟိယဒါရုစီရိယသည် အရဟတ္တဖိုလ်သို ရောက်ပါသနည်း”ဟု မေးမြန်းလျှောက်ထားကြကုန်၏။ မြတ်စွာ ဘုရားရှင်က “ငါဘုရား၏ တရားကို ကြားပြီးစကပင် အရဟတ္တ ဖိုလ်သို ရောက်လေသည်”ဟု မိန့်တော်မူလျှင် ရဟန်းတို့သည် မြတ်စွာဘုရားရှင်ကို “မြတ်စွာဘုရား... အရှင်ဘုရားတို့သည် အဘယ်အခါ၌ ထိုဗာဟိယ-ဒါရုစီရိယအား တရားဟောတော် မူအပ်ပါသနည်း”ဟု မေးလျှောက်ကြပြန်ကုန်၏။ မြတ်စွာဘုရား ရှင်က “ယနေ့ပင် ဆွမ်းခံလှည့်လည်သော ငါဘုရားသည် လမ်း ခရီးအကြား၌ ရပ်တည်၍ တရားဟောအပ်ခဲ့ပြီ” ဟု မိန့်တော် မူလေလျှင် ရဟန်းကိုသည် “မြတ်စွာဘုရား….. အရှင်ဘုရားတို လမ်းခရီးအကြား၌ ရပ်တည်၍ ဟောတော်မူအပ်သော တရား ကား အနည်းအပါးမျှသာ ဖြစ်ပါသည်၊ အဘယ်သ္မိလျှင် ထို ဗာဟိယ-ဒါရိုစီရိယသည် ထိုမျှ (အနည်းငယ်) သော ကရားဖြင့် မဂ်ဖိုလ်တရားထူးကို ဖြစ်စေနိုင်ပါသနည်း”ဟု လျှောက်ထားကြ ပြန်လေ၏။
ထိုအခါ မြတ်စွာဘုရားရှင်သည် ရဟန်းတို့ကို “ရဟန်းတို... ငါဘုရား၏ တရားကို သင်ချစ်သားတိုသည် အဘယ့်ကြောင့် နည်းသော, များသော ဟူ၍ နှိုင်းရှည်စကား ပြောကြားကြဘိ သနည်း၊ ထောင်ပေါင်းများစွာ ဂါထာကိုပင် ဖြစ်လင့်ကစား အကျိုးနှင့်မစပ်ယှဉ်မူ မချီးမွမ်းအပ် မမြတ်ပချေ၊ အကျိုး၌မှီသော * စကားဖြစ်မူကား ဂါထာတပိုဒ်ပင်သော်လည်း ချီးမွမ်းအပ် မြတ် လှပေ၏”ဟု မိန့်တော်မူ၍ ဓမ္မပဒကျမ်း၌ ဤ ဆိုလတ္တံ့သော ဂါထာကို ဟောကြားတော်မူလေ၏။
သဟဿမပိ စေ ဂါထာ၊ အနတ္ထပဒသဒ္ဓိတာ။ ဧကံ ဂါထာပဒံ သေယျော၊ ယံ သုတွာ ဥပသမ္မတိ။
ဘိက္ခဝေ = ရဟန်းတော်များ အို ချစ်သားတို့….။ သဟဿမပိ စေ ဂါထာ=အထောင်သင်္ချာ ဂါထာတ္တိပင် ဖြစ်လင့်ကစား။ အနတ္ထပဒသဌိတာ=အကျိုးမဟဲ့. မိုးဖွဲ့ တောင်ဖွဲ့စသော ပုဒ်ဝါကျနှင့် စပ်ယှဉ်ဘိမူ။န သေယျော= အဘယ်နည်းဖြင့်မျှ မချီးမွမ်းအပ် မမြတ်ပချေ။ ယံ = အကြင် “အပ္ပမာဒေါ အမတံ ပဒံ” အစရှိသော ဂါထာ ပိုဒ်ကို။ သုတွာ = သဒ္ဓါနားဖြင့် နာကြားရသည်ရှိသော်။ ဥပသမ္မတိ = ကိလေသာဟူ အပူခပ်သိမ်း အပြီးတိုင်ငြိမ်း အေး၏။ တံ ဧကံ ဂါထာပဒံ = ထို ကိလေသာငြိမ်း ကြောင်း တရားဂါထာ ပိုဒ်ကောင်းတခုက သာလျှင်။ သေယျော = အထူးသဖြင့် ချီးမွမ်းအပ် မြတ်လှပေ၏။
ဤတရားဒေသနာ ဂါထာနိဂုံး ဆုံးလတ်သောအခါ များစွာသော သူတို့သည် သောတာပတ္တိဖိုလ်စသည်တို့ ဆိုက်ရောက်ကြလေကုန်၏။
( ဂ) ဧတဒဂ်ဘွဲးထူးဖြင့် ချီးကျူးတော်မူခြင်း
မြတ်စွာဘုရားရှင်သည် နောက်တချိန်ဝယ် အရိယာသံဃာ အလယ်၌ စံပယ်မွေ့လျော် ထိုင်နေတော်မူလျက် အရှင်ဗာဟိယ- ဒါရုစီရိယ(ပရိနိဗ္ဗာန်စံလေပြီးသော) ရဟန္တာသူမြတ်ကို—
“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ ခိပ္ပါ- ဘိညာနံ ယဒိဒံ ဗာဟိယော ဒါရုစီရိယော=ရဟန်းတွို… လျင်မြန်စွာရအပ်သည့် မဂ်ဖိုလ်အသိဉာဏ်ရှိကြသော ငါ့ ဘုရား၏ တပည့်သာဝကရဟန်းတိုတွင် ပျဉ်ချပ်ကိုဝတ်သော ဗာဟိယသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”— ဟု ချီးကျူးမြွက်ဆိုတော်မူကာ“ခိပ္ပါဘိည=မဂ်ဖိုလ်အသိဉာဏ်ကို လျင်မြန်စွာရသော အရာဝယ် အသာဆုံး အမြတ်ဆုံး == ဧတဒဂ် ရာထူး၌ ထားတော်မူလေ၏။
ဤကား အရှင်ဗာဟိယ-ဒါရုဝီရိယမထေရ် အကြောင်းတည်း။
Commentaires