သာသနာတော်၌ ပထမဆုံး ပရိနိဗ္ဗာန်ပြုသော ရဟန္တာ
********************************************
ဘုရားရှင် မိဂဒါဝုန်တော၌ ပထမဝါဆို သီတင်းသုံးနေတော်မူစဉ် ဖြစ်ဖျက်ခဲ့သည်။
မောနေယျသုတ်
ရဟန်းတို့ ပညာရှိသူ၏ အဖြစ်တို့သည် သုံးမျိုး
၁။ ကာယဒွါရ၌ ပညာရှိသူ၏ အဖြစ်၊
၂။ ဝစီဒွါရ၌ ပညာရှိသူ၏ အဖြစ်၊
၃။ မနောဒွါရ၌ ပညာရှိသူ၏ အဖြစ်တို့တည်း။
ကာယဒွါရ၌ ပညာရှိသူ၏ အဖြစ်ဟူသည်
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်၏၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်၏၊ မမြတ်သော မေထုန်အကျင့်မှ ရှောင်ကြဉ်၏။ ရဟန်းတို့ ဤသည်ကို ကာယဒွါရ၌ ပညာရှိသူ၏ အဖြစ်ဟု ဆိုအပ်၏။
ဝစီဒွါရ၌ ပညာရှိသူ၏ အဖြစ်ဟူသည်
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မဟုတ်မမှန် စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊ ကုန်းစကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊ ကြမ်းတမ်းသော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်၏၊ ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်၏။ ရဟန်းတို့ ဤသည်ကို ဝစီဒွါရ၌ ပညာရှိသူ၏ အဖြစ်ဟု ဆိုအပ်၏။
မနောဒွါရ၌ ပညာရှိသူ၏ အဖြစ်ဟူသည်
ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် အာသဝေါတရားတို့၏ ကုန်ခြင်းကြောင့် အာသဝေါတရားမရှိသော ကိလေသာမှ လွတ်မြောက်သော 'အရဟတ္တဖိုလ်' စိတ်နှင့် ကိလေသာမှ လွတ်မြောက်သော 'အရဟတ္တဖိုလ်' ပညာကို မျက်မှောက် ဘဝ၌ပင် ထူးသော ဉာဏ်ဖြင့် ကိုယ်တိုင် မျက်မှောက်ပြုလျက် ရောက်၍ နေ၏။ ရဟန်းတို့ ဤသည်ကို မနောဒွါရ၌ ပညာရှိသူ၏ အဖြစ်ဟု ဆိုအပ်၏။
ကာယဒွါရ ဝစီဒွါရ မနောဒွါရ၌ ပညာရှိသည် ဖြစ်၍ အာသဝေါတရားမရှိသော ပညာရှိသော မောနေယျဂုဏ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို အကုသိုလ်အားလုံးကို ပယ်ခွါပြီးသော ပုဂ္ဂိုလ်ဟု ဆိုကုန်၏။
မောနေယျရဟန်း အကြောင်း သုတ္တန်ဒေသနာတော်
အသိတမည်သော (ကဏှဒေဝီလ) ရှင်ရသေ့သည် နှစ်သက်ဝမ်းမြောက်ကုန် စင်ကြယ်သည့်အဝတ်ကို ဝတ်ကုန်သော နတ်ပုဆိုးကို မြှောက်လွှင့်ကုန်လျက် အတိုင်းထက် အလွန် ကခုန်မြူးထူးကုန်သော တာဝတိံသာနတ်အပေါင်းတို့ကိုလည်းကောင်း၊ နတ်တို့အရှင် သိကြားမင်းကိုလည်းကောင်း နေ့သန့်စင်ရာ တာဝတိံသာ နတ်ပြည်၌ မြင်လေ၏။
တက်ကြွဝမ်းမြောက်သည့် စိတ်ရှိကုန်သော နတ်တို့ကို မြင်၍ လေးလေး စားစား ပြုလျက် ထိုနတ်အပေါင်းတို့ထံ၌ ဤစကားကိုဆို၏-
နတ်အပေါင်းသည် အဘယ့်ကြောင့် အလွန်လျှင် ကောင်းသောအမူအရာရှိသနည်း၊ အဘယ်ကို စွဲ၍ နတ်ပုဆိုးကို မြှောက်လွှင့်လျက် သင်တို့မြူးထူး ပျော်ပါးကြပါကုန်သနည်း။
အသုရာတို့နှင့် စစ်ထိုးကြကုန်သည်ရှိသော် နတ်တို့အောင်နိုင်၍ အသုရာတို့ရှုံးသောအခါ၌သော်မှလည်း ဤကဲ့သို့ သဘောရှိသော ကြက်သီးမွေးညင်း ထအောင် ဝမ်းမြောက်မှု မဖြစ်စဖူး၊ အဘယ်သို့သော မဖြစ်စဖူး ထူးကဲသော အာရုံကို မြင်၍ နတ်တို့ဝမ်းမြောက်ကြပါကုန်သနည်း။
နတ်တို့သည် လေလည်း ချွန်ကြကုန်၏၊ သီချင်းလည်း ဆိုကြကုန်၏၊ တီးမှုတ်လည်း တီးမှုတ်ကြကုန်၏၊ လက်ပမ်းပေါက်လည်း ခတ်ကြကုန်၏၊ ကလည်း ကကြကုန်၏၊ မြင်းမိုရ်တောင်ထိပ်၌ နေသောနတ်တို့ သင်တို့ကို ငါ မေးပါ၏၊ အိုနတ်တို့ သင်တို့သည် ငါ၏ ယုံမှားခြင်းကို လျင်မြန်စွာဖျောက်ကြကုန်လော့။
ရတနာမြတ်ဖြစ်သော အတုမရှိသော ဘုရားလောင်းသည် လူ့ပြည် သာကီဝင်မင်းသားတို့၏ ဂါမခေတ်နယ်မြေ လုမ္ဗိနီဥယျာဉ်ဝယ် သတ္တဝါတို့၏ စီးပွါးချမ်းသာအလို့ငှါ မီးရှုးသန့်စင် ဖွားမြင်တော်မူပါ၏၊ ထို့ကြောင့် အကျွန်ုပ်တို့သည် နှစ်သက်ကုန်သည်ဖြစ်၍ အလွန်လျှင်ကောင်းသော အမူအရာ ရှိကြပါကုန်၏။
သတ္တဝါအားလုံးတို့ထက် မြတ်၍ အမြတ်ဆုံးပုဂ္ဂိုလ်ဖြစ်တော်မူသော သတ္တဝါအားလုံးတို့ထက် ထူးချွန်၍ လူတို့၌ ဥသဘသဖွယ်ဖြစ်သော ထိုဘုရားလောင်းသည် ဣသိပတနတောအုပ်ဝယ် ခွန်အားရှိသည့် သားတို့သနင်း ခြင်္သေ့မင်းကဲ့သို့ ရဲတင်းသော စကားကို မြွက်ဆိုလျက် ဓမ္မစကြာတရားတော်ကို ဟောတော်မူလိမ့်မည်။
ထိုအသိတရှင်ရသေ့သည် ထိုနတ်တို့ ပြောဆိုသံကို ကြား၍ အဆောတလျင် နတ်ပြည်မှ ဆင်းသက်ပြီးနောက် သုဒ္ဓေါဒနမင်းကြီး၏ နန်းတော်သို့ ဝင်ကာ ထိုင်နေပြီးလျှင် မင်းသားသည် အဘယ်အရပ်၌ ရှိနေသနည်း၊ ငါ ကြည့်ရှုလိုပါ၏ဟု သာကီဝင်မင်းသားတို့ကို ပြောဆို၏။
ထို့နောက် အလွန်လိမ္မာသော ရွှေပန်းထိမ်သည်သည် ဖိုဝ၌ အကြိမ်ကြိမ် လှော်၍ အဖန်ဖန်ခတ်အပ်သော တောက်ပသော ရွှေကဲ့သို့ အသရေဖြင့် တောက်ပသော မြတ်သော အဆင်းရှိသော မင်းသားငယ်ကို သာကီဝင်မင်းသားတို့က အသိတမည်သော ကဏှဒေဝီလရသေ့အား ပြကြကုန်၏။
အသိတရသေ့သည် အလျှံတပြောင်ပြောင် တောက်ပသော မီးကဲ့သို့လည်းကောင်း၊ ကောင်းကင်၌ သွားသော အထူးစင်ကြယ်သော ကြယ်တို့၏ အကြီးအမှူး လကဲ့သို့လည်းကောင်း၊ သရဒအခါ၌ မိုးတိမ်မှလွတ်၍ ထွန်းလင်းတောက်ပသော နေကဲ့သို့လည်းကောင်း ထွန်းတောက်ပသော သတို့သားကို မြင်ရသော် ဝမ်းမြောက်ခြင်းရှိသည်ဖြစ်၍ ပြန့်ပြောများမြတ်သော နှစ်သိမ့်မှု 'ပီတိ'ကို ရလေ၏။
နတ်တို့သည် များသောအခက်အလက်ရှိသော တစ်ထောင်သောအချက် ဝန်းရှိသော ထီးကို ကောင်းကင်၌ ဆောင်းမိုးပေးကြကုန်၏၊ ရွှေအရိုးတပ်သော စာမရီသားမြီးယပ်တို့သည် တငြိမ့်ငြိမ့် လွှဲခပ်နေကြကုန်၏၊ သားမြီးကိုင်သူ ထီးကိုင်သူကိုမူကား မမြင်ကြရကုန်။
ကဏှသိရီဟူ၍ ခေါ်ဝေါ်အပ်သော ဆံကျစ်ထုံး ဒေဝီလရသေ့သည် တစ်နိက္ခ အချိန်စီးသော ရွှေတုံးကဲ့သို့ ကမ္ဗလာနီ၌ ထားအပ်သော သတိုးသားကိုလည်းကောင်း၊ ဦးထိပ်၌ ဆောင်းမိုးထားအပ်သော ထီးဖြူကိုလည်းကောင်း တွေ့မြင်ရသော် တက်ကြွသော စိတ်ရှိသည်ဖြစ်၍ ဝမ်းမြောက်ဝမ်းသာ ခံယူလှမ်းလင့်၏။
လှမ်းယူပြီးလျှင် လက္ခဏာကျမ်း ဗေဒင်ကျမ်းတို့၏ ကမ်းတစ်ဖက်သို့ ရောက်ပြီးသော ထိုဒေဝီလရသေ့သည် သာကီဝင်မင်းတို့၏ အကြီးအမြတ်ဖြစ်သော သတိုးသားကို ဉာဏ်ဖြင့်စုံစမ်းဆင်ခြင်သည်ရှိသော် ကြည်လင်သော စိတ်ရှိသည် ဖြစ်ရကား ''ဤသတိုးသားသည် အခြေနှစ်ချောင်းရှိနတ်လူတို့တွင် အထွတ်အမြတ်ဖြစ်၍ အတုမရှိ မြတ်သောသူတည်း''ဟု မြွက်ဆို ပြောကြားလေ၏။
ထို့နောက်မှ မိမိလားရမည့် ဂတိကို အောက်မေ့ဆင်ခြင်သည်ရှိသော် စိတ် မချမ်းမြေ့သော သဘောရှိရကား မျက်ရည်ကျလေ၏၊ သာကီဝင်မင်းတို့သည် ရှင်ရသေ့ ငိုသည်ကို မြင်ကြကုန်၍ ''သတို့သားငယ်၌ အန္တရာယ်ဖြစ်လတ္တံ့လော''ဟု ပြောဆို မေးမြန်းကြကုန်၏။
ရသေ့သည် စိတ်မချမ်းမြေ့သော သာကီဝင်မင်းတို့ကို မြင်၍ ငါသည် သတိုးသားငယ်၌ အစီးအပွားမဲ့ ဖြစ်မည်ကို မတွေ့မမြင်ရပေ၊ ထိုမင်းသားအား အန္တရာယ်ဖြစ်လိမ့်မည်လည်း မဟုတ်၊ ဤမင်းသားသည် သေးသိမ်ယုတ်ညံ့သူလည်း မဟုတ်၊ သင်တို့သည် ဝမ်းမြောက်သောစိတ် ရှိကြပါကုန်လော့။
ဤမင်းသားသည် မြတ်သော သဗ္ဗညုတဉာဏ်သို့ ရောက်လတ္တံ့၊ ထိုမင်းသားသည် မြင့်မြတ်စင်ကြယ်သော နိဗ္ဗာန်ကို သိမြင်ပြီးလျှင် များစွာသော သတ္တဝါတို့၏ အစီးအပွါးကို စောင့်ရှောက်လျက် ဓမ္မစကြာတရားတော်ကို ဟောတော်မူလတ္တံ့၊ ထိုမြတ်စွာဘုရား၏ သာသနာတော်သည် ကျယ်ပြန့်သည် ဖြစ်လတ္တံ့။
ဤလူ့ပြည်၌ ငါ၏ အသက်ကြွင်းသည် ကြာမြင့်တော့မည် မဟုတ်၊ ဤမင်းသား ဘုရားမဖြစ်မီ အတွင်း၌ပင် ငါသည် သေရလတ္တံ့၊ ထိုငါသည် သူတစ်ပါးတို့နှင့် မတူသည့် ဝီရိယရှိသော ဘုရားရှင်၏ တရားကို နာကြားရတော့မည် မဟုတ်၊ ထို့ကြောင့် ငါသည် စိတ်ထိခိုက်သူ ပျက်စီးခြင်းသို့ ရောက်သူ စိတ်ဆင်းရဲသူ ဖြစ်ရပါ၏။
ထိုရသေ့သည် သာကီဝင်မင်းတို့အား ပြန့်ပြောများမြတ်သော နှစ်သက်မှု 'ပီတိ'ကို ဖြစ်စေပြီးလျှင် နန်းတွင်းမှ ထွက်ခဲ့၏၊ အကျင့်မြတ်ရှိသူ ထိုရသေ့သည် မိမိတူဖြစ်သော နာလကလုလင်ကို သနားသည်ဖြစ်၍ သူတစ်ပါးတို့နှင့် မတူသည့် ဝီရိယရှိသော ဘုရားရှင်၏ တရား၌ ကျင့်သုံးဆောက်တည်စေ၏။
နောင်အခါ၌ သင်သည် ဘုရားဟူသော အသံကို ကြားခဲ့မူ သဗ္ဗညုတဉာဏ်သို့ ရောက်လတ်တော်မူပြီးသော ဘုရားရှင်သည် နိဗ္ဗာန်လမ်းခရီးကို ဖွင့်လှစ်ခဲ့မူ ထိုအခါ ထိုဘုရားထံသို့ ကိုယ်တိုင်သွား၍ အယူဝါဒကို မေးလျှောက်လျက် မြတ်စွာဘုရားထံ၌ မြတ်သောအကျင့်ကို ကျင့်လေလော့။
အစီးအပွားကို လိုသောစိတ်ရှိသော တာဒိဂုဏ်ရှိသော နောင်အခါ၌ အလွန်မြတ်သော နိဗ္ဗာန်ကို မြင်သော ထိုအသိတရသေ့ ဆုံးမသော #နာလကသည် ဆည်းပူးအပ်ပြီးသော ကောင်းမှုအစုရှိသည်ဖြစ်၍ မြတ်စွာဘုရားကို မျှော်လင့်လျက် ဣန္ဒြေတို့ကို စောင့်စည်းကာ ရသေ့အသွင်ဖြင့် နေလင့်၏။
ကောလာဟလ ၅ မျိုး
၁။ ကပ္ပကောလာဟလ- ကမ္ဘာပျက်မည့်အကြောင်း နှစ်ပေါင်းတစ်သိန်း ကြိုတင်၍ ဖြစ်ပေါ်လေ့ရှိသော ကောလာဟလ၊
၂။ စက္ကဝတ္တိကောလာဟလ- စကြာမင်းလောင်း ပေါ်မည့်အကြောင်း နှစ်ပေါင်းတစ်ရာ ကြိုတင်၍ ဖြစ်ပေါ်လေ့ရှိသော ကောလာဟလ၊
၃။ ဗုဒ္ဓကောလာဟလ- သဗ္ဗညုဘုရားရှင် ပွင့်ပေါ်မည့်အကြောင်း နှစ်ပေါင်းတစ်ထောင် ကြိုတင် ဖြစ်ပေါ်လေ့ရှိသော ကောလာဟလ၊
၄။ မင်္ဂလကောလာဟလ- ဘုရားရှင် မင်္ဂလာတရား ဟောကြားမည့်အကြောင်း တစ်ဆယ့်နှစ်နှစ် ကြိုတင်၍ ဖြစ်ပေါ်လေ့ရှိသော ကောလာဟလ၊
၅။ မောနေယျကောလာဟလ- ရဟန်းတစ်ပါးက ဘုရားရှင်အား မောနေယျအကျင့် အကြောင်းကို မေးမြန်းလျှောက်ထားလိမ့်မည်ဟု ခုနစ်နှစ် ကြိုတင်၍ ဖြစ်ပေါ်လေ့ရှိသော ကောလာဟလ။
အသိတရသေ့၏ ဆုံးမသောအချိန်အခါ ရောက်လတ်သော် ထိုနာလကသည် မြတ်စွာဘုရား၏ မြတ်သော ဓမ္မစကြာတရား ဟောခြင်းကြောင့် ဖြစ်ပေါ်လာသော မောနေယျကောလာဟလ ကြွေးကြော်သော အသံကို ကြား၍ ဣသိပတနမိဂဒါဝုန်တောသို့ သွားလျက် မြတ်သော ဣသိဖြစ်တော်မူသော မြတ်စွာဘုရားကို မြင်သောကြောင့် ကြည်ညို၍ မုနိတို့၏ အမြတ်ဖြစ်သော မြတ်စွာဘုရားအား မောနေယျအကျင့်မြတ်ကို မေးလျှောက်လေ၏။
ဝတ္ထုဂါထာ ပြီး၏။
ဂေါတမနွယ်ဖွား မြတ်စွာဘုရား အသိတရသေ့ ပြောဆိုခဲ့သော စကားသည် မချွတ်မယွင်း အမှန်ပင်ဖြစ်တော့သည်ဟု အကျွန်ုပ်သိအပ်ပါ၏၊ ထို့ကြောင့် တရားအားလုံးတို့၏ ကမ်းတစ်ဖက်သို့ ရောက်တော်မူပြီးသော မြတ်စွာဘုရားအား အကျွန်ုပ် မေးလျှောက်ပါ၏
မြတ်စွာဘုရား အိမ်ရာမထောင်သော ရဟန်းအဖြစ်နှင့် ပြည့်စုံသော ဆွမ်းခံလှည့်လည်ခြင်းဖြင့် ရှာမှီးသော အကျွန်ုပ်သည် မေးလျှောက်သည်ဖြစ်၍ အသျှင်ဘုရားသည် မောနေယျအကျင့်မြတ်ကို ဟောတော်မူပါလော့။
မောနေယျအကျင့်
မောနေယျကျင့်ဝတ်ကို သင့်အား ငါဘုရား သိစေအံ့၊ ပြုနိုင်ခဲ ဖြစ်စေနိုင်ခဲသော ထိုမောနေယျအကျင့်ကို ယခု ဟောကြားအံ့၊ သင်သည် မိမိကိုယ်ကို (ဝီရိယဖြင့်)အားပြုထောက်ပံ့ထားလော့၊ ဝီရိယဖြင့် ခိုင်မြဲသူ ဖြစ်လော့။
၁။ ရွာ၌ ဆဲရေးသူနှင့် ရှိခိုးသူကို ထပ်တူထပ်မျှပြုရာ၏၊ (ဆဲရေးခံရသော်) စိတ်ပြစ်မှားမှု 'ဒေါသ'ကို စောင့်ရှောက်ရာ၏၊ (ရှိခိုးခံရသော်) မတက်ကြွဘဲ ကျင့်ရာ၏။
၂။ တော၌ မီးလျှံနှင့်တူကုန်သော ဣဋ္ဌအနိဋ္ဌအားဖြင့် အမြတ်အယုတ်ဖြစ်သည့် အာရုံတို့သည် ဖြစ်ပေါ်လာတတ်ကုန်၏၊ ထိုတော၌ မိန်းမတို့သည် ရဟန်းကို ဖြားယောင်းတတ်ကုန်သေး၏၊ ထိုမိန်းမတို့သည် သင့်ကို မဖြားယောင်းစေကုန်လင့်။
၃။ ကောင်း မကောင်းကုန်သော ကာမဂုဏ်တို့ကို ပယ်စွန့်၍ မေထုန် အကျင့်မှ ရှောင်ကြဉ်သူ သတ္တဝါတို့၌ မဆန့်ကျင်သူ တပ်မက်မှု မရှိသူ ဖြစ်ရာ၏။
၄။ တဏှာရှိသော သတ္တဝါ တဏှာမရှိသော သတ္တဝါတို့ကိုလည်း ငါသည် ချမ်းသာကို အလိုရှိသကဲ့သို့ ဤသတ္တဝါတို့သည်လည်း ချမ်းသာကို အလိုရှိကုန်၏၊ ထိုသတ္တဝါတို့သည် ချမ်းသာကို အလိုရှိကုန်သကဲ့သို့ ငါသည်လည်း ချမ်းသာကို အလိုရှိ၏ဟု မိမိကိုယ်ကို ဥပမာပြု၍ မိမိလည်း မသတ်ရာ၊ သူတစ်ပါးကိုလည်း မသတ်စေရာ။
၅။ အကြင် ပစ္စည်းလေးပါး၌ ပုထုဇဉ်သည် ကပ်ငြိ၏၊ ထိုပစ္စည်းလေးပါး၌ အလို 'ဣစ္ဆာ'ကိုလည်းကောင်း၊ လောဘကိုလည်းကောင်း ပယ်စွန့်၍ ပညာမျက်စိရှိလျက် ကျင့်ရာ၏၊ ပြည့်နိုင်ခဲသော ဤတဏှာ သမုဒ္ဒရာကို ကူးခပ်ရာ၏။
၆။ ယုတ်လျော့ပါးလျှပ်သော ဝမ်းရှိသူ နှိုင်းရှည့်ပိုင်းခြားအပ်သော အာဟာရရှိသူ ဖြစ်ရာ၏၊ အလိုနည်းသူ မလျှပ်ပေါ်သူ ဖြစ်ရာ၏၊ အခါ ခပ်သိမ်း လောလုပ္ပ တဏှာဖြင့် အလိုမရှိသူ ဖြစ်ရာ၏၊ အလိုမရှိခြင်းကြောင့် တဏှာဟူသော မွတ်သိပ်မှု မရှိသည်ဖြစ်၍ ငြိမ်းအေးရာ၏။
၇။ မောနေယျအကျင့်ကို ကျင့်သော ထိုရဟန်းသည် ဆွမ်းခံသွားပြီးလျှင် တောသို့သာလျှင် ပြန်သွားရာ၏၊ သစ်ပင်ရင်း၌ ရပ်တည်၍သော်လည်းကောင်း၊ ထိုင်သည်ဖြစ်၍သော်လည်းကောင်းနေရာ၏။
၈။ ထိုရဟန်းသည် ဈာန်ဝင်စားလေ့ရှိသူ တည်တံ့သူ တော၌ မွေ့လျော်သူ ဖြစ်ရာ၏၊ မိမိကိုယ်ကို အလွန်နှစ်သက်စေသည်ဖြစ်၍ သစ်ပင်ရင်း၌ ဈာန်ဝင်စားရာ၏။
၉။ ထိုညဉ့်လွန်မြောက်သည်ရှိသော် ရွာသို့ ဆွမ်းခံသွားရာ၏၊ ပင့်ဖိတ်၍ လှူသော ဆွမ်းကိုလည်း မနှစ်သက်ရာ၊ ရွာမှ ဆောင်ယူ၍ လှူသော ဆွမ်းကိုလည်း မနှစ်သက်ရာ။
၁၀။ မောနေယျအကျင့်ကို ကျင့်သော ရဟန်းသည် ရွာသို့ ရောက်သည်ရှိသော် ဒါယကာတို့၌ ရောရောနှောနှော မနေရာ၊ ပြတ်သော စကားရှိသည်ဖြစ်၍ နိမိတ် ဝိညတ်နှင့် ယှဉ်၍ အစားရှာမှီးကြောင်းစကားကို မပြောဆိုရာ။
၁၁။ ထိုရဟန်းသည် တစ်စုံတစ်ခုသော ဝတ္ထုပစ္စည်းကို ရလျှင်လည်းကောင်း၏၊ မရလျှင်လည်းကောင်း၏ဟု ရ မရ နှစ်ပါးဖြင့်ပင်လျှင် တုန်လှုပ်ခြင်း မရှိသည်ဖြစ်၍ သစ်ပင်ကို လျစ်လျူရှုသကဲ့သို့ လျစ်လျူရှုကာ ပြန်လှည့်ရာ၏။
၁၂။ ထိုရဟန်းသည် မအ,ပါဘဲလျက် အ,သူဟု သမုတ်ခံလျက် သပိတ်ပိုက်ကာ ဆွမ်းခံလှည့်လည်သည်ရှိသော် အနည်းငယ်မျှ ပေးလှူခြင်းကိုလည်း မရှုတ်ချရာ၊ ပေးလှူသူကိုလည်း မထီမဲ့မြင် မပြုရာ။
၁၃။ မဂ်ရကြောင်း အကျင့်ကို သုခပဋိပဒါစသည် အမြတ်အယုတ်ရှိ၏ဟူ၍ ဘုရားတည်းဟူသော သမဏသည် ပြတော်မူ၏၊ သို့ပင် အမြတ်,အယုတ်ရှိသော်လည်း တစ်ခုတည်းသော မဂ်ဉာဏ်ဖြင့် နိဗ္ဗာန်သို့ နှစ်ကြိမ်သော်ကား မရောက်ကုန်၊ ကိလေသာတို့ တစ်ပြိင်နက် မကုန်ရကား နိဗ္ဗာန်ဟူသော ကမ်းသို့ တစ်ကြိမ်သာ ရောက်သည်လည်း မဟုတ်ပေ။
၁၄။ အကြင်ရဟန်းအား ပျံ့နှံ့သော တဏှာ (ဝိစရိတ) မရှိ၊ တဏှာအလျဉ် ပြတ်စဲပြီးသော ပြုသင့်သော ကိစ္စ မပြုသင့်သော ကိစ္စကို ပယ်ပြီးသော ထိုရဟန်းအား ရာဂစသည်ကြောင့် ဖြစ်သော ပူပန်မှု မရှိ။
၁၅။ နာလက သင့်အား မောနေယျအကျင့်ကို ငါ ဟောအံ့၊ ထိုမောနေယျ ရဟန်းသည် သင်တုန်းသွား ဥပမာရှိသူ ဖြစ်ရာ၏၊ အာစောက်ကို လျှာဖြင့် ထိကပ်ပြီးလျှင် ဝမ်း၌ စောင့်စည်းသူဖြစ်ရာ၏။
၁၆။ မတွန့်ဆုတ်သော စိတ်ရှိသူလည်း ဖြစ်ရာ၏၊ များစွာလည်း မကြံစည် ရာ၊ ကိလေသာ အညှီအဟောက်ကင်းသူ တဏှာဒိဋ္ဌိတို့ဖြင့် တစ်စုံတစ်ခုသော ဘဝ၌ မမှီသူ အကျင့်မြတ်လျှက် လဲလျောင်းရာရှိသူ ဖြစ်ရာ၏။
၁၇။ အဖော်မမှီး တစ်ယောက်တည်း နေနိုင်ရန် ကျင့်ရာ၏၊ ရဟန်းတို့သည် ကပ်၍ ရှုသင့်ရှုထိုက်သော ကမ္မဋ္ဌာန်းအာရုံ၌ အားထုတ်နိုင်ရန်လည်း ကျင့်ရာ၏၊ တစ်ယောက်တည်း နေခြင်းကို မောနဟူ၍ ငါဘုရား ဟောကြား၏၊ သင်သည် တစ်ယောက်ထီးတည်း မွေ့လျော်နိုင်ခဲ့မူ အရပ်ဆယ်မျက်နှာတို့၌ ကျော်စောထင်ရှားလတ္တံ့။
၁၈။ ငါဘုရားကို မြတ်နိုးသောသူသည် ဈာန်ဝင်စားကုန်၏၊ ကာမကို စွန့်လွှတ်ကုန်ပြီးသော ပညာရှိတို့၏ ကြွေးကြော်သံကို ကြားရသောကြောင့် ရှက်မှု 'ဟိရီ'ကိုလည်းကောင်း၊ ယုံကြည်မှု 'သဒ္ဓါ'ကိုလည်းကောင်း အတိုင်းထက်အလွန် ပြုရာ၏။
၁၉။ ထိုစကားကို မြစ်ဥပမာတို့ဖြင့် သိကုန်လော့၊ မြစ်ငယ်တို့သည် မြောင်း ငယ် ချောက်ကြားတို့၌ အသံမြည်လျက် စီးသွားကုန်၏၊ မြစ်ကြီးတို့သည်ကား တိတ်တိတ် ဆိတ်ဆိတ် စီးသွားကုန်၏။
၂၀။ ရေမပြည့်သော အိုးသည် အသံမြည်၏ ဘောင်ဘင်ခတ်၏၊ ရေပြည့်သော အိုးသည် ငြိမ်သက်သည်သာတည်း၊ သူမိုက်သည် ရေမပြည့်သော အိုးနှင့် တူ၏၊ ပညာရှိသည် ရေပြည့်သော အိုးကြီးနှင့် တူ၏။
၂၁။ မြတ်စွာဘုရားတည်းဟူသော သမဏသည် အကျိုးအကြောင်းနှင့် ပြည့်စုံသော အစီးအပွားနှင့် စပ်ယှဉ်သော စကားကို များစွာ မြွက်ဆိုတော်မူ၏၊ ထိုမြတ်စွာဘုရားသည် တရားကို သိတော်မူသည်ဖြစ်၍သာ ဟောတော်မူ၏၊ သိတော်မူသည်ဖြစ်၍ များစွာ မြွက်ဆိုတော်မူ၏။
၂၂။ တရားကို သိသောသူသည် စောင့်စည်းသော စိတ်ရှိ၏၊ တရားကို သိသောသူသည် စကားကို များစွာ မပြောဆို၊ ထိုရဟန်းသည် အရဟတ္တမဂ်ဉာဏ်ကို ရထိုက်၏၊ ရလည်းရ၏ဟု (မြတ်စွာဘုရားဟောတော်မူ၏)။
ဗုဒ္ဓဝင်လာ မောနေယျ ရဟန်းအကြောင်း
ကာဠဒေဝီလ ရှင်ရသေ့သည် “အလောင်းမင်းသား ဘုရားဖြစ်သောအခါ ငါပင် မဖူးမတွေ့ရ သော်လည်း ငါ၏ ဆွေမျိုးထည်းမှ တစုံတယောက်သောသူသည် ဤအလောင်းမင်းသား ဘုရားဖြစ်သည်ကို ဖူးတွေ့ခြင်းငှါ ရနိုင် ဦးမည်လော, မရနိုင်မည်လော”ဟု ဆင်ခြင် ကြည့်ရှုပြန်လေသော် မိမိ၏ နှမငယ်၏သား နာလကလုလင်ကို မြင်လေ၏ “ငါ့တူ နာလကသည်ကား ဤအလောင်းမင်းသား ဘုရားဖြစ်သည်ကို ဖူးတွေ့နိုင်ပေလိမ့်မည်”ဟု မြင်တော်မူပြီးကာ မိမိ၏ နှမအိမ်သို့ ကြွရောက်ပြီးလျှင် နာလကလုလင်ကို ခေါ်စေပြီးသော် မိမိထံမှောက် ရောက်လာသော နာလကကို —
“ငါ့တူ အမောင်နာလက သုဒ္ဓေါဒနမင်းကြီး၏ နန်းတော်မှာ သားတော်တစ်ပါး ဖွားခဲ့လေပြီ၊ ထိုသားတော်သည် ဘုရားလောင်းလျာ ဖြစ်ပေသည်၊ ထိုသားတော်သည် အသက်(၃၅)နှစ်လွန်လျှင် လူတွင်ထင်ရှား ဘုရားဖြစ်လိမ့်မည်၊ ငါ့တူသည် ထိုဘုရားကို ဖူးမြင်ထိုက်သူ ဖြစ်ပေ၏၊ ထို့ကြောင့် ငါ့တူသည် ယနေ့ပင် ရဟန်း ပြုလော့”ဟု မိန့်ဆို တိုက်တွန်းလေ၏။
ထိုနာလကလုလင်သည် (၈၇)ကုဋေ ဥစ္စာကြွယ်ဝသော မိဖအိမ်၌ ဖြစ်ရသောသူငယ်ပင် ဖြစ်လင့်ကစား “ငါ၏ ဦးကြီးတော် (အမေ့မောင်)သည် ငါ့ကို အကျိုးမရှိသောအရာ၌ တိုက်တွန်းလိမ့်မည်မဟုတ်၊ အမှန်စင်စစ် အကျိုးရှိမည့်အရာဖြစ်၍သာ ဤသို့ တိုက်တွန်းပေသည်”ဟု ယုံကြည်ကြံစည် ဆုံးဖြတ်ပြီးလျှင် ထိုခဏ၌ပင် ဈေးအတွင်းမှ သင်္ကန်းသပိတ်တို့ကို ဝယ်ယူ ဆောင်ကြဉ်းစေ၍ ဆံမုတ်ဆိတ်တို့ကို ရိတ်ပယ်ပြီးလျှင် သင်္ကန်းတို့ကို ဝတ်ရုံလျက်----
“လောက၌ အမြတ်ဆုံးသော ပုဂ္ဂိုလ်ဖြစ်သည့် မြတ်စွာဘုရားကို ရည်ညွှန်း၍ ငါ၏ ရဟန်းပြုခြင်းသည် ဖြစ်ပေ၏” မချွတ်ပွင့်အံ့သော မြတ်စွာဘုရားကို ရည်ညွှန်း၍ ငါသည် ရဟန်းပြု၏"ဟု နှုတ်မှ မြွက်ဆိုကာ မြတ်စွာဘုရားအလောင်းတော်ရှိရာ ကပိလဝတ် နန်းတော်ဘက်သို့ မျက်နှာရွှေတည် လက်အုပ်ချီလျက် တည်ခြင်းငါးပါးဖြင့် ရှိခိုးပြီးမှ သပိတ်ကို အိတ်၌ထည့်၍ ပခုံးစွန်း၌ လွယ်ပြီးသော် ဟိမဝန္တာတောသို့ဝင်၍ မြတ်စွာဘုရားကို စောင့်ကြိုကာ ရဟန်းတရား ပွားများကြိုးကုတ် အားထုတ်နေလေ၏။
မြတ်စွာဘုရားသည် ဝါဆိုလပြည့်နေ့၌ ဓမ္မစကြာတရားကို ဟောကြားတော်မူ၍ ဗြဟ္မာ တဆယ့်ရှစ်ကုဋေတို့နှင့်တကွ အရှင်ကောဏ္ဍညမထေရ်ကို ကျွတ်တမ်းဝင်စေပြီး ထိုဝါဆိုလပြည့်ကျော် ၅-ရက်နေ့၌ ပဉ္စဝဂ္ဂီရဟန်း ငါးဦးတို့ကို အရဟတ္တဖိုလ်ရောက်အောင် အနတ္တလက္ခဏသုတ္တန်ကို ဟောကြား ချွေချွတ်တော်မူပြီးလျှင် ဝါဆိုလပြည့်ကျော် (၇) ခုနှစ်ရက်နေ့မြောက် ရောက်လတ်သောအခါ ဓမ္မစကြာတရားနာ ပရိသတ်၌ အပါအဝင်ဖြစ်ကြသည့် ရှင်နာလက၏ အကျိုးကို လိုလားသောနတ်တို့က “အရှင်နာလက မြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပတနမိဂဒါဝုန်တော၌ ဓမ္မစကြာတရားဦး ဟောကြားပြီးလေပြီ၊ လူသုံးပါး၌ မြတ်စွာဘုရားကား ထင်ရှားပွင့်တော်မူလာပြီ” ဤသို့ အစရှိသည်ဖြင့် ရှင်နာလကအား မြတ်စွာ ဘုရား ပွင့်တော်မူပြီဖြစ်ကြောင်းနှင့် ဓမ္မစကြာတရား ဟောကြားတော်မူပြီးဖြစ်ကြောင်း လျှောက်ထားပြောကြားကြလေသည်။
ကောလာဟလ ၅ မျိုး
၁။ ကပ္ပကောလာဟလ- ကမ္ဘာပျက်မည့်အကြောင်း နှစ်ပေါင်းတစ်သိန်း ကြိုတင်၍ ဖြစ်ပေါ်လေ့ရှိသော ကောလာဟလ၊
၂။ စက္ကဝတ္တိကောလာဟလ- စကြာမင်းလောင်း ပေါ်မည့်အကြောင်း နှစ်ပေါင်းတစ်ရာ ကြိုတင်၍ ဖြစ်ပေါ်လေ့ရှိသော ကောလာဟလ၊
၃။ ဗုဒ္ဓကောလာဟလ- သဗ္ဗညုဘုရားရှင် ပွင့်ပေါ်မည့်အကြောင်း နှစ်ပေါင်းတစ်ထောင် ကြိုတင် ဖြစ်ပေါ်လေ့ရှိသော ကောလာဟလ၊
၄။ မင်္ဂလကောလာဟလ- ဘုရားရှင် မင်္ဂလာတရား ဟောကြားမည့်အကြောင်း တစ်ဆယ့်နှစ်နှစ် ကြိုတင်၍ ဖြစ်ပေါ်လေ့ရှိသော ကောလာဟလ၊
၅။ မောနေယျကောလာဟလ- ရဟန်းတစ်ပါးက ဘုရားရှင်အား မောနေယျအကျင့် အကြောင်းကို မေးမြန်းလျှောက်ထားလိမ့်မည်ဟု ခုနစ်နှစ် ကြိုတင်၍ ဖြစ်ပေါ်လေ့ရှိသော ကောလာဟလ။
အရှင်နာလကသည် လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ့်ငါးနှစ်ကပင် အစပြုကာ ရသေ့ရဟန်းပြုပြီးလျှင် “ရေငုပ်ဖန်များလျှင် နားချို့တဲ့လိမ့်မည်၊ နားချို့တဲ့လျှင် တရားစကားကို မကြားရ၍ တရားတော်မှ ဆုံးရှုံးခြင်းသို့ ရောက်ချေရာသည်”ဟု နှလုံးပိုက်၍ ဆွေမျိုးတို့၏ အစဉ်အလာ အကျင့်စာရိတ္တဖြစ်သော ရေငုပ်ခြင်း အကျင့်ကိုပင် ပယ်လျက် မြတ်စွာဘုရား ပွင့်ထွန်းတော်မူလာမည့် အချိန်ကို စောင့်မျှော်နေသူဖြစ်ရကား ထိုနတ်များ လျှောက်ထား ပြောကြားသော မောနေယျကောလာဟလ သတင်းစကားကို ကြားသိရလျှင် “ငါ၏ ဦးရီးတော် ကာလဒေဝီလရှင်ရသေ့က ငါ့အား ဆုံးမစကား မိန့်ကြားခဲ့သော အချိန်အခါသည် ကောင်းစွာ ဆိုက်ရောက်လတ်ပေပြီ” ဟူ၍ နှစ်သက်ရွှင်လန်း ဝမ်းမြောက်ကာ ဝါဆိုလပြည့်ကျော် (၇) ခုနစ်ရက်နေ့တွင် ဟိမဝန္တာမှ ဖဲခဲ့၍ ဣသိပတနမိဂဒါဝုန်တောသို့ အရောက်သွားလေရာ “နာလကရသေ့သည် ယနေ့ ရောက်လာလိမ့်မည်၊ ထိုနာလကရသေ့အား မောနေယျအကျင့်ကို ဟောကြားမည်”ဟူသော အလိုတော်ဖြင့် မျှော်လင့်ငံ့ဆိုင်းကာ မြင့်မြတ်သော ဘုရားနေရာ၌ ထက်ဝယ်ဖွဲ့ခွေ ထိုင်နေနှင့်တော်မူသော မြတ်စွာဘုရားကို ဖူးမြင်ရလေလျှင် အလွန်ပင် သဒ္ဓါယိုဖိတ် ကြည်ညိုစိတ်ရှိလှသည်ဖြစ်၍ မြတ်စွာဘုရားကို ရိုသေမြတ်နိုး ရှိခိုး ပြီးလျှင်----
အညာတမေတံ ဝစနံ၊ အသိတဿ ယထာတထိ။
တံ တံ ဂေါတမ ပုစ္ဆာမိ၊ သဗ္ဗဓမ္မာန ပါရဂုံ။
အနဂါရိယုပေတဿ၊ ဘိက္ခာစရိယံ ဇိဂီသတော။
မုနိ ပဗြူဟိ မေ ပုတ္တော၊ မောနေယျ ဥတ္တမံ ပဒံ—
ဟူသော နှစ်ဂါထာကို ရွတ်ဆိုမေးမြန်း လျှောက်ထားလေ၏။ အဓိပ္ပါယ်ကား---
ဘုန်းတော်ကြီးသော ဂေါတမနွယ်ဖွား ရှင်တော်မြတ်ဘုရား အကျွန်ုပ်၏ ဦးရီးတော် ကာလဒေဝီလရသေ့က အကျွန်ုပ်အား လွန်ခဲ့သောနှစ်ပေါင်း (၃၅)နှစ်က ပြောဆို မှာကြားခဲ့သော စကားသည် ယခုအခါ မြတ်စွာဘုရားကို မျက်ဝါးထင်ထင် ဖူးမြင်ရပါ၍ မချွတ်မယွင်း ဖြောင့်စင်းမှန်ကန်လှပေ၏ဟု အကျွန်ုပ် ကိုယ်တွေ့ သိမြင်အပ်ပါပြီ၊ ထို့ကြောင့် ခပ်သိမ်းသော တရားတို့၌ ခြောက်ပါးသော အခြင်းအရာဖြင့် ပါရဂူမြောက် ဖက်ကမ်းရောက်တော်မူပြီးသော ရှင်တော်ဘုရားကို သိလို,ကျင့်လိုရေးဖြင့် မေးမြန်းလျှောက်ထားပါရစေ။
ဆွမ်းခံခြင်းဖြင့် မှီတင်းနေထိုင်သော ရဟန်း၏ မဂ်ဉာဏ် လေးပါးသို့ ရောက်ကြောင်း ကောင်းမြတ်သော အကျင့်ပဋိပတ်ကို အကျွန်ုပ် မေးလျှောက်အပ်သော အရှင်ဘုရားသည် အကျွန်ုပ်အား သနားကြည်ဖြူ ဟောကြားတော်မူပါဘုရားဟူ၍ ဆိုလိုသည်။
ထိုအခါ မြတ်စွာဘုရားသည် အရှင်နာလကအား “မောနေယျ တေ ဥပည” အစရှိသော (၂၃)ဂါထာတို့ဖြင့် မောနေယျ အကျင့်ပဋိပတ်ကို အကျယ်ဟောကြားတော်မူသည်။
(ဤ၌ မောနေယျ ဟူသည်ကား' မဂ်ဉာဏ်လေးပါးကို ခေါ်ဆိုသည်။ အထူးသဖြင့် အရဟတ္တမဂ်ဉာဏ်ကို မောနေယျဟူ၍ ခေါ်၏။ ထို့ကြောင့် မဂ်ဉာဏ်လေးပါးသို့ ရောက်ကြောင်း ကောင်းမြတ်မှန်ကန်သော အကျင့်ကို မောနေယျပဋိပဒါ - မောနေယျအကျင့်ဟူ၍ ခေါ်ကြောင်း ကောင်းစွာ မှတ်ယူရာ၏။)
ထို ဟောကြားတော်မူအပ်သည့် မောနေယျအကျင့် ပဋိပဒါ (၂၃)ဂါထာပါဠိနှင့် မြန်မာစကားပြေတို့ကား---
(၁) မောနေယျံ တေ ဥပညိဿံ၊ ဒုက္ကရံ ဒုရဘိသမ္ဘဝံ။
ဟန္တ တေ နံ ပဝက္ခာမိ၊ သန္ထမ္ဘဿု ဒဠော ဘဝ။
ချစ်သားနာလက သင့်အား ငါဘုရားသည် အတီ အထွင် ငြိုငြင်ဆင်းရဲ ပြုနိုင်ခဲလှသည့်ပြင် သက်ဝင်ချဉ်းနင်း ဖြစ်စေခြင်းငှါလည်း ခဲယဉ်းစွာသော မောနေယျ အကျင့်ကို ထင်ရှားသိစေ ဟောပြပေအံ့။
(ချစ်သားနာလက သင်မေးအပ်သော မောနေယျအကျင့်မှာ ပုထုဇန်အချိန် အခါကစ၍ ကိလေသာစိတ် ဘိတ်မဖြစ်စေပဲ ဇွဲကောင်းကောင်းဖြင့် ကျင့်ကြံအပ်သော တရားဖြစ်၍ ကျင့်နိုင်ခဲ ဖြစ်စေနိုင်ခဲသော အကျင့်မျိုး ဖြစ်သည်ဟု ဆိုလိုသည်။)
ချစ်သားနာလက (ကိုင်း) သင့်အား ငါဘုရားသည် မောနေယျအကျင့်ကို အကျယ်အားဖြင့် ဟောကြားပေအံ့။ (သင် ချစ်သားသည် ဆည်းပူးအပ်ပြီး သော ကောင်းမှု ကုသိုလ်ရှိသူဖြစ်ပေ၏၊ ထို့ကြောင့် သင် ချစ်သားသည် ပြုနိုင်ခဲသည်ကို ပြုစွမ်းနိုင်သော ဝီရိယဖြင့် မိမိကိုယ်ကို ကြံ့ခိုင်စွာထားပြီးလျှင် မလျှော့သောလုံ့လဖြင့် မြဲမြံစွာ ကျင့်ကြံကြိုးကုတ် အားထုတ်လော့။
(၂) သမာနဘာဂံ ကုဗ္ဗေထ၊ ဂါမေ အက္ကုဋ္ဌဝန္တိတံ။
မနောပဒေါသံ ရက္ခေယျ၊ သန္တော အနုဏ္ဏတော စရေ။
ချစ်သားနာလက မြို့ရွာဇနပုဒ်များ၌ လူများက မိမိအား အမျက်ထွက်ကာ ထိပါးဆဲဆိုခြင်းကို၎င်း, ကြည်ညွှတ်ရိုကျိုး ရှိခိုးတုံ့ဝပ်ခြင်းကို၎င်း မုန်းချစ်မဟူ အတူအမျှဖြစ်အောင် ကျင့်ဆောင်အားထုတ် ပြုလုပ်ရမည်။ သူတော်ကောင်းဖြစ်သော သူသည် မိမိအား ထိပါးဆဲဆိုလာမှုကြောင့် နှလုံးမရွှင် ငြိုငြင်သောအား စိတ်ပြစ်မှားခြင်းကို ဟန့်တား စောင့်ရှောက်ရမည်၊ ကြည်ညွတ်ရိုကျိုး ရှိခိုးတုံ့ဝပ်မှုကြောင့် မြင့်မော်တက်ကြွခြင်း အလျှင်းမရှိအောင် ကျင့်ဆောင်ကြိုးကုတ် အားထုတ်ရမည်။
(မြို့ရွာဇနပုဒ်အတွင်း မှီတင်းနေထိုင်သူတို့က ဆဲရေးလာလျှင် စိတ် ပြစ်မှား အမျက်ပွါးခြင်းကို ဟန့်တားစောင့်ရှောက်ရမည်၊ ပြည့်ရှင်မင်းကပင် ရှိခိုးဦးညွှတ်လာသော်လည်း တက်ကြွခြင်း မရှိစေရ၊ ဤနည်းဖြင့် လူတို့၏ ဆဲရေးခြင်း, ရှိခိုးခြင်းကို မုန်းချစ်မဟူ တူမျှအောင် ကျင့်ရမည်ဟု ဆိုလိုသည်။)
(ဤဂါထာဖြင့် မြို့ရွာနှင့် စပ်သော ကိလေသာကို ပယ် ရှားရန် ဟောတော်မူသည်။)
(၃) ဥစ္စာဝစာ နိစ္ဆရန္တိ၊ ဒါယေ အဂ္ဂိသိခူပမာ။
နာရိယော မုနိံပလောဘေန္တိ၊ တာ သု တံ မာ ပလောဘယုံ။
ချစ်သားနာလက တော၌လည်းမီးလျှံပမာ လောင်ကျွမ်းတတ်စွာသော အာရုံအမျိုးမျိုးတို့ ထင်လာတတ်ကုန်၏၊ (တနည်း တောမီးလောင်သောအခါ မီးလျှံ မီးညွန့်တို့သည် အခိုးရှိ မရှိ အညိုရောင်, အဝါရောင်, အနီရောင် အကြီးအငယ် စသည်အား အထူးထူး အပြားပြား ထွက်ပေါ်ကြကုန်သကဲ့သို့၊ ဤအတူ လူ, ဘီလူး, ခြင်္သေ့, သစ်, ကျား, ငှက် အမျိုးမျိုး, ထိုသတ္တဝါတို့၏ အသံ အမျိုးမျိုး, အသီး, အပွင့်, ရွက်, ညွန့်စသောအားဖြင့် တောအရပ်၌လည်း ကြောက်ဖွယ်အာရုံ နှစ်သက်တပ်မက်ဖွယ်အာရုံ မုန်းတီးဖွယ်အာရုံ တွေဝေဖွယ်အာရုံ အမျိုးမျိုးတို့သည် ထင်လာတတ်ကုန်၏။ ဤသို့ ထင်လာသော အာရုံအမျိုးမျိုးတို့အနက်) အပျော်အပါး ဥယျာဉ်ကစား တောကစားလာကြသော မိန်းမများ, ထင်းခွေ, ပန်းခူး ဟင်းရွက်ခူး, သစ်သီးကောက်လာကြသော မိန်းမများသည် ရဟန်းတစ်ပါးတည်း ဆိတ်ငြိမ်ရာ၌နေသည်ကို မြင်ကြရလျှင် ပြုံးရွှင်ခြင်း ထိပါးရိပါး ပြောကြားခြင်း, ငိုကြွေးခြင်း, ရော့ရဲစွာဝတ်ခြင်းစသည်တို့ဖြင့် ဖြားယောင်း သွေးဆောင်တတ်ကြကုန်၏၊ ထိုမိန်းမများက သင်ချစ်သားကို မဖြားယောင်းကြစေကုန်လင့် (ထိုမိန်းမများ မဖြား ယောင်းနိုင်အောင် ကျင့်ကြံအားထုတ်လေဟု ဆိုလိုသည်။)
(ဤဂါထာဖြင့် တောနှင့်စပ်သော ကိလေသာကို ပယ် ရှားရန် ဟောတော်မူ၏။)
(၄) ဝိရတော မေထုနာ ဓမ္မာ၊ ဟိတွာ ကာမေ ပရောပရေ။
အဝိရုဒ္ဓေါ အသာရတ္တော၊ ပါဏေသု တသထာဝရေ။
(၅) ယထာ အဟံ တထာ ဧတေ၊ ယထာ ဧတေ တထာ အဟံ။
အတ္တာနံ ဥပမံ ကတွာ၊ န ဟနေယျ န ဃာတယေ။
ချစ်သားနာလက ကောင်းကောင်းဆိုးဆိုး မေထုန်မှ ကြွင်းသော ကာမအာရုံအမျိုးမျိုးတို့ကို ပယ်ရှားပြီးလျှင် မေထုန်အကျင့်မှ သင်ချစ်သား ဝေးစွာရှောင်ရှားသူ ဖြစ်ရမည်။ သူတပါး၏ အသင်းအပင်းဝင် သတ္တဝါတို့၌ ဆန့်ကျင်မုန်းတီးခြင်း အလျှင်းမပြုပဲ မိမိအသင်းအပင်းဝင် သတ္တဝါတို့၌လည်း ချစ်ခင်တပ်မက်မှု အလျင်းပင် မပြုပဲ “ငါကဲ့သို့ပင် ထိုသတ္တဝါတို့သည် အသက်ရှည်ကြလို မသေကြလို ချမ်းသာကြလို မဆင်းရဲကြလို့ကုန်၊ ထိုသတ္တဝါတို့ကဲ့သို့ပင် ငါသည်လည်း အသက်ရှည်လို မသေလို ချမ်းသာလို မဆင်းရဲလိုပေ”ဟု မိမိကိုယ်ကို ဥပမာပြုကာ ကိုယ်ချင်းစာတရားထား၍ တဏှာမကင်းသေးသော ပုထုဇန်, သောတာပန်, သကဒါဂါမ်, အနာဂါမ် သတ္တဝါနှင့် တဏှာ လောဘ ကင်းပြီးသော ရဟန္တာတို့ကို ကိုယ်တိုင်လည်း မသတ်ဖြတ် မညှဉ်းဆဲရာ၊ သူတပါးကိုလည်း သတ်ဖြတ် ညှဉ်းဆဲရန် မခိုင်းစေရာ။
(ဤဂါထာတို့၌ “ဟိတွာ ကာမေ ပရောပရေ" ကောင်းကောင်း ဆိုးဆိုး ကာမအာရုံ အမျိုးမျိုးတို့ကို ပယ်ရှား၍”ဟူသော စကားရပ်ဖြင့် ဣန္ဒိယသံဝရသီလကို မြတ်စွာဘုရား ဟောကြားတော်မူ၏။ ကြွင်းသော စကားရပ်တို့ဖြင့် မေထုန်မှ ရှောင်ကြဉ်ခြင်း, သူ့အသက်သတ်မှမှ ရှောင်ကြဉ်ခြင်းတို့ကို အဦးပြု၍ ပါတိမောက္ခသံဝရသီလကို မြတ်စွာဘုရား ဟောကြားတော်မူ၏။)
(၆) ဟိက္ခာ ဣစ္ဆဉ္စ လောဘဉ္စ၊ ယတ္ထ သတ္တော ပုထုဇ္ဇနော။
စက္ခုမာ ပဋိပဇ္ဇေယျ၊ တရေယျ နရကံ ဣမံ။
ချစ်သားနာလက ပုထုဇဉ် သတ္တဝါအပေါင်းသည် အကြင် သင်္ကန်း ဆွမ်း ကျောင်း ဆေး ပစ္စည်းလေးပုံ ရဟန်းကာမဂုဏ်၌ တပ်မက်ငြိတွယ်လျက် တည်၏၊ သင် ချစ်သားသည် ထိုသင်္ကန်း ဆွမ်း ကျောင်း ဆေး ပစ္စည်း လေးပုံ ရဟန်းတို့၏ ကာမဂုဏ်၌ မရသေးသည်ကို လိုချင် တပ်မက်ခြင်း( = ဣစ္ဆာတရား)ကို၎င်း,ရပြီးသည်ကို မပေး လို မလှူရက် တပ်မက်ခြင်း ( = လောဘတရား) ကို၎င်း ရှောင်ရှား စွန့်ပယ်ကာ ပညာမျက်စိရှိသူဖြစ်၍ ဟောပြီး ဟောဆဲ ဟောလတံ့ဖြစ်သော မောနေယျအကျင့်မြတ်ကို ကျင့်ကြံအားထုတ်ရမည်။ ယင်းသို့ ကျင့်ကြံအားထုတ် သည်ရှိသော် ဖြည့်နိုင်ခဲသောကြောင့် နရက်ချောက်ဟု ခေါ်ဆိုအပ်သည့် မိစ္ဆာဇီဝဖြစ်ကြောင်း မကောင်းသော ပစ္စည်းလေးဖြာ တွယ်တာတပ်မက်ခြင်း တဏှာတရားကို ကူးသန်းလွန်မြောက်နိုင်ရာ၏။
(ဤဂါထာဖြင့် ပစ္စည်းလေးပါး၌ တွယ်တာတပ်မက်သော တဏှာတရား ပယ်ရှားမှုကို အဦးပြု၍ အာဇီဝပါရိသုဒ္ဓိသီလကို မြတ်စွာဘုရား ဟောကြားတော်မူ၏။)
(၇) ဦနူဒရော မိတာဟာရော၊ အပိစ္ဆဿ အလောလုပေါ။
သဒါ ဣစ္ဆာယ နိစ္ဆာတော၊ အနိစ္ဆော ဟောတိ နိဗ္ဗူတော။
ချစ်သားနာလက မောနေယျအကျင့်ကို ကျင့်ကြံလိုသော ရဟန်းသည် (ဓမ္မိယလဒ္ဓ ပစ္စည်းလေးဝတွင် ဆွမ်းကိုစားသည်ရှိသော် လေးလုပ် ငါးလုပ် လျှော့စားသဖြင့်) ပါးလျသောဝမ်းရှိသူ ဖြစ်ရမည်။
(လေးလုပ် ငါးလုပ် လျှော့စားရုံမျှဖြင့်လည်း မပြီးသေး၊ ထိုဆွမ်းကို ပစ္စဝေက္ခဏာတင် ဆင်ခြင်စားသုံးခြင်းဖြင့် ဂုဏ်အပြစ်အားဖြင့်လည်း) ပိုင်းခြား နှိုင်းရှည်အပ်သော အစာ အာဟာရရှိသူဖြစ်ရမည်။
ဤမျှဖြင့်လည်း မပြီးသေး....
(၁) ပစ္စည်းလေးဖြာတို့၌ တဏှာလောဘနည်းပါးခြင်း တည်းဟူသော ပစ္စယအပိစ္ဆ၊
(၂ ) မိမိ ဓုတင်အကျင့်မြတ်ကို ကျင့်ကြံနေကြောင်း သူတပါးတို့ကို အသိမပေးလိုခြင်းတည်းဟူသော ဓုတင်္ဂအပိစ္ဆ၊
(၃) မိမိ စာပေကျမ်းဂန် တတ်မြောက်ကျွမ်းကျင်မှ ဗဟုသုတရှိသည်ကို သူတပါးတို့အား အသိမပေးလိုခြင်းတည်းဟူသော ပရိယတ္တိအပိစ္ဆ၊
(၄) မိမိ မဂ်ဖိုလ်တရားထူး ရရှိကြောင်းကို သူတပါးတို့အား အသိမပေးလိုခြင်း တည်းဟူသော အဓိဂမအပိစ္ဆ)
ဤအပိစ္ဆတရား လေးပါးနှင့် ပြည့်စုံသူလည်းဖြစ်ရမည်။
(ဤမျှဖြင့်လည်း မပြီးသေး) အရဟတ္တမဂ်ဖြင့် တဏှာတည်းဟူသော လော်လည်ခြင်းကို အကြွင်းမဲ့ ပယ်ပြီးသူဖြစ်အောင် ကြိုးကုတ် အားထုတ်ရမည်။ ဤသို့ လောလုပွ တဏှာကင်းပြီးသောသူ ဖြစ်လတ်သော် အခါခပ်သိမ်းပင် ဆာလောင်မွတ်သိပ်ခြင်း အပြင်းနှိပ်စက်အပ်သောသူပမာ ပစ္စည်းလေးဖြာကို လွန်စွာ တပ်မက်တတ်သော ဣစ္ဆာ လောဘတဏှာတရားဖြင့် မလိုချင်သူဖြစ်ကာ ကိလေသာဟူသော ဆာလောင်ခြင်းကင်းသူ ဖြစ်လိမ့်မည်၊ ထိုသို့ဖြစ်လတ်သော် ကိလေသာဟူ အပူခပ်သိမ်း ငြိမ်းအေးပြီးသူ ဖြစ်လိမ့်မည်။
(ဤဂါထာဖြင့် ဘောဇနေမတ္တညုတာ - အစာ အာဟာရ၌ အတိုင်းအရှည်ပမာဏကို သိခြင်းကိုအဦးပြု၍ ပစ္စယသန္နိဿိတသီလ (တနည်း-ပစ္စယပရိဘောဂသီလ)နှင့် ထိုမှအစဉ်လျှောက်၍ အရဟတ္တဖိုလ်တိုင် ရောက်စေ နိုင်သော အကျင့်ပဋိပတ်ကို မြတ်စွာဘုရား ဟောကြားတော်မူ၏။)
(ဂ) သ ပိဏ္ဍစာရံ စရိတွာ၊ ဝနန္တမဘိဟာရယေ။
ဥပဋ္ဌိတော ရုက္ခမူလသ္မိံ၊ အာသနူပဂတော မုနိ။
(၉) သ ဈာနပသုတော ဓီရော၊ ဝနန္တေ ရမိတော သိယာ။
စျာယေထ ရုက္ခမူလသ္မိံ၊ အတ္တာနမဘိတောသယံ။
ချစ်သားနာလက မောနေယျအကျင့်ကို ကျင့်သော ထိုရဟန်းသည် ဆွမ်းခံလှည့်လည်ပြီး ဆွမ်းစားခြင်း ကိစ္စကိုပြုပြီးလျှင် လူတို့နှင့် အခါရှည်လျား စကားပြောခြင်းစသည်ကို ပြုမနေပဲ မိမိနေရာ တောအရပ်သို့သာ သွားရမည်။ မောနေယျအကျင့်ကို ကျင့်သောရဟန်းသည် တောသို့ရောက်သောအခါ သစ်ပင်ရင်း၌ဖြစ်စေ မိမိနေရာ၌ဖြစ်စေ ထိုင်နေရမည်။
(ဤ၌ “ဆွမ်းခံလှည့်လည်ပြီးလျှင်”ဟူသော စကားဖြင့် ပိဏ္ဍပါတ်ဓုတင်ကို ပြတော်မူ၏၊ ဥက္ကဌ်ပိဏ္ဍပါတ်ဓုတင်ကို ဆောက်တည်သော ရဟန်းသည် သပဒါနစာရိကဓုတင်, ဧကာသနိက်ဓုတင်, ပတ္တပိဏ္ဍိကဓုတင်, ခလုပစ္ဆာဘတ္တိကခုတင်, တိစီဝရိုက်ခုတင်, ပံသုကူလိကဓုတင်တို့ကိုလည်း ဆောက်တည်ကျင့်သုံးရကား ထိုဓုတင်ခြောက်ပါးတို့ကိုလည်းပြဆိုတော် မူအပ်ပြီး ဖြစ်လေ၏။
“မိမိနေရာ တောအရပ်တို့သာ သွားရမည်” ဟူသော စကားဖြင့် အာရညကင် ဓုတင်ကို ပြတော်မူ၏။ ။“သစ်ပင်ရင်း၌ ဖြစ်စေ နေရာ၌ဖြစ်စေ ထိုင်နေရမည်” ဟူသော စကားဖြင့် ရုက္ခမူလိကခုတင်, နေသဇ္ဇိကဓုတင်နှစ်ပါးကို ပြတော်မူ၏။ ဤဓုတင် ဆယ်ပါးကို အစဉ်အားလျော်စွာ ဟောတော်မူသဖြင့် ထိုဓုတင်တို့အား သင့်လျော်လျောက်ပတ်သောကြောင့် အမ္ဘောကာသိကဓုတင်, ယထာသန္ထတိကဓုတင်, သုသာန်ဓုတင် သုံးပါးတို့ကိုလည်း ပြတော်မူပြီးဖြစ်လေသည်၊ သို့ရကား ဤဂါထာဖြင့် မြတ်စွာဘုရားသည် နာလကမထေရ်အား ဓုတင်တဆယ့်သုံးပါးတို့ကို ဟောကြားတော်မူအပ်၏။)
ချစ်သားနာလက ထိုဓုတင်တဆယ့်သုံးပါးတို့ကို ဆောင်လျက် မောနေယျပဋိပတ်အကျင့်မြတ်ကို ကျင့်သော ရဟန်းသည် မဖြစ်သေးသော လောကီဈာန်ကို ဖြစ်စေခြင်း, ဖြစ်ပြီးရပြီးသော လောကီဈာန်ကို ဝသီဘော် ငါးဖြာ, လေ့လာနိုင်နင်းအောင် ပြုခြင်းတို့ဖြင့် လောကီ ဈာန်တရားတို့၌ လေ့လာကြိုးကုတ် အားထုတ်လျက် အပ္ပနာသမာဓိရှိသည်ဖြစ်၍ လူသံမနှော တောအရပ်၌ ရွှေလျော်ပျော်ပိုက်သူ ဖြစ်ရာ၏။ (လောကီဈာန်သက်သက်ကိုသာ အားထုတ်ရုံမျှဖြင့် မပြီးသေး) ထိုတောအရပ်ရှိ သစ်ပင်ရင်း၌ (သောတာပတ္တိမဂ်စသည်နှင့် ယှဉ်သော လောကုတ္တရာဈာန်ဖြင့်လည်း) မိမိကိုယ်ကို အလွန်ရွှင်လန်း နှစ်သက်စေလျက် ဈာန်ဝင်စားကာ နေထိုင်ရာ၏။
(ဤဂါထာဖြင့် လောကီ လောကုတ္တရာဈာန်၌ လေ့လာကြိုးကုတ် အားထုတ်ခြင်းဖြင့် တောကျောင်း၌ မွေ့လျော်ခြင်းကို၎င်း, အရဟတ္တဖိုလ်ကို၎င်း မြတ်စွာဘုရား ဟောကြားတော်မူ၏။)
အရှင်နာလကသည် ဤဆိုအပ်ပြီးသော တရားဒေသနာကို ကြားနာရလျှင် တောသို့ဝင်၍ အစာအာဟာရ မစားပဲလည်း မောနေယျအကျင့်ကို ဖြည့်ကျင့်ရန် အလွန်ပင် စိတ်အားထက်သန်လျက်ရှိ၏၊ အစာအာဟာရမစားပဲ ရဟန်းတရားကို အားထုတ်ခြင်းငှါလည်း မစွမ်းနိုင်ချေ၊ မှန်၏ အစာအာဟာရမစားပဲ ရဟန်းတရားကို အားထုတ်သူအား အသက်ရှည်မှု မဖြစ်နိုင်၊ စင်စစ်သော်ကား ကိလေသာတရားတို့ကို မဖြစ်ပွါးစေပဲ အစာ အာဟာရကို ရှာမှီးရမည်သာဖြစ်၏၊ ဤသို့ ကိလေသာတရားတို့ကို မဖြစ်ပွားစေပဲ အစာအာဟာရကို ရှာမှီးခြင်းသည် သာသနာတော်၌ နည်းလမ်းကျသောအလုပ်ဖြစ်၏။ ထို့ကြောင့် မြတ်စွာဘုရားသည် အရှင်နာလကမထေရ်အား “နောက်နောက် နေ့ရက်များ၌ မြို့ရွာတွင်းသို့ ဆွမ်းခံလှည့်လည်ရာ၏၊ သို့သော် ကိလေသာ တရားတို့ကိုမူ မဖြစ်စေရာ” ဟူ၍ ပြတော်မူခြင်းငှါ အရဟတ္တဖိုလ်သို့ ရောက်ခြင်းလျှင် အဆုံးရှိသော နောက်ဆုံး၌ အရဟတ္တဖိုလ်သို့ရောက်စေနိုင်သော) ဆွမ်းခံအကျင့်ဝတ်ကို ဟောတော်မူလိုသည်ဖြစ်၍ ဤဆိုလတ္တံ့သော ခြောက်ဂါထာတို့ကို မိန့်မြွက်ဟောကြားတော်မူပြန်လေသည်။
(၁ဝ) တတော ရတျာဝိဝသာနေ၊ ဂါမန္တမဘိဟာရယေ။
အဝှါနံ နာဘိနန္ဒေယျ၊ အဘိဟာရဉ္စ ဂါမတော။
ချစ်သားနာလက မောနေယျအကျင့်ကို ကျင့်သော ရဟန်းသည် ထိုဆိုအပ်ပြီးသည့် ဆွမ်းခံလှည့်လည်ပြီး တောသို့ ရှေးရှူသွားသည်မှ အထက် နောက်ရက်များ၌လည်း ညဉ့်ကိုလွန်မြောက် မိုးသောက်သောအခါ၌ ဆွမ်းခံချိန် မရောက်သေးမီအတွင်း ကျောင်းတွင်း၌ပင် စေတိယင်္ဂဏဝတ်စသည်ကို ပြုကျင့်လျက် ကာယဝိဝေက, စိတ္တဝိဝေကတရား ပွါးများပြီးလျှင် အသွားအပြန် ကမ္မဋ္ဌာန်းကို နှလုံးသွင်း၍ ဆွမ်းခံရွာသို့ သွားရမည်။
ရွာတွင်းသို့ ရောက်သောအခါ “အရှင်ဘုရား တပည့်တော်တို့၏ အိမ်၌ ဆွမ်းဘုဉ်းပေးတော်မူပါ”ဟူ၍ ပင့်ဖိတ် ကပ်လှူအပ်သောဆွမ်း “ဤအိမ်က ငါ့အား ဆွမ်းလှူလေမည်လော မလှူလေမည်လော၊ ကောင်းသည်ကို လှူလေ မည်လော၊ မကောင်းသည်ကို လှူလေမည်လော” ဟု တွေးတောထွေပြား အကြံပွားလျက် ခံအပ်သောဆွမ်းများကို မနှစ်သက်ရာ၊ မခံယူရာ။ ။(အကယ်၍ ဒကာ များက သပိတ်ကို အတင်းယူကာ ဆွမ်းအပြည့်ထည့်၍ လှူလိုက်သော်ကား ထိုဆွမ်းကိုစား၍ ရဟန်းတရားကို အားထုတ်ရာ၏၊ ဓုတင်အကျင့် မပျက်စီးပေ။ သို့သော် ထိုဆွမ်းမျိုးကို ရလိမ့်နိုး မြှော်ကိုးသော စိတ်ဖြင့်ကား ထိုရွာသို့ မဝင်ကောင်း။)
ရွာတွင်းသို့ ဝင်ရောက်ပြီးသော မောနေယျရဟန်းအား ဒါယကာများက မိမိတို့အိမ်သို့ မပင့်ဖိတ်ပဲ အိမ်စဉ်လျှောက်၍ ဆွမ်းမခံမီပင် ရဟန်းရှိရာသို့ ကြိုတင်လာကြ၍ ဟင်းခွက်ပေါင်းများစွာဖြင့် ကပ်လှူလာသော ဆွမ်းမျိုးကို အဘိဟာရဆွမ်းဟူ၍ ခေါ်ဆို၏။ ယင်းအဘိဟာရဆွမ်းကိုလည်း ဟင်းခွက်ပေါင်း တစ်ရာဖြင့် ကပ်လာစေကာမူ ဆွမ်းတစ်လုံးကိုမျှ မခံယူရာ၊ (အိမ်စဉ်လျှောက်၍သာ ဆွမ်းခံရမည်ဟု ဆိုလိုသည်။)
(၁၁) န မုနိ ဂါမမာဂမ္မ၊ ကုလေသု သဟသာ စရေ။
ဃာသေနံ ဆိန္နကထော၊ န ဝါစံ ပယုတံ ဘဏေ။
ချစ်သားနာလက မောနေယျအကျင့်ကို ကျင့်သော ရဟန်းသည် ရွာတွင်းသို့ရောက်လတ်သည်ရှိသော် ဒါယကာ ဒါယိကာမများ၌ အေးအတူ ပူအမျှ သာသနာတော်နှင့် မလျောက်ပတ်သည့် ဒကာဒကမများနှင့် ရောနှောမှုကို မပြုရာ။ သူအ,ကဲ့သို့ ဖြစ်၍ ဆွမ်းအစာ အာဟာရကို ရရှိဖို့ရန် နိမိတ်-ဩဘာ- ပရိယာယ်သွယ်ဝိုက်သော စကားမျိုးကို မပြောကြားရာ။
(၁၂) အလတ္တံ ယဒိဒံ သာဓု၊ နာလတ္တံ ကုသလံ ဣတိ။
ဥဘယေနေဝ သော တာဒီ၊ ရုက္ခံဝုပနိဝတ္တတိ။
ချစ်သားနာလက မောနေယျအကျင့်ကို ကျင့်သော ရဟန်းသည် ရွာသို့ဆွမ်းခံဝင်လတ်သော် ဆွမ်းအနည်းငယ်မျှကိုပင် ရလျင်လည်း “ယင်းသို့ ရခြင်းသည် ကောင်း၏” ဟူ၍၎င်း, ဆွမ်းမရလျှင်လည်း “ယင်းသို့ မရခြင်းသည် အပြစ်မရှိ” ဟူ၍၎င်း ကြံစည်စဉ်းစား နှလုံးထားလျက် ဆွမ်းရခြင်း မရခြင်း နှစ်ပါးဖြင့်ပင် ဖောက်ပြန်တုန်လှုပ်ခြင်းမရှိ တာဒိဂုဏ်နှင့် ပြည့်စုံသည်ဖြစ်၍ သစ်သီးရှာသော ယောက်ျားသည် သစ်ပင်သို့ ချဉ်းကပ်ပြီးလျှင် သစ်သီးကို ရသည်ဖြစ်စေ မရသည်ဖြစ်စေ မုန်းချစ်မပြု လျစ်လျူရှုကာ ထိုသစ်ပင်ကို စွန့်ခွါဖဲသွားသကဲ့သို့၊ ထို့အတူ ဆွမ်းမရခြင်း ဆွမ်းရခြင်းကြောင့် မုန်းချစ်မပြု လျစ်လျူရှုကာ ဒါယကာတို့အိမ်ကို စွန့်ခွါဖဲသွားရာ၏။
(၁၃) သ ပတ္တပါဏိ ဝိစရန္တာ၊ အမူဂေါ မူဂသမ္မတော။
အပ္ပံ ဒါနံ န ဟီဠေယျ၊ ဒါတာရံ နာ၀ဇာနိယာ။
ချစ်သားနာလက သပိတ်ပိုက်ကာ ဆွမ်းခံလှည့်လည်သော ထိုမောနေယျရဟန်းသည် မအ,သော်လည်း အ,သောသူဟု လူတို့မှတ်ထင်အောင် ကျင့်ရာ၏ (စကားထွေလာ မပြောရာဟု ဆိုလိုသည်)။ အနည်းငယ်မျှ လှူဒါန်းသည်ကိုလည်း ထိုအလှူဝတ္ထုကို မရှုတ်ချ မကဲ့ရွဲရာ။ အနည်းငယ်မျှ လှူဒါန်းသူဟူ၍လည်း ဒါယကာကို မထီမဲ့မြင်မှု အထင်သေးမှု မပြုရာ။
(၁၄) ဥစ္စာဝစာ ဟိ ပဋိပဒါ၊ သမဏေန ပကာသိတာ။
န ပါရံ ဒိဂုဏံ ယန္တိ၊ နယိဒံ ဧကဂုဏံ မုတံ။
ချစ်သားနာလက မောနေယျရဟန်းသည် ဤဆိုခဲ့ပြီးသည့်အတိုင်း ဆွမ်းခံကျင့်ဝတ်နှင့် ပြည့်စုံသူဖြစ်လတ်သောအခါ ဤမျှဖြင့် တင်းတိမ်ရောင့်ရဲမှုကို မပြုပဲ လွန်ကဲထူးမြတ်သော ပဋိပတ်အကျင့်ကို ကျင့်ကြံအားထုတ် ပြုလုပ်ပြီးစီးစေရမည်။ မှန်၏ သာသနာတော်သည် ပဋိပတ်တည်းဟူသော အနှစ်သာရရှိ၏၊ “ပဋိပတ်အကျင့်သည် သာသနာတော်၏ အနှစ်သာရဖြစ်၏၊ ပဋိပတ်ကို ကျင့်မှ သာသနာတော်၏ အနှစ်သာရသို့ ဆိုက်ရောက် မည်”ဟု ဆိုလိုသည်။ မဂ်သို့ရောက်ကြောင်း ထိုအကျင့်ကောင်းကိုလည်း အမြတ်စား အညံ့စား နှစ်မျိုးအားဖြင့် မြတ်စွာဘုရား ဟောကြားတော်မူအပ်ပြီ။
ထင်ရှားစေဦးအံ့ ရဟန်းတရားကို ပွါးများ ကြိုးကုတ် စ၍အားထုတ်သည်မှနီဝရဏငါးပါးတို့ကို ခွါနိုင်သည့်တိုင်အောင် ဤအတွင်းသည် ပဋိပဒါ၏ခေတ် ပဋိပဒါ၏နယ်ပယ်မည်၏၊ ဤအတွင်း အလွယ်တကူ မပင် မပန်း နီဝရဏငါးပါးတို့ကို ခွါစွန့်နိုင်လျှင် သုခါပဋိပဒါ ဟူ၍ ခေါ်၏။ ငြိုငြင်ပင်ပန်း ခဲယဉ်စွာကျင့်မှ နီဝရဏတို့ကို ခွါစွန့်ရလျှင် ဒုက္ခာပဋိပဒါ ဟူ၍ ခေါ်၏။ နီဝရဏ ငါးပါးတို့ကို ခွါစွန့်ပြီးသည်မှစ၍ မဂ်ဉာဏ်သို့ရောက်သည့်တိုင်အောင် ဤအတွင်းသည် အဘိညာခေတ် အဘိညာ (ဝိပဿနာဉာဏ်ပညာ)၏ နယ်ပယ်မည်၏။ နီဝရဏ ငါးပါးတို့ကို ခွါပြီးသည်နောက် မဂ်ဉာဏ်သို့ အလျင်အမြန်ရောက်သော ဝိပဿနာဉာဏ်တို့ကို ခိပ္ပါဘိည ဟူ၍ ခေါ်၏။ မဂ်ဉာဏ်သို့ နှေးနှေးကန်ကန်ရောက်မူ ထိုဝိပဿနာဉာဏ်တို့ကို ဒန္ဓာဘိညဟူ၍ ခေါ်၏။
(၁) အချို့သော ပုဂ္ဂိုလ်တို့မှာ ရဟန်းတရား အားထုတ်လတ်သော် နီဝရဏငါးပါးတို့ကို မပင်မပန်း အလွယ်တကူနှင့် ပယ်ပြီးလျှင် မဂ်ဉာဏ်သို့ လျင်မြန်စွာ ရောက်ကြ၏။ ထိုပုဂ္ဂိုလ်တို့၏ ပဋိပဒါ အကျင့်မျိုးကို သုခါပဋိပဒါခိပ္ပါဘိညာဟူ၍ ခေါ်၏။ ဤအကျင့်မျိုးကို အမြတ်စားဟူ၍ မြတ်စွာဘုရား ဟောကြားတော်မူ၏။
(၂) အချို့သောသူတို့မှာ နီဝရဏငါးပါးတို့ကို အလွယ်တကူနှင့် ပယ်ပြီးနောက် နှေးကွဲစွာ မဂ်ဉာဏ်သို့ ရောက်ဆိုက်ကြ၏၊ ထိုပုဂ္ဂိုလ်တို့၏ ပဋိပဒါအကျင့်မျိုးကို သုခါပဋိပဒါဒန္ဓာဘိညာဟူ၍ ခေါ်၏။
(၃) အချို့မှာ နီဝရဏ ငါးပါးတို့ကို ငြိုငြင်ပင်ပန်း ခဲယဉ်းစွာကျင့်မှ ခွါစွန့်နိုင်ပြီးလျှင် မဂ်ဉာဏ်သို့ကား လျှင်မြန်စွာ ရောက်ဆိုက်ကြ၏၊ ထိုသူတို့၏ ပဋိပဒါအကျင့်မျိုးကို ဒုက္ခာပဋိပဒါခိပ္ပါဘိညာဟူ၍ ခေါ်၏။
(၄) အချို့မှာ နီဝရဏငါးပါးတို့ကိုလည်း ငြိုငြင်ပင်ပန်း ခဲယဉ်းစွာ ကျင့်၍ စွန့်ခွါပြီးနောက် မဂ်ဉာဏ်သို့လည်း နှေးနှေးကန်ကန် ဆိုက်ရောက်ကြ၏၊ ထိုသူတို့၏ ပဋိပဒါအကျင့်မျိုးကို ဒုက္ခာပဋိပဒါဒန္ဓာဘိညာဟူ၍ ခေါ်၏။ (ဤ ၂၊၃၊၄-အမှတ်ပါ အကျင့်သုံးမျိုးကို အညံ့စားဟူ၍ မြတ်စွာဘုရား ဟော ကြားတော်မူ၏)။
ချစ်သားနာလက ထိုအမြတ်စား အညံ့စား အကျင့်နှစ်ပါးဖြင့် နိဗ္ဗာန်တည်းဟူသော တဖက်ကမ်းသို့ ဆိုက်ရောက်ရာမှာလည်း မဂ်ဉာဏ်တစ်ခုတည်းဖြင့် နိဗ္ဗာန်သို့ နှစ်ကြိမ်နှစ်ခေါက် မရောက်ကောင်းချေ၊ (မဂ်ဉာဏ်သည် တစ်ကြိမ်ဖြစ်လိုက်လျှင်ပင် မိမိပယ်ရမည့် ကိလေသာကို အပြီးသတ် ပယ်သောကြောင့် နောက်ထပ်တဖန် ထိုခန္ဓာ သန္တာန်မှာ ဖြစ်ရိုးမရှိသဖြင့် “မဂ်ဉာဏ် တစ်ခုတည်းဖြင့် နိဗ္ဗာန်သို့ နှစ်ကြိမ်နှစ်ခေါက် မရောက်ကောင်းချေ” ဟု ဟောတော်မူခြင်းဖြစ်သည်)။ ဤနိဗ္ဗာန်တရားသည် (မဂ်ဉာဏ်တစ်ခုတည်းဖြင့်) တစ်ကြိမ်တည်းသာ အပြီးဆိုက်ရောက်ကောင်းသည့် တရားမျိုးလည်းမဟုတ်ချေ၊ (မဂ်ဉာဏ်တစ်ခုတည်းဖြင့် ကိလေသာ အလုံးစုံကို အကုန်ပယ်နိုင်သည် မဟုတ်၊ မဂ်ဉာဏ် လေးပါးတို့ဖြင့်သာ ဆိုင်ရာ ဆိုင်ရာ ဝေခွဲ၍ ကိလေသာတို့ကို သူ့အစုနှင့်သူ အကြွင်းမဲ့ ပယ်နိုင်သောကြောင့် “မဂ်ဉာဏ်တစ်ချက်တည်းဖြင့် နိဗ္ဗာန်သို့ အပြီးတိုင် အရဟတ္တဖိုလ်ပေါက် မရောက်ဆိုက်နိုင်၊ မဂ်ဉာဏ် လေးရပ်ဖြင့်သာ အရဟတ္တဖိုလ်ပေါက် နိဗ္ဗာန်သို့ အပြီးတိုင် ဆိုက်ရောက်နိုင်၏”ဟူလို)။
(၁၅) ယဿ စ ဝိသတာ နတ္ထိ၊ ဆိန္နသောတဿ ဘိက္ခုနော။
ကိစ္စာကိစ္စပ္ပဟီနဿ၊ ပရိဠာဟော န ဝိဇ္ဇတိ။
ချစ်သားနာလက ဤသို့ ဟောပြအပ်ခဲ့သော ပဋိပဒါနှစ်ရပ်တို့တွင် မိမိ ရထိုက်ရာ အကျင့်ပဋိပတ်ဖြင့် အရဟတ္တဖိုလ်ပေါက် ဆိုက်ရောက်အောင် ကျင့်ကြံအား ထုတ်ပြီးသော အကြင်မောနေယျရဟန်းအား အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ ပယ်ရှားသတ်ဖြတ်အပ်ပြီးဖြစ်၍ တစ်ရာ့ရှစ်ပါးအကျယ် ပြန့်ပွားသည့် တဏှာ ဝိစရိုက်တရားတို့လည်း မရှိကုန်၊ ထိုသို့ အရဟတ္တမဂ်ဖြင့် ကိလေသာရေအယဉ်ကိုလည်း အကြွင်းမဲ့ဖြတ်ပြီး ကုသိုလ်အမှု အကုသိုလ်အမှုတို့ကိုလည်း ပယ်ပြီးသော မောနေယျရဟန်း၏ သန္တာန်၌ ရာဂကြောင့်ဖြစ်သော ပူလောင်မှု ဒေါသကြောင့်ဖြစ်သော ပူလောင်မှုများ အနည်းငယ်မျှ မရှိတော့ချေ။
(ဤဂါထာဖြင့် ပဋိပဒါ၏ အကျိုးအာနိသင်ကို ပြတော်မူ၏။)
ဤဂါထာတို့ကို နာကြားရသောအခါ အရှင်နာလက၏ စိတ်သန္တာန်၌ “မောနေယျအကျင့်သည် ဤမျှ လောက်သာဆိုလျှင် အလွယ်သားပဲ၊ ခဲယဉ်းသည်မဟုတ်၊ မငြိုမငြင် မပင်မပန်း၊ အလွယ်နှင့်ပင် ငါဖြည့်စွမ်းနိုင်မှာပဲ”ဟူ၍ အကြံအစည် ဖြစ်လေသည်။ ထို့ကြောင့် ထိုအရှင်နာလကအား မြတ်စွာဘုရားသည် “ချစ်သားနာလက မောနေယျအကျင့်သည် သင်ထင်သည့်အတိုင်း ကျင့်ကြံအားထုတ်ရန် လွယ်ကူသည့် အလုပ်မဟုတ်၊ ဧကန်စင်စစ် ခဲယဉ်းသောအကျင့်ဖြစ်သည်”ဟု ထပ်၍တဖန် ပြတော်မူပြန်လို၍ ဤဂါထာတို့ကို ဟောကြားတော်မူ၏။
(၁၆) မောနေယျ တေ ဥပညိဿံ၊ ခုရဓာရူပမော ဘဝေ။
ဇိဝှါယ တာလုမာဟစ္စ၊ ဥဒရေ သညတော သိယာ။
ချစ်သားနာလက သင်ချစ်သားအား မောနေယျအကျင့်ကို ဆက်၍တဖန် သိစေဦးအံ့၊ မောနေယျ အကျင့်ကို ကျင့်သောရဟန်းသည် သင်ဓုန်းသွားလျှင် နှိုင်းယှဉ်ဖွယ်ရာ ဥပမာရှိသူဖြစ်ရမည်။ အဓိပ္ပါယ်ကား ပျားရည်လိမ်းသုတ်ထားသော ဓားသွားကို လျက်သောသူသည် လျှာပြတ်မည့်ဘေးမှ စောင့်ရှောက် သတိပြုရသကဲ့သို့ ထို့အတူ တရားသဖြင့် ရအပ်သော ပစ္စည်းလေးပါးတို့ကို သုံးဆောင်သော မောနေယျရဟန်းသည် မိမိ၏ စိတ်ကို ကိလေသာ ဖြစ်မည့်ဘေးမှ စောင့်ရှောက်သွားရာ၏။ မှန်၏ ပစ္စည်းလေးပါးတို့ကို စင်ကြယ်သော နည်းလမ်းဖြင့် ရဖို့ရန်လည်း ခဲယဉ်းလှ၏။ ရပြီးသောအခါမှာလည်း အပြစ်ကင်းအောင် သုံးဆောင်ရန်လည်း ခဲယဉ်း လှ၏။ ထို့ကြောင့် မြတ်စွာဘုရားသည် ပစ္စယသန္နိဿိတသီလကိုသာလျှင် ဖန်ဖန်များစွာ ဟောကြားတော်မူသည်။)
ချစ်သားနာလက မောနေယျအကျင့်ကို ကျင့်သော ရဟန်းသည် လျှာဖြင့် အာစောက်ကို ဖိနှိပ်ထောက်ပြီးလျှင် (တောက်ခေါက်ပြီးလျှင်) (ရသတဏှာ ကို ပယ်ခွါလျက် မိစ္ဆာဇီဝနည်းလမ်းဖြင့် ဖြစ်ပေါ် ရရှိသော ပစ္စည်းလေးပါးတို့ကို မမှီဝဲပဲ) ဝမ်းအတွက် စောင့်စည်းသူဖြစ်ရမည်။ (ဝမ်းရေးအတွက် ဓမ္မိယလဒ္ဓပစ္စည်းကို မရရှိလျှင် ရသတဏှာကို ပယ်ရှားပြီး အန်ကြိတ် တောက်ခေါက်၍ သည်းခံနိုင်ရမည်၊ မိစ္ဆာဇီဝနည်းလမ်းဖြင့် ရှာမှီး၍ကား ဘယ်နည်းဖြင့်မျှ မသုံးစွဲရာဟု ဆိုလိုသည်။)
(၁၇) အလီနစိတ္တော စ သိယာ၊ န စာပိ ဗဟု စိန္တယေ။
နိရာမဂန္ဓော အသိတော၊ ဗြဟ္မစရိယပရာယဏော။
ချစ်သားနာလက မောနေယျအကျင့်ကို ကျင့်သော ရဟန်းသည် ကုသိုလ်တရားပွားများခြင်း၌ မရပ်မနား ပြုလေ့ရှိသောအားဖြင့် အမြဲတစေ မပျင်းရိသော စိတ်ရှိသူလည်း ဖြစ်ရမည်။ ဆွေကြောင်း, မျိုးကြောင်း, မြို့အကြောင်း, ရွာအကြောင်းစသည်အားဖြင့် ထွေရာလေးပါး အကြံမများရာ။ ကိလေသာတည်းဟူသော အစိမ်းနံ့ကင်းလျက် တဏှာဒိဋ္ဌိတို့ဖြင့် တစ်စုံတစ်ခုသော ဘဝကြီးငယ်၌ မမှီတွယ်ပဲ သုံးပါးသိက္ခာ သာသနာ တည်းဟူသော မြတ်သောအကျင့်လျှင် လဲလျောင်း အားပြုရာရှိသူလည်း ဖြစ်ရမည်။
(၁ဂ) ဧကာသနဿ သိက္ခေထ၊ သမဏူပါသနဿ စ။
ဧကတ္တံ မောနမက္ခာတံ၊ ဧကော စေ အဘိရမိဿသိ။
အထ ဘာဟိသိ ဒသ ဒိသာ။
ချစ်သားနာလက မောနေယျအကျင့်ကို ကျင့်သော ရဟန်းသည် အဖော်မမှီး တစ်ကိုယ်ထီးသာ ဆိတ်ငြိမ်စွာနေခြင်းငှာ၎င်း, ရဟန်းတို့ ချဉ်းကပ်ရာ သုံးဆယ့်ရှစ်ပါးသော ကမ္မဋ္ဌာန်းအာရုံကို အဖန်ဖန်ကြိုးကုတ် အားထုတ်ခြင်းငှါ၎င်း ကျင့်ကြံအားထုတ်ရမည်။ (ဤ၌ တစ်ကိုယ်ထီး နေခြင်းဖြင့် ကာယဝိဝေကကို ဟောတော်မူ၏၊ ကမ္မဋ္ဌာန်းအာရုံကို အားထုတ် ပွါးများခြင်းဖြင့် စိတ္တဝိဝေကကို ဟောတော် မူ၏)။ ယင်းသို့ ကာယဝိဝေက, စိတ္တဝိဝေက နှစ်ပါးဖြင့် အဖော်မမှီး တစ်ကိုယ်ထီးနေခြင်းကို မောနေယျအကျင့်ဟူ၍ ငါဘုရား ဟောကြားတော်မူအပ်၏။ ချစ်သားနာလက သင်ချစ်သားသည် ကာယစိတ္တ ဝိဝေကနှစ်ပါးဖြင့် အဖော်မမှီး တစ်ကိုယ်ထီးသာ မွေ့လျော်နိုင်သည်ရှိသော် ထက်ဝန်းကျင် အရပ်ဆယ်မျက်နှာတို့၌ ကျော်စောထင်လင်းသူ ဖြစ်ပေလတ္တံ့။
(၁၉) သုတွာ ဓီရာနံ နိဃောသံ၊ ဈာယီနံ ကာမစာဂိနီ။
တတော ဟိရိဉ္စ သဒ္ဓဉ္စ၊ ဘိယျော ကုဗ္ဗေထ မာမကော။
ချစ်သားနာလက အာရမ္မဏူပနိဇ္ဈာနဈာန်, လက္ခဏူပနိဇ္ဈာနှဈာန်နှစ်ပါးကို အဖန်ဖန်ဝင်စားကြကုန်လျက် ဝတ္ထုကာမ ကိလေသကာမနှစ်ပါးတို့ကို ပယ်ရှား စွန့်ပစ်တော်မူကြပြီးသော ပညာရှိအပေါင်း သူတော်ကောင်းတို့၏ ကောင်းချီးမြွက်ဖော် ကြွေးကြော်သံကို ကြားရသည်ရှိသော် သင်ချစ်သားသည် ထိုကောင်းချီးပေးသံအတွက် စိတ်မပျံ့လွင့်စေပဲ ရှေးကထက်တိုး၍ ရှက်နိုးခြင်း ဟိရီတရားကို၎င်း, ဤမောနေယျအကျင့်သည် သံသရာဝဋ်မှ ကျွတ်လွတ် ထွက်မြောက်ကြောင်း အကျင့်ကောင်းတည်းဟု သက်ဝင်ယုံကြည်ခြင်း သဒ္ဓါတရားကို၎င်း အကြိမ်ကြိမ် ဖြစ်ပွါးစေလျက် နိယျာနိက အကျင့်ကိုသာ ပြုလုပ် အားထုတ် ပွားများရာ၏၊ ယင်းသို့ ပွားများသည်ရှိသော် ငါဘုရား၏ သားတော်စင်စစ် ဖြစ်ပေလိမ့်မည်။
(၂၀) တံ နဒီဟိ ဝိဇာနာထ၊ သောဗ္ဘေသု ပဒရေသု စ။
သဏန္တာ ယန္တိ ကုသောဗ္ဘာ၊ တုဏီ ယန္တိ မဟောဒဓီ။
ချစ်သားနာလက ထိုငါဘုရား ဟောကြားအပ်ခဲ့သည့် “ပညာရှိတို့၏ ကောင်းချီးပေးသံကို ကြားရသော် စိတ်၏ ပျံ့လွင့်တုန်လှုပ်ခြင်းကို မဖြစ်စေပဲ ဟိရီတရား သဒ္ဓါတရားကိုသာ ဆဆထပ်ပိုး တိုး၍ပြုရာ၏”ဟူသော ဩဝါဒ အချက်ကို ဤဆိုလတံ့သော မြစ်ကြီးဥပမာ ချောင်းငယ် မြောင်းငယ် ဥပမာတို့ဖြင့် သိရမည်။ ချောင်းငယ် မြောင်းငယ်များသည် တလှုပ်လှုပ် တလှက်လှက် အသံထွက်ကာ စီးသွားကြကုန်၏။ ဂင်္ဂါစသော မြစ်ကြီးတို့သည်ကား မလှုပ် မလှက် အသံမထွက်ပဲ တိတ်တိတ်ဆိတ်ဆိတ်သာ စီးသွားကြကုန်၏။ (ထို့အတူပင် ငါဘုရား၏ သားတော် မပီသသောသူသည် ချောင်းငယ် မြောင်းငယ်များပမာ “ငါကား မောနေယျအကျင့်ကို ဖြည့်ကျင့်သူဖြစ်ပေ၏”ဟု ပျံ့လွင့် တုန်လှုပ်၏။ ငါဘုရား၏ သားတော် ပီသသောသူသည်ကား ဆိုအပ်ပြီးသည့် ဟိရီတရား သဒ္ဓါတရား ဤနှစ်ပါးကို ဖြစ်ပွားစေကာ မြစ်ကြီးများပမာ နှိမ်ချသောစိတ်ရှိလျက် ဆိတ်ဆိတ်သာလျှင် တည်နေ၏ဟု ဆိုလိုသည်။)
(၂၁) ယဒူနကံ တံ သဏတိ၊ ယံ ပူရံ သန္တမေဝ တံ။
အဍ္ဎကုမ္ဘူပမော ဗာလော၊ ရဟဒေါ ပူရောဝ ပဏ္ဍိတော။
ချစ်သားနာလက ငါဘုရား တစ်ဆင့်တိုး၍ တစ်မျိုး ညွှန်ပြလိုသည်မှာ
အကြင် အိုးခွက်သည် ရေမပြည့်ပဲ ယုတ်လျော့နေ၏၊ ထိုအိုးခွက်သည် ဗောင်ဗင်ခတ်လျက် အသံထွက်၏။ အကြင် အိုးခွက်သည် ရေဖြင့် ပြည့်၏၊ ထိုရေပြည့်သော အိုးခွက်သည် အသံမထွက် ငြိမ်သက်၏။ သူမိုက်သည် ရေတဝက်ဖြင့် အသံထွက်သော အိုးခွက်နှင့်တူ၏။ ပညာရှိသည် ရေပြည့်သော အိုင်ကြီးနှင့် တူ၏။
ဤ၌ “သူမိုက်သည် မငြိမ်မသက် အသံထွက်သောအားဖြင့် ရေမပြည့်သော အိုးနှင့်တူ၍၊ ပညာရှိသည် အသံမထွက် ငြိမ်သက်သောအားဖြင့် ရေပြည့်သော အိုင်ကြီးနှင့် တူသနည်း။ မြတ်စွာဘုရားသည် အဘယ့်ကြောင့် တရားဟောရန် အားထုတ်သည်ဖြစ်၍ များစွာသော စကားကို ပြောကြားတော်မူသနည်း”ဟူ၍ စောဒကတက်ဖွယ်ရှိလာပြန်သောကြောင့် ဤနောက်ဆုံး နှစ်ဂါထာကို ဟောကြားတော်မူသည်။
(၂၂) ယံ သမဏော ဗဟုံ ဘာသတိ၊ ဥပေတံ အတ္ထသဉှိတံ။
ဇာနံ သော ဓမ္မံ ဒေသေတိ၊ ဇာနံ သော ဗဟု ဘာသတိ။
(၂၃) ယော စ ဇာနံ သံယတတ္တော၊ ဇာနံ န ဗဟု ဘာသတိ။
သ မုနီ မောနမရဟတိ၊ သ မုနီ မောနမဇ္ဈဂါ။
ချစ်သားနာလက ရဟန်းမြတ်ဖြစ်တော်မူသော ငါဘုရားသည် အနက်သဒ္ဓါနှင့် ပြည့်စုံသည့် အကျိုးစီးပွားနှင့် စပ်ယှဉ်သော အကြင်စကားကို များစွာ ဟောကြား၏။ ထိုစကားကို ပျံ့လွင့်ခြင်း, တုန်လှုပ်ခြင်း, ဥဒ္ဓစ္စဖြင့် ဟော သည်မဟုတ်၊ စင်စစ်သော်ကား ထိုရဟန်းမြတ်ဖြစ်သော ငါဘုရားသည် အကျိုးရှိ မရှိ အသိဉာဏ်ပညာတရားဖြင့် ပိုင်းခြား သိမြင်လျက် တရားကိုသာလျှင် ဟောကြားခြင်းဖြစ်၏။ တစ်နေ့လုံး ဟောကြားစေကာမူ လျှာရှည် လေပန်း အချိန်ဟင်းအောင် တမင်ဆွဲ၍ ဟောနေခြင်းမဟုတ်ချေ။ ယင်းသို့ တရားကိုသာ ဟောဆိုရာမှာလည်း “ဤတရားသည် ဤသူ့အတွက် အကျိုးဖြစ်ကြောင်း အစီးအပွားကောင်းတည်း၊ ဤတရားသည် ဤသူ့အတွက် အကျိုးဖြစ်ကြောင်း အစီးအပွားကောင်းတည်း”ဟု အထူးထူး အပြားပြား ခွဲခြားသိမြင်၍သာလျှင် များစွာ ဟောကြားတော်မူ၏။ ပင်ကိုယ်က စကားများသူဖြစ်၍ အနှစ်သာရ မပါသော စကားကို ပြောကြားနေခြင်း မဟုတ်ဟု ဆိုလိုသည်။)
ချစ်သားနာလက မောနေယျအကျင့်ကို ကျင့်သော အကြင်ရဟန်းသည် ငါဘုရား ခွဲခြားသိမြင်၍ ဟောကြားအပ်သော တရားကို နိဗ္ဗေဓဘာဂိယဉာဏ်ပညာ ကိလေသာတို့ကို ဖြိုခွဲနိုင်သော အသိဉာဏ်ပညာဖြင့် သိမြင်ကာ လုံခြုံအောင် ထိန်းစောင့်အပ်သော စိတ်ရှိလျက် သတ္တဝါတို့အား စီးပွါးချမ်းသာ မဖြစ်စေနိုင်မည့် စကားကို သိသည်ဖြစ်၍ များစွာမပြောကြား။ ထိုမောနေယျအကျင့်ကို ကျင့်သောရဟန်းသည်သာ မောနေယျအကျင့်ကို ထိုက်တန်သူ ဖြစ်ပေ၏။ ထိုက်တန်ရုံမျှသာ မဟုတ်သေး၊ စင်စစ်သော်ကား ထိုမောနေယျရဟန်းသည် အရဟတ္တမဂ်ဉာဏ်ကို ဧကန်ပင် ရနိုင်၏။
ဤသို့လျှင် မြတ်စွာဘုရားသည် အရဟတ္တဖိုလ်ကို အထွဋ်တပ်လျက် မောနေယျအကျင့် ပဋိပတ်နှင့်စပ်သော တရားဒေသနာတော်မြတ်ကို ဟောကြားပြီးဆုံးစေတော်မူ၏။
အရှင်နာလက၏ အလိုနည်းခြင်းသုံးပါး ထိုသို့ မြတ်စွာဘုရားသခင်- အရဟတ္တဖိုလ် အထွတ်တပ်၍ မောနေယျအကျင့်ပဋိပတ်ကို အကျယ်တဝင့် ဟောပြအပ်သည်ကို ကြားနာရသည်ရှိသော် အရှင်နာလက မထေရ်သည် (၁) ဘုရား ဖူးခြင်း (၂) တရားနာခြင်း (၃) မောနေယျအကျင့်ကို မေးမြန်းခြင်း ဤသုံးဌာနတို့၌ အလိုနည်းပါးသူဖြစ်လေ၏။
ချဲ့ဦးအံ့...
(၁) အရှင်နာလကမထေရ်သည် မောနေယျအကျင့် ပဋိပတ်နှင့်စပ်သော တရားဒေသနာကို ကြားနာပြီးသောအဆုံး၌ အလွန် ကြည်လင်ရွှင်ပျ အားရသော စိတ်ရှိလျက် မြတ်စွာဘုရားကို ရိုသေမြတ်နိုး အားရပါးရ ရှိခိုးပြီးလျှင် တောအရပ်သို့ ဝင်လေတော့၏။ ထိုသို့ တောဝင်သည်မှစ၍ နောက်ထပ်တဖန် “ငါသည် မြတ်စွာဘုရားကို ဖူးမြင်ရပါမူ ကောင်းလေစွာ့” ဟူသော အလိုဆန္ဒမျိုး အရှင်နာလကမထေရ်၏ သန္တာန်၌ တစ်ကြိမ်မျှ မဖြစ်တော့ချေ၊ ဤကား ထိုအရှင်နာလက၏ #ဘုရားဖူးခြင်း၌ အလိုနည်းပါးမှုပေတည်း။
(၂) ထို့အတူ “ငါသည် နောက်ထပ်တစ်ဖန် တရားကို နာရပါမူ ကောင်းလေစွ” ဟူသော အလိုဆန္ဒမျိုးလည်း အရှင်နာလကမထေရ်၏ သန္တာန်၌ တစ်ကြိမ်မျှပင် မဖြစ်တော့ချေ။ ဤကား ထိုအရှင်နာလက၏ #တရားနာခြင်း၌ အလိုနည်းပါးမှုပေတည်း။
(၃) ထို့အတူပင် “ငါသည် နောက်ထပ်တစ်ဖန် မောနေယျအကျင့်ကို မြတ်စွာဘုရားအား လျှောက်ထား မေးမြန်းရပါမူ ကောင်းလေစွ” ဟူသော အလိုဆန္ဒမျိုးလည်း အရှင်နာလက မထေရ်၏ သန္တာန်၌ တစ်ကြိမ်မျှပင် မဖြစ်တော့ချေ။ ဤကား ထိုအရှင် နာလက၏ မောနေယျအကျင့်ကို မေးမြန်းခြင်း၌ အလိုနည်းပါးမှုပေတည်း။
(ဘုရားတစ်ဆူ တစ်ဆူလျှင် တစ်ဦးတစ်ဦးသာ ပေါ်ထွက်သည့် ပုဂ္ဂလဝိသေသ သာဝကဝိသေသဖြစ်သည့်အားလျော်စွာ မြတ်စွာဘုရားကို တစ်ကြိမ်မျှ ဖူးမြင်ရရုံ, တရားတော်ကိုလည်း တစ်ကြိမ်မျှ ကြားနာရရုံ, မောနေယျအကျင့်ကိုလည်း တကြိမ်မျှ မေးလျှောက်လိုက်ရရုံဖြင့်ပင် တင်းတိမ်အားရ အလိုဆန္ဒ ပြည့်ဝသွားသည့်အတွက် နောက်ထပ်တစ်ဖန် ဘုရားကိုဖူးလိုသော အလိုဆန္ဒ, တရားတော်ကို နာယူလိုသော အလိုဆန္ဒ, ပုစ္ဆာကို မေးမြန်းလျှောက်ထားလိုသော အလိုဆန္ဒတို့ မဖြစ်ပေါ်တော့ခြင်း ဖြစ်ပေသည်။ သဒ္ဓါတရားခေါင်းပါး၍ ဘုရားမဖူးလိုခြင်း, တရားမနာလိုခြင်း, ပုစ္ဆာ မမေးလျှောက်လိုခြင်းဖြစ်သည် မဟုတ်။)
အရှင်နာလက ရဟန္တာ့ဖြစ်ခြင်း
ဤသို့လျှင် အရှင်နာလကမထေရ်သည် အလိုနည်းခြင်းသုံးပါးနှင့် ပြည့်စုံသူဖြစ်၍ တောင်ခြေအရင်း တောအတွင်းသို့ ဝင်ပြီးလျှင် တောအုပ်တစ်ခု၌ တစ်ရက်သာနေ၍ နှစ်ရက်မနေ၊ သစ်တစ်ပင်ရင်း၌လည်း တစ်ရက်သာနေ၍ နှစ်ရက်မနေ၊ ရွာတစ်ရွာ၌လည်း တစ်ရက်သာ ဆွမ်းခံ၍ နှစ်ရက်ဆွမ်းမခံချေ။ ဤနည်းဖြင့် တစ်တောမှ တစ်တောသို့၎င်း, သစ်တစ်ပင်ရင်းမှ သစ်တစ်ပင်ရင်းသို့၎င်း, တစ်ရွာမှတစ်ရွာသို့၎င်း ပြောင်းရွှေ့လှည့်လည်တော်မူကာ မိမိနှင့် သင့်လျော်လျောက်ပတ်သော မောနေယျအကျင့်ကို ကျင့်တော်မူသည်ရှိသော် မကြာမီပင် အရဟတ္တဖိုလ်သို့ ရောက်တော်မူလေ၏။
မောနေယျပုဂ္ဂိုလ် သုံးမျိုးနှင့် အရှင်နာလကမထေရ် ပရိနိဗ္ဗာန်စံဝင်ခြင်း
မောနေယျအကျင့်ကို ကျင့်သောပုဂ္ဂိုလ်တို့သည်
(၁) အထက်ဆုံး အမြတ်ဆုံး ကျင့်ကြံသော ဥက္ကဌ်ပုဂ္ဂိုလ်၊
(၂) အလယ်အလတ် ကျင့်ကြံသော မဇ္ဈုံပုဂ္ဂိုလ်၊
(၃) လျော့လျော့နည်းနည်း ကျင့်ကြံသော မုဒုံပုဂ္ဂိုလ်ဟူ၍ သုံးမျိုးရှိ၏။
ထိုသုံးမျိုးတို့တွင်
(၁) အထက်ဆုံး အမြတ်ဆုံး ကျင့်ကြံသော ဥက္ကဌ်ပုဂ္ဂိုလ်သည် (၇)လသာ အသက်ရှည်၏၊
(၂) အလယ်အလတ် ကျင့်ကြံသော မဇ္ဈုံပုဂ္ဂိုလ်သည် (၇)နှစ်သာ အသက် ရှည်၏၊
(၃) လျော့လျော့နည်းနည်း ကျင့်ကြံသော မုဒုံပုဂ္ဂိုလ်သည် (၁၆)နှစ်သာ အသက်ရှည်၏။
သက်တမ်းတစ်ရာကပ် ဘုရား၊ သက်တမ်း အလယ်အလတ်ဘုရား၊ သက်တမ်း တစ်သိန်းကပ်ဘုရားဟူ၍လည်း ဘုရားရှင်တို့၏ သက်တမ်းခေတ်ကာလနှင့်လည်း ဆိုင်ကောင်း ဆိုင်နိုင်ပါ၏။
ထိုမောနေယျပုဂ္ဂိုလ် သုံးမျိုးတို့တွင် ဤ အရှင်နာလကမထေရ်သည်ကား မောနေယျအကျင့်ကို အထက်ဆုံး အမြတ်ဆုံးပြု၍ ဖြည့်ကျင့်သော ဥက္ကဌ်ပုဂ္ဂိုလ်ဖြစ်သောကြောင့် (၇)လသာ အသက်ရှည် တည်တော်မူ၍ မိမိ၏ အာယုသင်္ခါရ (ဇီဝိတိနြေ သန္တာန်အစဉ်)ကုန်တော့မည်ကို စဉ်းစားဆင်ခြင် သိမြင်တော်မူသဖြင့် ကိုယ်ကို သန့်ရှင်းစင်ကြယ်အောင် ရေချိုးတော်မူလျက် သင်းပိုင်ကို အဝန်းညီစွာ ပြင်ဆင်သပ်ယပ် ဝတ်တော်မူပြီးလျှင် ခါးပန်းကြိုးကို ပန်းချည်တော်မူပြီးနောက် နှစ်ထပ်သင်္ကန်းကြီးနှင့် ကိုယ်ဝတ်ဧကသီကို ထပ်လျက် ရုံပြီးကာ ပထမဝါမှ ထတော်မူသော မြတ်စွာဘုရားသည် ဒေသစာရီ ကြွချီတော်မူလျက် သီတင်းသုံးတော်မူရာ ရာဇဂြိုဟ်ပြည်ဖက်သို့ မျက်နှာတူရူမူပြီးလျှင် ခြေ,လက်,နဖူး,တံတောင်,ဒူး ထိခြင်းငါးပါးဖြင့် ရှိခိုး၍ လက်အုပ်ကိုမြှောက်ချီကာ ဟိင်္ဂုလကမည်သော တောင်ကိုမှီ၍ ရပ်တော်မူလျက်သာလျှင် ပရိနိဗ္ဗာန် ဝင်စံချုပ်ငြိမ်း ဘဝဇာတ် သိမ်းတော်မူလေ၏။
ဓာတ်တော်များကို စေတီတည်ခြင်း
ထိုအခါ မြတ်စွာဘုရားသည် အရှင်နာလကမထေရ် ပရိနိဗ္ဗာန် စံဝင်ကြောင်းကို ကြည့်ရှု သိမြင်တော်မူသဖြင့် နောက်ပါရဟန်း သံဃာများနှင့်တကွ ထိုအရပ်သို့ ကြွသွားတော်မူပြီးလျှင် သင်္ဂြိုဟ်ဈာပနမှု ဘုရားကိုယ်တိုင် ဦးစီးပြုလျက် ဓာတ်တော်များကို ကောက်ယူစေပြီးလျှင် စေတီ တည်ထားစေတော်မူ၍ ရာဇဂြိုဟ်ပြည်သို့ပင် ပြန်ကြွတော်မူလေ၏။
မောနေယျအကျင့်ကို ဟောကြားတော်မူခြင်းအကြောင်းပြီး၏။
CANDAKUMARA
Comments