#သာသနာ_ကွယ်ခြင်း
ဂေါတမဗုဒ္ဓ၏ သာသနာတော်သည် ငါးပါးသော ကွယ်ခြင်းဖြင့် ကွယ်ရပေလိမ့်မည်။ (၁)ပဋိသမ္ဘိဒါခေတ် ကွယ်ခြင်း (၂)မဂ်ဖိုလ် ကွယ်ခြင်း (၃)အကျင့် ကွယ်ခြင်း (၄)ပရိယတ္တိ ကွယ်ခြင်း (၅)သံဃာ ကွယ်ခြင်း
(၁)ပဋိသမ္ဘိဒါလေးပါးနှင့် ပြည့်စုံသော ရဟန္တာခေတ်ကွယ်ခြင်း
ဂေါတမဘုရား ပရိနိဗ္ဗာန်လွန်၍ အနှစ်တစ်ထောင်ရှိလျှင် ပဋိသမ္ဘိဒါလေးပါးနှင့် ပြည့်စုံသော ရဟန္တာအဖြစ်ကို မရလတ္တံတည်း။
(၂)မဂ်ဖိုလ် ကွယ်ခြင်း ထို့နောက်သောအခါ သောတာပတ္တိဖိုလ်၊ သကဒါဂါမိဖိုလ်၊အနာဂါမိဖိုလ်ကိုသာ ရနိုင်၏။
(၃)အကျင့်ကွယ်ခြင်း ထို့နောက် အဆုံးစွန်သော ပါရာဇိကကိုသာ စောင့်လတ္တံ၊ ပါရာဇိက စောင့်သော ရဟန်းတို့ ကာလ၌လည်း အနှစ်တစ်ထောင်တည်၏။ ထိုရောအခါ အဆုံးစွန်သော ရဟန်းတစ်ပါးသည် သီတင်းပျက်ခြင်း၊ အသက်ကုန်ခြင်းသို့ ရောက်လေ၏။ ဤကား အကျင့်ကွယ်သည် မည်၏။
(၄)ပရိယတ္တိကွယ်ခြင်း ပရိယတ္တိကွယ်ခြင်းဟူသည်ကား တရျွေ့ရျွေ့ကြာလတ်သော် အမျိုးယုတ်သော အုပ်ချုပ်သူ နိုင်ငံ့ခေါင်းဆောင်တို့သည် တရားမစောင့်လတ္တံ့၊ အုပ်ချုပ်သူ မစောင့်လတ်သော် လွှတ်တော်အမတ်၊ စစ်ဗိုလ်ချုပ်ကြီးတို့လည်း မစောင့်လတ္တံ့၊ လွှတ်တော်အမတ်၊ စစ်ဗိုလ်ချုပ်ကြီးတို့ မစောင့်လတ်သော် ပြည်သူတို့လည်း မစောင့်လတ္တံ့။ ထိုအခါ မိုးကောင်းစွာမရွာ၊ မိုးမရွာလတ်သော် ကောက်ပဲသီးနှံ မကောင်း၊ ကောက်ပဲသီးနှံ မကောင်းသော် ဒါယကာတို့သည် ပစ္စည်းလှူအံ့သောဌာ မတတ်နှိင်၊ ဒါယကာတို့ မတတ်နှိင်သော် ရဟန်းတို့သည် ပစ္စည်းလေးပါးမရ၊ ပစ္စည်းလေးပါး မရလတ်သော် တပည့်သားတို့အား သင်္ဂြုဟ်ချီးမြှောက်ခြင်းကို မပြုရလတ္တံ့၊ နောက်ကျလတ်သော် ပရိယတ္တိယုတ်လေ၍ ရှေးဦးစွာ ပဌာန်းကျမ်းကြီး ကွယ်မည်။ ထို့နောက် ယမိုက်၊ အဂုင်္တ္တရနိကာယ်၊ ကထာဝတ္ထု၊ ပုဂ္ဂလပညတ်၊ ဝိဘင်းကျမ်း၊ မဇ္ဈိမနိကာယ်၊ ခုဒ္ဒနိကာယ်၊ ဒီဃနိကာယ် ကွယ်လတ္တံ့။ နောင်ကာလသော် သဒ္ဓါကြည်ညိုသော နိုင်ငံအုပ်ချုပ်သူ တစ်ယောက်သည် ငွေကြေးတန်ဖိုးများစွာကို ထိုခေတ်တွင်ဖြစ်ပေါ်မည့် ယာဉ်ပေါ်တင်၍ ဘုရားမြတ်စွာ ဟောတော်မူသော တရားလေးပုဒ် လေးဂါထာကို ဟောပြောနိုင်သောသူကို တွေ့လျှင် ဤငွေများကို ယူစေဟူ၍ အရပ်လေးမျက်နှာအနှံ့ ကမ္ဘာပတ်ရှာစေ၏။ ထိုသို့ရှာပါသော်လည်း တရား ဟောနိုင်သောသူကို မရနိုင်။ထိုအခါ ပရိယတ္တိ ကွယ်သည်မည်၏။
တစ်နည်းလည်း သာသနာ့ဝန်ထမ်း ရဟန်းများသည် ဘုရားဟော ပိဋကတ်တော်တို့ကို မသင်ပဲ လောကီစာကိုကို အထင်ကြီးကြီး သင်ကြအံ့ ထိုအခါ ပရိယတ္တိ ကွယ်မည်။
(၅)သံဃာကွယ်ခြင်း နောင်ကာလသော် ဖန်ရည်စွန်းသော သင်္ကန်းဖြင့် အဘယ်အကျိုးရှိအံ့နည်ဟု တစ်ထွာ၊ တစ်မိုက်ဆုတ်၍ ဆံပင်၌လည်းကောင်း၊ လည်၌လည်းကောင်း၊လက်၌လည်းကောင်း ကပ်စေ၍ မယား,သားမွေးကုန်အံ့။နောင်ကာလသော် ထိုမယား,သားမွေးခြင်း၊ လယ်လုပ်ခြင်း၊ကုန်သွယ်ခြင်းကို ပြုလုပ်၍ လက်၌နား၌ကပ်သော သင်္ကန်းရှိသောသူကို ဘုရားမြတ်စွာ၏ သင်္ကန်းတော်အမှတ်ဖြင့် ရည်၍ လှူ၏။ လှူရသော အကျိုးကို မရေမတွက်နိုင်ဟူ၍ ဗုဒ္ဓဟောတော်မူ၏။ နောင်ကာလသော် သင်္ကန်းဖြင့် အဘယ်ပြုအံ့နည်းဟု တော,ချုံ၊ လမ်းဘေးပေါ်စွန့်အံ့၊ ဤသည်သာလျှင် ရဟန်းသဏ္ဌာန် ကွယ်လေသည်မည်၏။
အင်္ဂုတ္ထိုရ်လာ သာသနာကွယ်ကြောင်း တရားပေါင်းကား....
ရဟန်းတို့... အကြင်ရဟန်းတို့သည် အဓမ္မကို ဓမ္မဟု ထင်ရှားပြကြကုန်၏၊ ရဟန်းတို့... ထိုရဟန်းတို့သည် လူအများ၏ အစီးအပွားမဲ့ခြင်းငှာ လူအများ၏ ချမ်းသာမဲ့ခြင်းငှာ လူအများ၏ အကျိုးမဲ့ခြင်းငှာ နတ်လူတို့၏ အစီးအပွားမဲ့ခြင်းငှာ ကျင့်သည် မည်ကုန်၏။ ရဟန်းတို့... ထိုရဟန်းတို့သည် များစွာသော အကုသိုလ်ကိုလည်း ဖြစ်ပွားစေသည် မည်ကုန်၏။ ထိုရဟန်းတို့သည် ဤသာသနာတော်ကိုလည်း ကွယ်ပျောက်စေသည် မည်ကုန်၏။ (အံ-၁-၁၈။)
ရဟန်းတို့... အကြင်ရဟန်းတို့သည် ဓမ္မကို အဓမ္မဟု ထင်ရှားပြကြကုန်၏၊ ရဟန်းတို့... ထိုရဟန်းတို့သည် လူအများ၏ အစီးအပွားမဲ့ခြင်းငှာ လူအများ၏ ချမ်းသာမဲ့ခြင်းငှာ လူအများ၏ အကျိုးမဲ့ခြင်းငှာ နတ်လူတို့၏ အစီးအပွားမဲ့ခြင်းငှာ ကျင့်သည် မည်ကုန်၏။ ရဟန်းတို့... ထိုရဟန်းတို့သည် များစွာသော အကုသိုလ်ကိုလည်း ဖြစ်ပွားစေသည် မည်ကုန်၏။ ထိုရဟန်းတို့သည် ဤသာသနာတော်ကိုလည်း ကွယ်ပျောက်စေသည် မည်ကုန်၏။ (အံ-၁-၁၉။)
ရဟန်းတို့... အကြင်ရဟန်းတို့သည် အဓမ္မကို အဓမ္မဟု ထင်ရှားပြကြကုန်၏၊ ရဟန်းတို့... ထိုရဟန်းတို့သည် လူအများ၏ အစီးအပွားဖြစ်ခြင်းငှာ လူအများ၏ ချမ်းသာဖြစ်ခြင်းငှာ လူအများ၏ အကျိုးဖြစ်ခြင်းငှာ နတ်လူတို့၏ အစီးအပွားဖြစ်ခြင်းငှာ ကျင့်သည် မည်ကုန်၏။ ရဟန်းတို့... ထိုရဟန်းတို့သည် များစွာသော ကုသိုလ်တရားကိုလည်း ဖြစ်ပွားစေသည် မည်ကုန်၏။ ထိုရဟန်းတို့သည် ဤသာသနာတော်ကိုလည်း တည်တံ့စေသည် မည်ကုန်၏။ (အံ-၁-၁၉။)
ရဟန်းတို့... အကြင်ရဟန်းတို့သည် ဓမ္မကို ဓမ္မဟု ထင်ရှားပြကြကုန်၏၊ ရဟန်းတို့... ထိုရဟန်းတို့သည် လူအများ၏ အစီးအပွားဖြစ်ခြင်းငှာ လူအများ၏ ချမ်းသာဖြစ်ခြင်းငှာ လူအများ၏ အကျိုးဖြစ်ခြင်းငှာ နတ်လူတို့၏ အစီးအပွားဖြစ်ခြင်းငှာ ကျင့်သည် မည်ကုန်၏။ ရဟန်းတို့... ထိုရဟန်းတို့သည် များစွာသော ကုသိုလ်တရားကိုလည်း ဖြစ်ပွားစေသည် မည်ကုန်၏။ ထိုရဟန်းတို့သည် ဤသာသနာတော်ကိုလည်း တည်တံ့စေသည် မည်ကုန်၏။ (အံ-၁-၁၉။)
သာသနာကွယ်ခြင်း ငါးမျိုး ဘုရားရှင်၏ သာသနာတော်သည် - ၁။ အဓိဂမ သာသနာ ၂။ ပဋိပတ္တိ သာသနာ ၃။ ပရိယတ္တိ သာသနာ ၄။ လိင်္ဂ သာသနာ ၅။ ဓါတု သာသနာ - ဟု ဤသို့လျှင် ငါးမျိုးရှိ၏။
သာသနာကွယ်ခြင်းသည်လည်း - ၁။ အဓိဂမအန္တရဓါန - အဓိဂသာသနာတော်၏ ကွယ်ခြင်း။ ၂။ ပဋိပတ္တိအန္တရဓါန - ပဋိပတ္တိသာသနာတော်၏ ကွယ်ခြင်း။ ၃။ ပရိယတ္တိအန္တရဓါန - ပရိယတ္တိသာသနာတော်၏ ကွယ်ခြင်း။ ၄။ လိင်္ဂအန္တရဓါန - လိင်္ဂသာသနာတော်၏ ကွယ်ခြင်း။ ၅။ ဓါတုအန္တရဓါန - ဓါတုသာသနာတော်၏ ကွယ်ခြင်း - ဤသို့လျှင် သာသနာကွယ်ခြင်းလည်း ငါးမျိုးပင် ရှိ၏။
အဓိဂမသာသနာကွယ်ပုံ ထိုငါးပါးတို့တွင် မြတ်စွာဘုရား၏ သာသနာတော်၌ မဂ်လေးပါး ဖိုလ်လေးပါး ပဋိသမ္ဘိဒါလေးပါး ဝိဇ္ဇာသုံးပါး အဘိဉာဏ်ခြောက်ပါး - ဤတရားများသည် အရိယာသူတော်ကောင်းတို့ ရအပ် ရောက်အပ်သော တရားများဖြစ်ကြ၍ - "အဓိဂမ" မည်၏။ ဆုတ်ယုတ် ကွယ်ပျောက်သောအခါ ပဋိသမ္ဘိဒါဉာဏ်လေးပါးမှစ၍ အစဉ်အတိုင်း ဆုတ်ယုတ် ကွယ်ပျောက်သွား၏။ ဘုရားရှင် ပရိနိဗ္ဗာန် စံလွန်တော်မူပြီးနောက် နှစ်ပေါင်း (၁၀၀၀) အတွင်း၌သာလျှင် အရိယာ သူတော်ကောင်းတို့သည် ပဋိသမ္ဘိဒါဉာဏ်တို့ကို ဖြစ်စေခြင်းငှာ စွမ်းနိုင်ကြကုန်၏။ ထိုနှစ်ပေါင်း တစ်ထောင်မှ နောက်ပိုင်းကာလ၌ အဘိညာဏ် (၆)ပါးတို့ကိုသာ ဖြစ်စေခြင်းငှာ စွမ်းနိုင်ကြကုန်၏။ ထိုမှနောက်ပိုင်းကာလ၌ကား အဘိညာဏ် (၆)ပါးတို့ကိုသော်လည်း ဖြစ်စေခြင်းငှာ မစွမ်းနိုင်ကုန်ရကား ဝိဇ္ဇာသုံးပါးတို့ကိုသာ ဖြစ်စေခြင်းငှာ စွမ်းနိုင်ကြကုန်၏။ တစ်ဖန် ကာလကြာညောင်း၍ လာလတ်ကုန်သော် ထို ဝဇ္ဇာသုံးပါးတို့ကိုသော်လည်း ဖြစ်စေခြင်းငှာ မစွမ်းနိုင်ကုန်ရကား ဈာန်အစေးခန်းခြောက်နေသည့် သုက္ခဝိပဿက ရဟန္တာအရှင်မြတ်တို့သာ ဖြစ်ပေါ်လာနိုင်ကြကုန်၏။ ဤနည်းလမ်း ဥပါယ်အတိုင်း တဖြည်းဖြည်း ကာလကြာညောင်း၍ လာလတ်သော် အနာဂါမ်ပုဂ္ဂိုလ် သကဒါဂါမ်ပုဂ္ဂိုလ် သောတာပန်ပုဂ္ဂိုလ်တို့သာ ဖြစ်နိုင်ကြကုန်၏။ ထိုအရိယာသူတော်ကောင်းတို့သည် လောက၌ ထင်ရှား တည်ရှိနေသမျှ ကာလပတ်လုံး ဘုရားရှင်၏ အဓိဂမသာသနာမြတ်ကြီးသည် ကွယ်ပျောက်သည် မမည်သေး။ သို့သော် နောက်ပိတ်ဆုံး သောတာပန် အရိယာ သူတော်ကောင်း၏ အသက် ကုန်ဆုံးသွားသောအခါ၌ကား ဘုရားရှင် ဆိုဆုံးမထားတော်မူခဲ့သော အဓိဂမသာသနာမြတ်ကြီးသည် ကွယ်သည် မည်ပေသည်။ ဤကား - အဓိဂပ အန္တရဓါန - အဓိဂမသာသနာတော်၏ ကွယ်ခြင်းမည်၏။ (အံ-ဋ္ဌ-၁-၆၇။)
ပဋိပတ္တိသာသနာတော်ကွယ်ပုံ သာသနာတော်နောက်ပိုင်း၌ ဈာန် ဝိပဿနာ မဂ်ဖိုလ်တရားတို့ကို ဖြစ်စေခြင်းငှာ ရအောင် အားထုတ်ခြင်းငှာ မစွမ်းနိုင်ကုန်ရကား သီလ စင်ကြယ်ရုံမျှသာ ထိန်းသိမ်းစောင့်ရှောက်နိုင်ကြကုန်၏၊ ကျင့်နိုင်ကြကုန်၏၊ စတုပါရိသုဒ္ဓိသီလမျှကိုသာလျှင် ထိန်းသိမ်းစောင့်ရှောက်ထားနိုင်ကြကုန်၏ တစ်ဖန် တဖြည်းဖြည်း ကာလကြာညောင်း၍ လာလတ်ပြန်သော အခါ၌ - "သီလကို ပြည့်ပြည့်စုံစုံ ပြုကျင့်၍ ထိန်းသိမ်း စောင့်ရှောက်ကြကုန်အံ့၊ ပဓာန အမည်ရသည့် သမထဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်းကိုလည်း အားထုတ်ကြပါကုန်အံ့၊ သို့သော် အရိယမဂ်တရားကိုလည်းကောင်း, အရိယဖိုလ်တရားကိုလည်းကောင်း မျက်မှောက်ပြုခြင်းငှာ ငါတို့ စွမ်းနိုင်တော့မည်ကား မဟုတ်ကုန်၊ အရိယမဂ်,ဖိုလ် တရားထူး တရားမြတ်ကို ထိုးထွင်း သိမြင်ခြင်းသည်ကား ဤယခုအခါ၌ မရှိနိုင်တော့ပြီ။" - ဤသို့လျှင် ရဟန်းတော်များသည် စိတ်နှလုံးလျှော့ချလျှက် သမထဝိပဿနာ ဘာဝနာအမှု၌ ပျင်းရိခြင်း များကုန်သည်ဖြစ်၍ အချင်းချင်း တစ်ပါးသည် တစ်ပါးအား အာပတ်ဖြင့် စောဒနာခြင်းကိုလည်း မပြုကြတော့ကုန်၊ တားမြစ်ခြင်းကိုလည်း မပြုကြတော့ကုန်၊ ဝိနည်းကျင့်ဝတ်နှင့် ပတ်သက်၍ အပ်သလော မအပ်သလောဟု တွေးတောမှု ဝိနယကုက္ကုစ္စတရားမျှလည်း မရှိကြတော့လေကုန်။ ထိုအခါမှစ၍ ရှေးဦးစွာ ငယ်ကုန်ငယ်ကုန်သော သိက္ခာပုဒ်တို့ကို လွန်ကျူးချိုးဖောက်ကြကုန်၏။ ထို့နောက်တဖြည်းဖြည်း အချိန်ကာလကြာညောင်း၍ ဆုတ်ယုတ်လာလတ်ပြန်သောအခါ ပါစိတ်အာပတ် ထုလ္လစ္စဉ်းအာပတ်တို့ကို ကျူးလွန်ကြပြန်ကုန်၏။ ထို့နောက် သံဃာဒိသေသ်အာပတ်တို့ကို ကျူးလွန်ကြပြန်ကုန်၏။ ပါရာဇိကလေးပါးမျှသည်သာလျှင် ရဟန်းတော်တို့ ကျင့်ဖို့ရန် ရပ်တည်နေတော့၏။ ပါရာဇိကသိက္ခာပုဒ် လေးပါးတို့ကို ထိန်းသိမ်းစောင့်ရှောက်တော်မူကြကုန်သော ရဟန်းတော်တို့၏ အရာသည်သော်လည်းကောင်း အထောင်သည်သော်လည်းကောင်း ထင်ရှားရှိလတ်သော် ဘုရားရှင်၏ ပဋိပတ္တိသာသနာတော်မြတ်ကြီးသည် ကွယ်သည် မည်သည် မဖြစ်သေးပေ။ သာသနာတော်တွင် ပါရာဇိကသိက္ခာပုဒ်လေးပါးမျှကိုပင် လုံခြုံစွာ ထန်းသိမ်းစောင့်ရှောက်လျက် သိလကို ဖြည့်ကျင့်နေတသာ နောက်ဆုံးပိတ်ရဟန်းတော်၏ ပါရာဇိကသီလ၏ ပျက်စီးခြင်းကြောင့်လည်းကောင်း, အသက်၏ကုန်ခြင်း - ပျံလွန်တော်မူခြင်းကြောင့်လည်းကောင်း ပဋိပတ္တိသာသနာတော်သည် ကွယ်လေ၏။ ဤသို့လျှင် ပါရာဇိကလေးပါးကို ထောင့်ထိန်းသော ရဟန်းတစ်ပါးမျှ မကျန်သောအခါ ပဋိပတ္တိသာသနာတော်သည် ကွယ်လေ၏။ ဤသို့လျှင် ပါရာဇိကလေးပါးကို စောင့်ထိန်းသော ရဟန်းတစ်ပါးမျှ မကျန်သောအခါ ပဋပတ္တိသာသနာတော်သည် ကွယ်သည် မည်တော့၏။ (အ-ဋ္ဌ-၁-၆၇-၆၈)
ပရိယတ္တိသာသနာတော်ကွယ်ပုံ အဋ္ဌကထာနှင့် တကွသော ပိဋိကသုံးပုံ ပါဠိတော်မြတ်ကြီးသည် တည်ရှိနေသမျှကာလပတ်လုံး ပရိယတ္တိသာသနာတော် အပြည့်အစုံတည်သည်မည်၏။ ကာလရှည်ကြာ၍ တဖြည်းဖြည်း ဆုတ်ကယ်ကာလသို့ ရောက်ရှိလာသောအခါ တိုင်းသားပြည်သူ များဗိုလ်လူတို့ တရားမစောင့်ကြတော့သဖြင့် မိုးသည် ကောင်းစွာ မရွာသွန်းတော့ပေ။ မိုးလေ မမှန်သဖြင့် ကောက်ပဲသီးနှံတို့သည် မပြည့်မစုံ သီးပွင့်လာကြကုန်၏၊ ဆုတ်ယုတ်လာကြကုန်၏။ ထိုအခါ လူဒါယကာတို့သည် အစားအသောက် အဝတ်အထည် ရှားပါးမှုကြောင့် ရဟန်းသံဃာတော်အား ပစ္စည်းလေးပါး လှူဒါန်းဖို့ရန် မတတ်နိုင်ကြတော့ကုန်။ ရဟန်းတော်တို့သည် ပစ္စည်းလေးပါး ချို့တဲ့ကြရကား မိမိ၏တပည့် ရှင်ငယ် ရဟန်းငယ်များကို ပစ္စည်းလေးပါးဖြင့် မထောက်ပံ့နိုင်ကြကုန်။ တဖြည်းဖြည်း ဆုတ်ယုတ်လာသော ထိုအခါ၌ ရှင်ငယ် ရဟန်းငယ်တို့၏ စာသင်ယူမှု "ပရိယတ္တိ" သည် ဆုတ်ယုတ်လေတော့၏။ ပါဠိတော်၏ အနက်အဓိပ္ပါယ် - အဋ္ဌကထာကို ဆောင်ထားခြင်းငှာ မစွမ်းနိုင်ကြတော့ကုန်၊ ဆရာနည်းကျကျ သင်ယူမှု မရှိတော့ကုန်။ ပါဠိတော်၏ အစွမ်းဖြင့်သာလျှင် ငါဠိတော်သက်သက်ကိုသာလျှင် ဆောင်ထားနိုင်ကြကုန်၏။ ပါဠိတော်သက်သက်ကိုသာလျှင် သင်ယူနိုင်ကြကုန်၏။
ထို့နောက် တဖြည်းဖြည်း ဆုတ်ယုတ်လာသောအခါ ပါဠိတော် အားလုံးကိုလည်း ဆောင်ထားခြင်းငှာ သင်ယူခြင်းငှာ မစွမ်းနိုင် ဖြစ်လာကြပြန်၏၊ ထိုအခါ အနက်အဓိပ္ပါယ် ခက်ခဲသော ကျမ်းဂန်များကို မသိ နားမလည်နိုင်ကြသဖြင့် အဘိဓမ္မာပိဋကကို မသင်ယူကြတော့ပေ၊ ထို့ကြောင့် အဘိဓမ္မာပိဋကသည် ရှေးဦးစွာ ကွယ်လေပေလိမ့်မည်။ အဘိဓမ္မာ (၇)ကျမ်းတွင်လည်း ရှေးဦးစွာ ပဋ္ဌာန်းကျမ်းကြီး ကွယ်ပျောက်မည်။ ထို့နောက် အစဉ်အတိုင်း ယမိုက်ကျမ်း, ကထာဝတ္ထုကျမ်း, ပုဂ္ဂလပညတ်ကျမ်း, ဓာတုကထာကျမ်း, ဝိဘင်းကျမ်း, ဓမ္မသင်္ဂဏီကျမ်းများ ကွယ်ကြမည်။
အဘိဓမ္မာပိဋက ကွယ်ပြီးသောအခါ သုတ္တန္တပိဋက ကွယ်ပျောက်မည်။ သုတ္တန္တပိဋကတွင် ရှေးဦးစွာ အင်္ဂုတ္တရနိကာယ် ကွယ်ပျောက်မည်။ ထို့နောက် သံယုတ္တနိကာယ် (၅)ကျမ်း, မဇ္ဈိမနိကာယ် (၃)ကျမ်း, ဒီဃနိကာယ် (၃)ကျမ်း အစဉ်အတိုင်း ကွယ်ပျောက်မည်။ ဤသို့လျှင် ဒီဃနိကာယ်သို့တိုင်အောင် ကွယ်ပျောက်သွားသောအခါ သုတ္တန္တပိဋကသည် ကွယ်ပျောက်သည် မည်တော့၏။
ဝိနည်းပိဋကနှင့်တကွ ဇာတက ဒေသနာတော်မျှကိုသာလျှင် ဆောက်ထားကြပေကုန်လတ္တံ။ သီလကို ချစ်မြတ်နိုးတော်မူကြကုန်သော လဇ္ဇီသူတော်ကောင်းတို့သည်သာလျှင် ဝိနည်းပိဋကကို ဆောင်ထားကြပေကုန်လတ္တံ။ လာဘ်လာဘပေါများမှုကို အလိုရှိကြကုန်သော ရဟန်းတို့သည် - "သုတ္တန်တရားတော်တို့ကို ဟောကြားပြသ ဆိုဆုံးမသော်လည်း ကောင်းစွာ မှတ်မိသော သူသည် ကောင်းစွာကျင့်သော သူသည် မရှိနိုင်" - ဟု နှလုံးပိုက်ကြ၍ ဇာတ်တော်များကိုသာလျှင် ဆောင်ထားကြကုန်၏။ ထို့နောက် ဇာတ်တော်အားလုံးကို ဟောပြောပြနိုင်သော ပုဂ္ဂိုလ်လည်းမရှိ, နာကြားမည့် ပရိသတ်လည်း မရှိလေရကား ဇာတ်တော်များလည်း တဖြည်းဖြည်းကွယ်ပျောက်ပေလတ္တံ။
ဤသို့ ဇာတ်တော်များ ကွယ်ပျောက်သွားသောအခါ ဝိနည်းပိဋကကိုသာလျှင် ဆောင်ထားပေလတ္တံ။ တဖြည်းဖြည်း ကာလဆုတ်ယုတ်လာသောအခါ ဝိနည်းပိဋကသည်လည်း ကွယ်ပျောက်ပေလတ္တံ။
နောက်ဆုံး၌ တိုင်းပြည်ကို အစိုးရသော မင်းတို့သည် - "ဘုရားဟောကြားတော်မူအပ်သော ဂါထာတစ်ခုကိုမျှ ဟောပြနိုင်သူရှိပါက ဆုတော်ငွေ တစ်ထောင်ပေးမည်။" ဟု အသပြာတစ်ထောင်ထုပ်ကို ဆင်ကျောက်ကုန်းထက်၌တင်ကာ သုံးကြိမ်တိုင်တိုင် မြို့ကိုလည့်လည်၍ ကြေညာစေသော်လည်း အသပြာထောင်ထုပ်ကို ယူမည့်သူ မရှိသဖြင့် မင်းဘဏ္ဍာတော်တိုက်သို့ ပြန်လည် သွင်းရသော အချိန်အခါသို့ ရောက်လျှင် ဘုရားရှင်၏ ပရိယတ္တိသာသနာတော်မြတ်ကြီးသည် လုံးဝကွယ်လေတော့သည်။ (အံ-ဋ္ဌ-၁-၆၈-၆၉။)
လိင်္ဂသာသနာကွယ်ပုံ ပရိယတ္တိသာသနာတော်ကြီး ကွယ်ပြီးနောက်ပိုင်းကာလ၌ ရဟန်းတို့၏ သင်္ကန်းဝတ်ရုံပုံ သပိတ်ကိုင်ပုံ လှမ်းကြွပုံ ကြည့်ရှုပုံများသည် ကြည်ညိုဖွယ်ရာဂုဏ်ကို မဆာင်နိုင်တော့ချေ။ သင်္ကန်းကိုလည်း ဆင်စွယ်ရောင် အဝါပြော့ပြော့မျှသာ ဆိုးကြကုန်လတ္တံ။ ထို့နောက် ကာလကြာညောင်းပြန်သောအခါ သင်္ကန်းကို အဝါရောင်မျှပင် မဆိုးတော့ပဲ ပိတ်ဖြူကို ကပ္ပဗိန္ဒုထိုး၍သော်လည်းကောင်း လူတို့ ဝတ်သကဲ့သို့ ခါးပုံစထိုး၍သော်လည်းကောင်း ဝတ်ဆင်ကြကုန်လတ္တံ။ (ယောနကတိုင်းသားတို့၏ အဝတ်ဖြူဝတ်သော ဓလေ့ထုံးစံသည် ကဿပဘုရားရှင်၏ သာသနာတော် နောက်ပိုင်းကာလ၌ ရဟန်းပျက်တို့၏ ကြွင်းကျန်သော ဓလေ့ ထုံးစံဖြစ်သည်ဟု အဆိုရှိ၏။) ထို့နောက် တစ်ဖန် ပိတ်ဖြူသင်္ကန်းကိုပင် ဝတ်ရုံမှု မပြုတော့ဘဲ သင်္ကန်း အပိုင်းအစငယ် တစ်ခုကို လက်မှချည်၍လည်းကောင်း, လည်ပင်းမှာ ချည်၍လည်းကောင်း, ဆံပင်မှာ ချည်၍လည်းကောင်း ရဟန်းဟူသော အထိမ်းအမှတ်မျှသာ ထားကြကုန်လတ္တံ။ ဤကဲ့သို့သော ရဟန်းတု ရဟန်းယောင်မျိုးကိုပင် ရည်ရွယ်တော်မူ၍ ဘုရားရှင်က အောက်ပါအတိုင်း ဟောကြားတော်မူခဲ့ခြင်း ဖြစ်၏။
ဘဝိဿန္တိ ခေါ ပနာနန္ဒ အနာဂတမဒ္ဓါနံ ဂေါတြဘုနော ကာသာဝကဏ္ဌာ ဒုဿီလာ ပါပဓမ္မာ၊ တေသုဒုဿီလေသု သံဃံ ဥဒ္ဒိဿ ဒါနံ ဒဿန္တိ၊ တဒါပါဟံ အာနန္ဒ သံဃဂတံ ဒက္ခိဏံ အသင်္ချေယျံ အပ၌မေယျံ ဝဒါမိ (မ-၃-၂၉၉) အာနန္ဒာ... စင်စစ် နောင်အနာဂတ်ကာလ၌ ရဟန်းဟူသော အနွယ်မျှကို ဆောင်ကုန်သော သင်္ကန်းလည်၌ ရောက်ကုန်သော သီလမရှိကုန်သော ယုတ်မာသော တရားရှိသူတို့သည် ဖြစ်ပေါ်လာပေကုန်လတ္တံ၊ ထိုသီလ မရှိကုန်သော သူတို့၌ သံဃာကို ရည်ညွှန်း၍ အလှူကိုပေးလှူကုန်လတ္တံ။ အာနန္ဒာ... ထိုကဲ့သို့သော အခါမျိုး၌သော်လည်း သဃိကအလှူကို မရေတွက်နိုင် မနှိုင်းယှဉ်နိုင်သော အကျိုးရှိ၏"ဟု ငါဘုရားဟောတော်မူ၏။ အာနန္ဒာ မည်သည့် နည်းပရိယာယ်နှင့်မျှ သံဃိကဒါနထက် ပုဂ္ဂလိကဒါနကို အထူးသဖြင့် အကျိုးများ၏ဟု ငါဘုရား ဟောတော်မမူပေ။ (မ-၃-၂၉၉။ ဒက္ခိဏဝိဘင်္ဂသုတ်။)
နောက်ဆုံး၌ ရဟန်းပျက်တို့သည် ထိုသင်္ကန်းစကိုပင် အကျယ်ချဲ့သည့် အကျိုးမရှိသည့် လုပ်ငန်းရပ်အဖြစ် သတ်မှတ်ကာ ပယ်စွန့်ပစ်ကြကုန်လတ္တံ။ ထိုအခါ လိင်္ဂသာသနာသည် ကွယ်သည် မည်ပေ၏။ (အံ-ဋ္ဌ-၁-၆၉-၇၀။)
ဓာတုသာသနာတော်ကွယ်ပုံ ဓါတုသာသနာတော်မြတ်ကြီး ကွယ်ပပုံကို ဤသို့ သိရှိပါလေ။ ပရိနိဗ္ဗာန်သည် ကိလေသပရိနိဗ္ဗာန် ခန္ဓပရိနိဗ္ဗာန် ဓါတုပရိနိဗ္ဗာန်အားဖြင့် သုံးမျိုးပြား၏။
ကိလေသပရိနိဗ္ဗာန် - ဂေါတမရှင်တော်မြတ်ဘုရား၏ ကိလေသာတို့၏ ချုပ်ငြိမ်းမှု = ကိလေသပရိနိဗ္ဗာန်သည် မဟာသက္ကရာဇ် (၁၀၃)ခု ကဆုန်လပြည့်နေ့၌ မဟာဗောဓိမဏ္ဍိုင်ဝယ် ဖြစ်ခဲ့ပြီ။ (ကိလေသပရိနိဗ္ဗာန်ပြုတော်မူရာ အချိန်အခါကာလ ပြုတော်မူရာ ဌာနသည် အတိအကျ ရှိခဲ့၏။ ယင်း ကိလေသပရိနိဗ္ဗာန်ကိုပင် သဥပါဒိသေသနိဗ္ဗာန်ဟူ၍လည်း ခေါ်၏။ ကိလေသာအားလုံး ချုပ်ငြိမ်းသွားသော်လည်း ကိလေသာနှင့် တကွသော ကုသိုလ် အကုသိုလ်မှ အခြားတပါးသော အဗျာကတ အမည်ရသော ခန္ဓာငါးပါးတို့ ကြွင်းကျန်နေသေးသော မချုပ်ငြိမ်းသေးသောကြောင့် သဥပါဒိသေသနိဗ္ဗာန်ဟု ဆိုသည်။)
ခန္ဓပရိနိဗ္ဗာန် - ဝိပါက် ကမ္မဇရုပ်တို့၏။ တစ်နည်း ဆိုရသော် ကြွင်းကျန်နေသေးသော ခန္ဓာတို့၏ အပြီးတိုင်ချုပ်ငြိမ်းမှုသည် ခန္ဓပရိနိဗ္ဗာန် မည်၏။ ယင်းခန္ဓပရိနိဗ္ဗာန်သည် ကုသိနာရုံပြည် မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူသောအခါ ဖြစ်ခဲ့ပြီ။ ယင်းခန္ဓပရိနိဗ္ဗာန်ကို အနုပါဒိသေသနိဗ္ဗာန် ဟူ၍လည်း ခေါ်ဆိုပေသည်။ ခန္ဓာငါးပါးတို့၏ နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် အကြွင်းမဲ့ ချုပ်ငြိမ်းခြင်းတည်း။
ဓါတုပရိနိဗ္ဗာန် - ထိုသို့ ခန္ဓပရိနိဗ္ဗာန်ပြုတော်မူရာတွင် သတ္တဝါတို့၏ အကျိုးစီးပွားအလို့ငှာ - “ငါဘုရားရှင်သည် လူ့လောက၌ ကြာမြင့်စွာ ရပ်တည်ခွင့် မရဘဲ ပရိနိဗ္ဗာန် စံလွန်တော်မူရပေတော့အံ့၊ ငါဘုရားရှင်၏ သာသနာတော်သည်လည်း လူ့ပြည်လူ့လောက အရပ်ဒေသ အားလုံး၌ ကျယ်ပြန့်မှု မရှိသေး ပျံ့နှံ့မှု မရှိသေး၊ ထို့ကြောင့် ပရိနိဗ္ဗာန် စံလွန်သွားတော်မူသော ငါဘုရားရှင်၏လည်း မုန်ညင်းစေ့ ပမာဏရှိသော ဓာတ်တော် မွေတော်မျှကိုသော်လည်း ယူဆောင်၍ မိမိ မိမိ၏ နေရာဌာန၌ စေတီတော်ကို တည်ထားကိုးကွယ်လျက် ပြုစုလုပ်ကျွေးသော လူအပေါင်းသည် နတ်ရွာသုဂတိလျှင် လည်းလျောင်းရာရှိသည် ဖြစ်စေသတည်း” ဤသို့လျှင် ဓာတ်တော် မွေတော်များကို အစိတ်စိတ် ပြိုကွဲတည်ရှိအောင် ရွှေတုံးရွှေခဲကဲ့သို့ တစ်လုံးတစ်ခဲတည်း မတည်အောင် အဓိဋ္ဌာန်ပြုတော်မူခဲ့၏။ ၁။ စွယ်တော် (၄)ဆူ, ၂။ ညှပ်ရိုးတော် (၂)ဆူ, ၃။ နဖူးသင်းကျစ်တော် (၁)ဆူ - ဤ (၇)ဆူသော ဓာတ်တော်တို့သည် ပင်ကိုယ်မူလ ပကတိ အနေအထားအတိုင်း တည်ရှိတော်မူကြကုန်၏၊ ပြိုကွဲမှု မရှိကြကုန်။ ကြွင်းကျန်သော ဓာတ်တော်တို့အား အစိတ်စိတ် အမြွာမြွာ ကွဲတော်မူကြကုန်၏။ ထိုတွင် - ၁။ အသေးဆုံး ဓာတ်တော်တို့ကား မုန်ညင်းစေ့ခန့် ပမာဏရှိကုန်၏။ မြတ်လေးပန်းငုံ အရောင်အဆင်း ရှိကုန်၏။ ၂။ အရွယ်အလတ်အစား ဓာတ်တော်တို့ကား အလယ်၌ ထက်ပိုင်း ကျိုးသွားသော ဆန်ကွဲခန့် ပမာဏရှိကုန်၏။ အလွန် စင်ကြယ် သန့်ရှင်း တောက်ပသော ပုလဲအဆင်းနှင့် တူကုန်၏။ ၃။ အကြီးဆုံး ဓာတ်တော် မွေတော်တို့ကား အလယ်၌ ကွဲနေသော ပဲနောက်စေ့ခန့် ပမာဏရှိကုန်၏၊ ရွှေအဆင်းနှင့်တူသော အရောင်အဆင်းရှိကုန်၏။ (ဒီ-ဋ္ဌ-၂-၁၉၆။) ဤအထက်ပါ ဓာတ်တော် မွေတော် အားလုံးတို့ကို နောက်ထပ် တစ်ဖန် ထပ်၍ မပြိုကွဲ မပျက်မစီးသော “အသမ္ဘိန္န” ဓာတ်တော်များဟုလည်း ခေါ်၏။ ထိုသို့ ခန္ဓပရိနိဗ္ဗာန်ပြုတော်မူရာတွင် လူတို့၏ အကျိုးစီးပွား အလို့ငှာ မပြိုမကွဲ မပျက်မစီးသော “အသမ္ဘိန္န” ဓာတ်တော်များ ကျန်ရစ်ခဲ့၏။ ထိုဓာတ်တော်တို့သည် လူတို့ပူဇော်သက္ကာရ ပြုရန်အတွက် မြတ်စွာဘုရား၏ အဓိဋ္ဌာန်တော်ကြောင့် တည်ရှိနေခြင်းဖြစ်၏။ နှစ်ကာလကြာညောင်းလတ်သော လူတို့သည် ပစ္စည်း ဥစ္စာ ရှာခြင်း၌ အချိန်ကုန်ကာ အသိဉာဏ်ပညာ ခေါင်းပါးလာ၍ ဓာတ်တော် မွေတော်တို့အား မြတ်နိုးပူဇော်မှု မပြုကြတော့လတ္တံ။ ထိုအခါ လူ့ပြည် နတ်ပြည် နဂါးပြည် ဗြဟ္မာ့ပြည်တို့၌ ရှိရှိသမျှ ဓာတ်တော် မွေတော်တို့သည် မဟာဗောဓိမဏ္ဍိုင်သို့ ကြွတော်မူကြကုန်လတ္တံ။
ဓာတ်ပေါင်းစု မဟာမုနိ ရုပ်ရှင်တော်မြတ် အလုံးစုံသော ဓာတ်တော်တို့သည် မဟာဗောဓိမဏ္ဍိုင်၌ စုဝေး ပေါင်းဆုံလျက် မြတ်စွာဘုရား၏ ရုပ်ပုံတော် အသွင်ကိုယူ၍ ဗောဓိမဏ္ဍိုင်၌ ထက်ဝယ်ဖွဲ့ခွေ နေတော်မူလတ္တံ။ ထိုဓာတ်ပေါင်းစု မဟာမုနိ ဗုဒ္ဓရုပ်ပုံတော်သည် (၃၂)ပါးသော ယောက်ျားမြတ်တို့၏ လက္ခဏာတော်ကြီး။ (၈၀)သော လက္ခဏာတော်ငယ်တို့နှင့် ပြည့်စုံလျက် ဗာမပဘာ လျှံဝါ တင့်ထွန်း ရောင်ခြည်တော်ဝန်းတို့ဖြင့် တင့်တယ်စွာ စမ္ပါယ်တော်မူလတ္တံ။ ထို့ပြင် ရေ,မီး အစုံအစုံသော တန်ခိုးပြာဋိဟာများကို ပြတော်မူလတ္တံ။ ထိုအခါ ထိုအရပ်သို့ ရောက်ရှိလာသော လူသားဖြစ်သော သတ္တဝါ တစ်စုံတစ်ယောက် မည်သည် မရှိဖြစ်ပေလတ္တံ။ စကြဝဠာပေါင်း တိုက်တစ်သောင်း အတွင်း၌ တည်ရှိကြကုန်သော နတ်,ဗြဟ္မာအားလုံးတို့သည်သာလျှင် စုဝေး ရောက်ရှိလာကြကုန်၍ - “ယနေ့ ကိုယ်တော်အား (၁၀)ပါး, ဉာဏ်တော်အား (၁၀)ပါးနှင့် ပြည့်စုံတော်မူသော ဘုရားရှင်သည် ပရိနိဗ္ဗာန်စံတော်မူလေ၏။ ဤနေ့ ဤအချိန်အခါမှစ၍ လောက၌ အမိုက်မှောင်အတိ ဖြစ်ပေလတ္တံ။” - ဟု ငိုမြည်တမ်းကြပေကုန်လတ္တံ။ ထို့နောက် ဓာတ်ပေါင်းစုရုပ်ရှင်တော် အတွင်းမှ တေဇောဓာတ်သည် ထကြွလာပြီးလျှင် အားလုံးသော ဓာတ်တော်တို့သည် လောင်ကျွမ်း၍ အကြွင်းအကျန်မရှိ ကုန်ခန်းသွားပေလတ္တံ။
[ ဓာတ်တော် မွေတော်ဟုသည်မှာလည်း ပရမတ္တသစ္စာနယ်မှ ဆိုရသော် ရုပ်ကလာပ်တို့၏ အပါင်းအစုသာ ဖြစ်၏။ ရုပ်ကလာပ်တစ်ခု၏ အတွင်း၌ တည်ရှိသော ဥတုခေါ်သည့် တေဇောဓာတ်ကြောင့် ဆင့်ကဲဆင့်ကဲ ဖြစ်ပွားနေသော ဥတုဇ, သြဇဋ္ဌမကရုပ်တို့သာ ဖြစ်ကြ၏။ ယင်း ဥတုဇ, သြဇဋ္ဌမကရုပ်တို့တွင် ရုပ်ကလာပ်တိုင်း ရုပ်ကလာပ်တိုင်း၌ ပါဝင်တည်ရှိသော တေဇောဓာတ်မှာ သဘာဝသတ္တိစွမ်းအင် လွန်ကဲ ထက်မြက် စူးရှလာကာ ကလာပ်တူ ရုပ်တရားတို့ကို အကြွင်းအကျန်မရှိအောင် လောင်ကျွမ်း လိုက်ပေတော့သည်။ ]
ဓာတ်ပေါင်းစု မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီးမှ ထမြောက်ဖြစ်ပေါ်လာသော မီးတောက် မီးလျှံသည် ဗြဟ္မာ့ပြည်သို့တိုင်အောင် တက်ပေလတ္တံ၊ မုန်ညင်းစေ့ခန့် ပမာဏရှိသော ကြွင်းကျန်နေသော ဓာတ်တော်၏ ထင်ရှားတည်ရှိနေသေးပါမူ တစ်ဆက်တည်းသော မီးတောက် မီးလျှံသာ ဖြစ်ပေါ်နေပေလတ္တံ။ ဓာတ်တော် မွေတော်များ အားလုံးကုန်ဆုံးသွားသော အခါ၌ မီးတောက် မီးလျှံသည် ပြတ်စဲ၍ သွားပေလတ္တံ။ ဤကဲ့သို့သော ကြီးကျယ်သော အာနုဘော်ကို ထင်ရှား ပြတော်မူလျက် ဓာတ်တော်မွေတော်တို့သည် ကွယ်ပျောက်၍ သွားကြပေကုန်လတ္တံ။ ထိုအချိန်အခါ၌ ညီညာဖြဖြ စည်းဝေးမိကြကုန်သော သောင်းလောကဓာတ် တစ်ခွင်မှ နတ်ဗြဟ္မာ အပေါင်းတို့သည် သမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့၏ ပရိနိဗ္ဗာန် စံလွန်တော်မူရာ နေ့အခါ၌ကဲ့သို့ပင် နတ်၌ ဖြစ်ကုန်သော နံ့သာပန်း တူရိယာ စသည်တို့ဖြင့် ပူဇော်မှုကို ပြုကြကုန်၍ သုံးကြိမ်တိုင်တိုင် လက်ျာရစ် လှည့်လည်ကုန်လျက် အရိုအသေပြုကြကုန်၏။ ထိုနောက် ဓာတုပရိနိဗ္ဗာန်ပြုပြီးလျှင် မြတ်ဗုဒ္ဓသာသနာတော်သည်လည်း အကြွင်းမဲ့ ကွယ်ခေကုန်၏။။
#ပြည့်စုံ
Comments